ကျွန်တော်ဟာ အရေပြား အထူးကုဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု အထူးပြု ဆရာဝန်တစ်ယောက် (ဆေးရုံအုပ်တစ်ယောက်) သာ ဖြစ်ပါတယ်။ သို့သော် မြို့နယ်တစ်ခုရဲ့ ကျန်းမာရေးကိစ္စအဝဝကို စီမံဖြေရှင်းနေရ တဲ့ သူတစ်ဦးအနေဖြင့် လတ်တလော ကျွန်တော် တာဝန်ယူနေရတဲ့ မြို့နယ်ကလေးမှာ ပြည်သူ့ကျန်းမာရေးပြဿနာအသွင် ဖြစ်နေတဲ့ အနာကြီးရောဂါတိုက်ဖျက်ရေးကိစ္စရပ်များနှင့်ဆက်နွှယ်ပြီး ယခုစာကို ရေးရပါတယ်။

အလှအပဆိုတာ အရေပြား တစ်ထောက်ပါပဲလို့ သံဝေဂရဖွယ် ဆိုကြပေမဲ့ ကျွန်တော်က ပြောင်းပြန် တွေးမိတာကတော့ အရေပြား တစ်ထောက် အလှအပလေးဟာ ကျွန်တော်တို့ နေ့စဉ်ကျင်လည် နေရတဲ့ လူ့လောက ဘဝဆက်ဆံရေး၊ နေထိုင်သွားလာရေးမှာ အများကြီး အရေးပါလှတယ်ဆိုတာပါပဲ။ ညိုသည်၊ ဖြူသည်၊ မဲသည်၊ ဝါသည် မည်သို့ပင်ဖြစ်စေကာမူ အလှအပ ကိုယ်စီရှိကြပါတယ်။ ဒါတွေဟာ အရေပြားတစ်ထောက် လို့ ပြောနေကြပေမဲ့ ဘဝရဲ့အဓိက ကဏ္ဍဆိုတာ မေ့ထားလို့မရပါဘူး။

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ ဒုတိယအကြီးဆုံး အင်္ဂါလို့ ဆိုနိုင် ပါတယ်။ အကျယ်အဝန်းအားဖြင့် ၂၀ စတုရန်းပေဝန်းကျင်ရှိပါတယ်။ အထူအပါးကတော့ ယောကျာ်း မိန်းမ ခန္ဓာကိုယ်နေရာပေါ် မူတည် ပြီး ကွဲပြားပြန်ပါတယ်။ ဥပမာ-လက်ဖျံပေါ်က အရေပြားဟာ အမျိုးသားတစ်ဦးမှာ ၁.၃ မီလီ မီတာရှိပြီး အမျိုးသမီးတစ်ဦးမှာ ၁.၂၆ မီလီမီတာရှိပါတယ်။ တစ် ကုဗစတုရန်းလက်မရှိတဲ့ အရေပြား မှာ ချွေးအိတ်ပေါင်း ၆၅၀၊ သွေးကြောပေါင်း ၂၀ မယ်လန်နို ဆိုက်လို့ခေါ်တဲ့ အသားအရေ အရောင်ကိုဖြစ်စေတဲ့ ဓာတ်တွေက ၆၀ဝဝဝ ဝန်းကျင်နှင့် အာရုံကြော ထောက်ပံ့မှု ၁၀ဝ၀ လောက်ကို ရှိနေပါတယ်။ အက်ပီဒါးမစ်၊ ဒါးမစ်နှင့် ဟိုက်ပိုဒါးမစ်ဆိုတဲ့ အလွှာသုံးခုနှင့် အရေပြားကို တည်ဆောက်ထားပါတယ်။

အရေပြားရဲ့ လုပ်ငန်းဆောင်တာတွေက များပြားလှပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်ဓာတ်ဆုံးရှုံးမသွားရအောင် ပြင်ပက အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပေါင်းတွေဝင်မလာအောင် ကာကွယ် ပေးပါတယ်။ နေရောင်ခြည်နှင့် ဓာတ်ရောင်ခြည်များရဲ့ ဘေးဆိုး ရန်မှလည်း ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေကိုလည်း ချွေး ကနေတစ်ဆင့် စွန့်ထုတ်ပေးပါ တယ်။ လှပကျော့ရှင်းမှု ခန္ဓာကိုယ် ဆိုတဲ့ ရပ်တည်တောင့်တင်းမှုကို ဖြစ်စေပါတယ်။ အရေပြားပေါ်က Langerhans cell ဆိုတဲ့ ကလာပ်စည်း လေးတွေကနေတစ်ဆင့် ကိုယ်ခံ စွမ်းအားတုံ့ပြန်မှုစနစ်ကို ဆောင် ရွက်ပေးပါတယ်။ အထိအတွေ့ အပူအအေး စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေ အတွက် ထိမှုသိမှု အင်္ဂါတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တည်ဆောက်ရေးမှာ လိုအပ်တဲ့ နေရောင်ခြည်မှ တစ်ဆင့် vitamin D စုစည်းမှုမှာလည်း မရှိမဖြစ် ပါဝင်လုပ်ဆောင်ပေးပါတယ်။

ကျွန်တော်တို့ရဲ့ အလှအပ အတွက်ရော၊ အသက်ရှင်နေထိုင် နိုင်ရေးအတွက်ရော မရှိမဖြစ် လိုအပ်လှတဲ့ ဒီအရေပြားကို ထိန်း သိမ်းဖို့ကလည်း အထူးအရေးကြီး လှပါတယ်။ ပြင်းထန်လွန်းတဲ့ နေရောင်ခြည်တွေအောက်မှာ ကြာမြင့်စွာနေထိုင်ခြင်း၊ အလုပ်လုပ် ကိုင်ခြင်း စတာတွေဟာ အရေပြားကို ပျက်စီးစေပါတယ်။ အကယ်၍ မလွှဲမရှောင်သာ လုပ်ကိုင်သွားလာ ရမယ်ဆိုရင်တော့ SPF (Sun protection factor) ဆိုတဲ့ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့အဆင့် အနည်း ဆုံး ၁၅ ရှိတဲ့ လိမ်းဆေးကို လိမ်း သွားသင့်ပါတယ်။ လိမ်းဆေးကို နှစ်နာရီတစ်ခါလိမ်းရန်နှင့် ချွေးထွက် များရင်၊ ရေကူးမိရင် ထပ်မံလိမ်း ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဖြစ်နိုင် ရင်တော့ နေရောင်ခြည် အရမ်း ပြင်းထန်တယ်ဆိုရင် မနက် ၁၀ နာရီကနေ ညနေ ၄နာရီအထိ အရိပ်အောက် အမိုးအောက်မှာပဲ နေထိုင်သင့်ပါတယ်။ ပူပြင်းလှတဲ့ ရာသီနှင့် လိုက်ဖက်တဲ့ အဝတ် အစားတွေကို ဝတ်တတ်ဖို့ လိုပါ တယ်။ ချည်ထည်ခပ်ပွပွတွေ၊ ဦးထုပ် အရောင်ဖျော့ဖျော့လေးတွေ၊ ခရမ်း လွန်ရောင်ခြည်ကာကွယ်နိုင်တဲ့ ထီး တွေဟာ နေပြင်းပြင်းအောက်ကို ဖြတ်လျှောက်ရမဲ့သူတွေအတွက် မရှိမဖြစ်ပါပဲ။

ဆေးလိပ်သောက်ခြင်းဟာ အရေပြားကို အိုမင်းရင့်ရော်စေပြီး တွန့်လျော့စေပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆံချည် မျှင်သွေးကြောလေးတွေဟာ ဆေးလိပ်သောက်သုံးခြင်းကြောင့် အလွန်အမင်းကျဉ်းမြောင်း သွားပါတယ်။ သွေးလျှောက်မှု နည်းလာပါ တော့တယ်။ အရေပြားကို ဖြူဆွတ်ဆွတ်ဖြစ်စေပြီး အောက်စီဂျင်တွေ၊ အာဟာရတွေ မရောက်တော့ပါဘူး။ အရေပြားတောက်ပြောင် တောင့်တင်းမှုကို ဖြစ်စေတဲ့ ကိုလာဂျင်နှင့် အလက်စတင်တို့ကို ဆေးလိပ်သောက်ခြင်းက ပျက်စီးစေပါတယ်။ အရေပြားရဲ့ အဓိက ပါဝင်မှုဖြစ်တဲ့ Squamous cell လို့ ခေါ်တဲ့ ကလာပ်စည်းတွေကို ကင်ဆာ ရောဂါဖြစ်စေတာဟာလည်း ဆေးလိပ်ပါပဲ။ ဒါကြောင့် ဆေးလိပ် ကို ဖြတ်သင့်ပါတယ်။
နေ့စဉ် သန့်ရှင်းမှုတွေ အမွေးအမှင်ရိတ်ခြင်းတွေဟာ အရေပြား ကို ထိခိုက်တတ်ပါတယ်။ ညင်သာ စွာ လုပ်ကိုင်ဖို့ လိုအပ်လှပါတယ်။ ရေပူလွန်း၊ အေးလွန်းတာတွေနှင့် မချိုးသင့်ပါဘူး။ ရေနွေးနွေးနှင့်သာ ချိုးသင့်ပါတယ်။ ရေပူပူချိုးတာ၊ ကြာရှည်အချိန်ဆွဲ ရေချိုးတာတွေ ဟာလည်း အရေပြားပေါ်က ရှိသင့် တဲ့ အဆီတွေကို ဖယ်ရှားပစ်ရာ ရောက်ပါတယ်။ အလွန်ပြင်းထန်တဲ့ ဆပ်ပြာတွေကို ရှောင်ကြဉ်သင့် ပါတယ်။ အမွေးအမှင်တွေ ရိတ်ရာမှာလည်း ညင်သာစွာ သက်ဆိုင်ရာ ဆပ်ပြာခရင်မ်တွေ လိမ်းပြီးမှ ရိတ် သင့်ပါတယ်။

တုံးနေ သံချေးတက် နေတဲ့ အမွေးရိတ်ကိရိယာတွေကို စွန့်ပစ်ရပါမယ်။ ရေသုတ်တဲ့အခါမှာလည်း အတင်း ပွတ်တိုက်ပစ်တာမျိုးမလုပ်ဘဲ တို့ထိ ပုတ်သုတ်တာမျိုးကို ဆောင်ရွက် သင့်ပါတယ်။ ခြောက်သွေ့တဲ့ အရေပြားကိုပိုင်ဆိုင်ထား ရင်တော့ စွတ်ဆိုစေတဲ့ဆီ လိမ်းဆေးခရင်မ်တစ်မျိုးမျိုးကို မှန်မှန်အသုံးပြုသင့်ပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်မျှတတဲ့ အစာအာဟာရကို မှီဝဲတတ်ရန် လည်းလိုပါတယ်။ ဗီတာမင် A ဓာတ်ပါတဲ့ အသည်း၊ အသား၊ သွေး၊ ငါးတွေ၊ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်ရှိတဲ့ အသီးအနှံတွေ၊ ဗီတာမင် D ဖြစ်စေမဲ့ နွားနို့ နှင့် နို့ထွက်ပစ္စည်းတွေ၊ ဗီတာမင် C ဖြစ်စေမဲ့ လိမ္မော်သီး၊ သံပရာသီး ရှောက်သီး၊ ကျွဲကောသီး စတဲ့ အရည်ရွှမ်းတဲ့ အသီးအမျိုးမျိုး၊ ဗီတာမင် E ပါဝင်တဲ့ နေကြာစေ့၊ ဝါစေ့ပင်ပေါက် စတာတွေကို နေ့စဉ် မှီဝဲပေးရပါမယ်။ အဆီဓာတ်ကို လည်းရအောင်စားသုံးသင့်ပါတယ်။

စိတ်ဖိစီးမှု အလုပ်ပင်ပန်းခြင်း တွေဟာလည်း အရေပြားကို ပျက်စီး စေပါတယ်။ ဟော်မုန်းဓာတ်တွေ အပြောင်းအလဲဖြစ်တယ်၊ ဝက်ခြံ တွေထွက်လာတယ် စတဲ့ ဆိုးကျိုး တွေ တွေ့ကြုံလာရနိုင်ပါတယ်။ စိတ်ကိုဖြေလျော့ထားပြီး ကောင်းကောင်းအိပ်၊ ကောင်းကောင်းနား၊ ဖြစ်နိုင်တာတွေ၊ ဖြစ်ချင်တာတွေကို ဖြစ်သင့်တာနှင့် ချင့်ချိန်၊ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းသင့်ပါတယ်။ စိတ်ပျိုတော့ ကိုယ်နုဆိုတာအချည်းမဲ့ စကားတစ်ခွန်းမဟုတ်ပါဘူး။

အရေပြားကို ပြင်းထန်စွာ ပျက်စီးစေပြီး လူလုံးမလှ လူတော မတိုးနိုင်ရုံတင်မက သေဆုံးနိုင်တဲ့ အထိ ဖြစ်စေနိုင်တဲ့ ရောဂါကတော့ အနာကြီးရောဂါပါပဲ။ အနာကြီး ရောဂါဟာ မြန်မာပြည်မှာ ကင်းစင် သွားပြီလို့ ၂၀၁၂ ခုနှစ်ဝန်းကျင်က ကြေညာနိုင်ခဲ့ပါတယ်။ ကင်းစင် တယ်ဆိုတာ လူဦးရေတစ်သောင်း မှာ အနာကြီးရောဂါဖြစ်ပွားသူ တစ်ယောက်အောက်ကိုပဲ တွေ့ရှိ ရရင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ယခု ကျွန်တော်တာဝန်ကျတဲ့ မြို့နယ်မှာတော့ အနာကြီးရောဂါ ကင်းစင်တယ်လို့ ပြောလို့မရသေး ပါဘူး။ လက်ရှိလူဦးရေ တစ်သိန်း ရှစ်သောင်းကျော်မှာ ဆေးသောက် နေရဆဲ လူနာ ၃၆ ဦးရှိနေတော့ တစ်သောင်းမှာ နှစ်ယောက်နှုန်း လောက်ကို ရှိနေပါသေးတယ်။

အနာကြီးရောဂါဟာ ထိတွေ့မှုက ကူးနိုင်ပါသလား။ သင့်ရဲ့ အရေပြားသာ အကောင်းပကတိရှိမယ်ဆိုရင် မကူးနိုင်ဘူးလို့ အာမ ခံပါတယ်။ အနာကြီးရောဂါ အဓိက ကူးတာဟာအသက်ရှူလမ်းကြောင်း က ပါပဲ။ ရောဂါရှိတဲ့သူ ချေဆတ်လိုက်တဲ့၊ ပြင်းထန်စွာရှူထုတ်လိုက်တဲ့အခါ ပါလာတဲ့ အစက်ငွေ့တွေကို ရှူမိရာက အဓိကကူးပါတယ်။ အရေပြားက ခြောက်သွေ့ကွဲအက်နေတယ်ဆိုရင်၊ မသန့်ရှင်းဘူးဆိုရင်တော့ ကူးစက်နိုင်ခြေ ရှိပါတယ်။

အနာကြီးရောဂါဟာ ရင့်သွားရင် သေဆုံးနိုင်ပါတယ်။ ခန္ဓာကိုယ် မှာ ချို့ယွင်းမှုတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ကုသလို့ရတဲ့၊ ရောဂါကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါပဲ။ အကယ်၍ အနာကြီး ရောဂါဖြစ်ခဲ့ပြီဆိုရင် ကုသမှုကို အမြန်ဆုံးခံယူပါ။ ရှက်စရာရောဂါ မဟုတ်ပါဘူး။ မည်သူမဆို ကူးစက်ခံရရင် ဖြစ်နိုင်တဲ့ရောဂါပါ၊ နှိမ့်ချ ဖယ်ထုတ်ရမဲ့ ရောဂါမဟုတ်ပါဘူး၊ တွဲခေါ်ရပါမယ်။ ဝဋ်နာကံနာ မဟုတ်ဘူး၊ လိင်ပျော်ပါးလို့ ရလာတာလည်း မဟုတ်ဘူး၊ ဒါဟာ ကူးစက်ခံရတာပါ။ သင့်ဆီကနေ သူတစ်ပါးဆီ မကူးအောင်လည်း ဆင်ခြင်ပေးသင့်ပါတယ်။ ကျန်းမာ ရေးဝန်ထမ်းက သင့်ရဲ့ အနာကြီး ရောဂါအမျိုးအစားကို ခွဲခြားကုသ ပေးပါလိမ့်မယ်။ MDT လို့ခေါ်တဲ့ ဆေးပေါင်းကို ရောဂါအနေအထား အရ ခြောက်လ သို့မဟုတ် တစ်နှစ် သောက်သုံးလိုက်ရင် ဒီရောဂါဆိုး ကြီးဟာ မလွဲဧကန် ပျောက်ကင်း သွားပါလိမ့်မယ်။ ကျန်းမာရေးဌာန အသီးသီးမှာ အခမဲ့ တိုက်ကျွေးနေ ပါတယ်။ ကျွန်တော်တို့ အားလုံး (ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာ ရေးကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ) မှ စည်းစည်း ရုံးရုံး ညီညီညွတ်ညွတ်လုပ်ကိုင်သွား ကြမယ်၊ အစောလျင်ဆုံးဖော်ထုတ်၊ အမြန်ဆုံးကုသပေးသွားမယ်ဆိုရင် ကျွန်တော်တို့ ဝန်းကျင်ကနေ ဒီ ရောဂါဆိုးကြီးကို ကင်းစင်သွား အောင်၊ ပပျောက်သွားအောင် တိုက်ဖျက်နိုင်မယ်လို့ ယုံကြည်မိပါ တယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ် မျိုးဆက်ကို ဒီရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့ ဝန်ထုပ်ဝန်ပိုးတွေ မခံခဲ့ကြရအောင် ကြိုးစားကြပါစို့။

 

နန္ဒဝင်း (ဆေး-၁)