#အသည်းရောဂါ အခြေခံအကြောင်း သိကောင်းစရာ

Hepatitis ဆိုတာကို အသည်းရောင်အသားဝါရောဂါလို့ အသိများပါတယ်။ အသည်းရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ ယင်းစာလုံးက ဂရိစာလုံးများဖြစ်တဲ့ “Hepatos” (Liver) နှင့် “Zits”(inflammation)တို့မှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ အဖြစ်အများဆုံးက ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပါတယ်။ ကူးစက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားများပေါ် မူတည်ပြီး အသည်းရောင် အသားဝါရောဂါ A, B, C, D နှင့် E ဆိုပြီး ခေါ်ဆိုပါတယ်။

♠ အသည်းရောင်အသားဝါ A ရောဂါ

ဒီရောဂါဟာ ယေဘုယျအားဖြင့် HAV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ရောပြွမ်းနေတဲ့ အစားအစာ ဒါမှမဟုတ် သောက်သုံးရေကတစ်ဆင့် ကူးစက်ခြင်းဖြစ်ပါတယ်။ ယင်းဗိုင်းရပ်စ်ပိုးဟာ အသည်းရောဂါ A ရှိသူရဲ့ မစင်ထဲမှာ ပါဝင်ပါတယ်။ နောက်ထပ်ကူးစက်တဲ့ နည်းလမ်းတစ်ခုကတော့ စအိုနှင့်ပါးစပ် ထိတွေ့တဲ့ လိင်ဆက်ဆံမှု (Anal-oral Sex) က ဖြစ်ပါတယ်။ အသည်းရောဂါ A ကြောင့် အသည်းမှာ များသောအားဖြင့် ရောင်ရမ်းတတ်သော်လည်း ကူးစက်ခံရသူ လူနာမှာ ရေရှည် ထိခိုက်မှုမျိုးမရှိပါဘူး။ ဒါကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

♠ အသည်းရောင်အသားဝါ B ရောဂါ

လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တဲ့ ရောဂါတစ်ခု (Sexually Transmitted Disease-STD) လို့ များသောအားဖြင့် သတ်မှတ်ပါတယ်။ ရောဂါရှိသူတစ်ဦးရဲ့ သုက်၊ သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အခြားအရည် တစ်ခုခုနဲ့ ထိတွေ့ရာကနေ ကူးစက်ပါတယ်။ ဒီရောဂါဟာ HBV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောဂါဖြစ်ပါတယ်။ ဆေးကွင်းမင်ကြောင်ထိုးခြင်းနဲ့ ခန္ဓာကိုယ်ကို ထွင်းဖောက်လုပ်ကိုင်ရတဲ့ ကိစ္စရပ်တွေမှာ အသုံးပြုပြီး မသန့်သည့်အပ်များ သုံးစွဲရာမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူ သုံးစွဲထားတဲ့ သွားတိုက်သွားပွတ်တံ ဒါမှမဟုတ် မုတ်ဆိတ်ရိတ်ဓား စတဲ့ ပစ္စည်းများကို မျှဝေသုံးစွဲခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ B ရောဂါဟာ ပြင်းထန်တဲ့ ရောဂါဖြစ်နိုင်ပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။ အသည်းကင်ဆာဖြစ်စေတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို သုတ်သင်ဖယ်ရှားခြင်းမပြုနိုင်ရင် ဘဝတစ်သက်တာလုံး ရောဂါစွဲကပ်သွားနိုင်ပါတယ်။

 

♠ အသည်းရောင်အသားဝါ C ရောဂါ


အသည်းရောင်အသားဝါရောဂါ C ရှိသူတွေဟာ ပုံမှန်အားဖြင့် နာတာရှည်အသည်းရောဂါနဲ့ နပမ်းလုံးရတတ်ပါတယ်။ ဒီရောဂါက နောက်ဆုံးမှာ အသည်းကြွပ်ရောဂါ (Cirrhosis) အဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ ပြန့်ပွားပုံနည်းလမ်းကတော့ အသည်းရောင်အသားဝါ B ရောဂါအတိုင်းဖြစ်ပါတယ်။ ရောဂါရှိသူရဲ့ ခန္ဓာကိုယ်အရည်တစ်မျိုးမျိုးကနေပြီး ကူးစက်ခြင်းဖြစ်ပါတယ်။ အသည်းရောင်ပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

♠ အသည်းရောင်အသားဝါ D ရောဂါ


ဒီရောဂါဟာ အသည်းရောင်အသားဝါ B လိုပါပဲ။ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေနဲ့ HDV ဗိုင်းရပ်စ်ပိုးပါဝင်တဲ့ သွေးနဲ့့အတူ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုကနေ ရောဂါကူးစက်မှု ဖြစ်လာခြင်းဖြစ်ပါတယ်။ အသည်းရောင်အသားဝါ D က အသည်းရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

♠ အသည်းရောင်အသားဝါ E ရောဂါ


HEV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောဂါဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးပါတဲ့ ရေကို သောက်သုံးရာမှ ရောဂါကူးစက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဒီရောဂါကြောင့် အသည်းကို ရောင်စေနိုင်ပါတယ်။