အသက် ၈နှစ်အရွယ်ကတည်းက “အမေဆိုတာတစ်ခါတုန်းက သမီးပါပဲ” ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့သူလေး။ ပညာရေးမှာလည်း ထူးချွန်လို့ ဆေးတက္ကသိုလ်ကိုတက်ရောက်ခွင့်ရခဲ့ပြီး ခုချိန်မှာတော့ MBBS ဘွဲ့ကိုပိုင်ဆိုင်ထားသူလေး။ ခုချိန်မှာလည်း သာယာပျော်ရွှင်စရာ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုကို ယခုတစ်ပတ်ရဲ့မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေး လိုက်ပါတယ်။
ပိုင်ဖြိုးသုဟာ ဆရာဝန်ဘွဲ့ကို ရရှိထားသူလေးဆိုတော့ ကျန်းမာရေး အသိပညာတွေလည်း ရှိနေသူတစ်ဦးပါ။ အခုအမျိုးသမီးတွေ အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်သင့်ပုံကို ပြောပြတာကို မျှဝေပေးလိုက်ပါတယ်။

အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုဖြစ်ရတဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းသွားရတဲ့ ဖြစ်ရပ်တွေကို ခုလိုပြောပြခဲ့ပါတယ်…
“မိန်းကလေးတွေအတွက် တချို့တချို့သော အရာတွေက ကိုယ့်ရဲ့ ယုံကြည်မှုကိုလျော့ပါးစေပါတယ်။
ဥပမာ-ကျောင်းစာတွေများလို့ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ အဆင်မပြေလို့ဘဲဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့၊ လုပ်ဖော်ကိုင်
ဖက်တွေနဲ့ဆက်ဆံရေး အဆင်မပြေလို့ဘဲဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်ပြီးကိုယ်မသိရှိလို့ အခက်အခဲဖြစ်နေရင်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့စေပါတယ်”… လို့ ပြောပြပါတယ်။

မိန်းကလေးတွေရင်ဆိုင်ရလေ့ရှိတဲ့ မိန်းမကိုယ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ပြောပြတာက…
“မိန်းကလေးတွေမှာ အပျိုဖော်ဝင်ချိန် ဒါမှမဟုတ်သွေးဆုံးချိန်မှာ သွေးသားပြောင်းလဲလာရင် စိတ်မကြည်မသာဖြစ်တာ၊ အလကားနေရင်း စိတ်တိုတာတွေ ဖြစ်တတ်တယ်။ ပြီးတော့ မိန်းမကိုယ်ဧရိယာကို သန့်ရှင်းရေးလုပ်တာအားနည်းရင် ဒါမှမဟုတ် သန့်ရှင်းရေးတော့လုပ်တယ်၊ နည်းစနစ်မှားနေရင် စိတ်မသက်မသာခံစားရတတ်ပါတယ်}}…လို့ ပြောပြခဲ့ပါတယ်။

မိန်းကလေးတွေ မိန်းမကိုယ်ဧရိယာ သန့်ရှင်းရေးလုပ်တဲ့နည်းစနစ် မှားနေတာတွေကိုတော့ အခုလို ပြောပြခဲ့ပါတယ် …
“မိန်းမကိုယ်ဧရိယာကို သန့်ရှင်းတဲ့အခါမှာ သာမန်နေ့တိုင်းသုံးတဲ့ ရေချိုးဆပ်ပြာနဲ့ ဆေးကြောတာပဲလုပ်လေ့ရှိပါတယ်။ ဒါဟာ လွဲမှားနေတဲ့ အလေ့အကျင့်ပါ။ ဒါကိုမှားလို့မှားနေမှန်းလည်း မသိကြဘူး။ သာမန်ရေချိုးဆပ်ပြာတွေကိုသုံးပြီး မိန်းမကိုယ်ဧရိယာကို သန့်ရှင်းမယ် ဆိုရင် မိန်းမကိုယ်ဧရိယာမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေကို သေစေနိုင်တယ်။ ယားယံတာတွေ၊ ရောဂါပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ ရေချိုးရင်ရေချိုးဆပ်ပြာသုံးတယ်။ ခေါင်းလျှော်ရင်ရှန်ပူသုံးမယ်။ အဲဒီလိုပဲ မိန်းမကိုယ်ဧရိယာ သန့်ရှင်းမယ်ဆိုရင်လည်း ကိုယ်နဲ့
သင့်တော်မဲ့ အမျိုးသမီးသန့်စင်သုံးဆေးရည်ကို သုံးသင့်ပါတယ်။ မိန်းမကိုယ်ဧရိယာကို ပုံမှန်သန့်ရှင်းပေးတာကလည်း ရောဂါကာကွယ်နည်းတစ်မျိုးပါပဲ” …လို့ ပြောပြခဲ့ပါတယ်။

မြန်မာမိန်းကလေးတွေ ဖြစ်တတ်တဲ့ အလေ့အထကိုတော့ …
“မြန်မာမိန်းကလေးတွေက ရှက်တတ်တော့ မိန်းမကိုယ်ဧရိယာ သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဖွင့်ပြောရမှာ ဆွေးနွေးရမှာကို ရှက်တယ်၊ ဒါ့ကြောင့်လည်း လွဲမှားနေတဲ့ အယူအဆတွေကို ကျင့်သုံးနေကြ တာပါ။ လူတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့လိုအပ်ပါတယ်။ မိန်းကလေးတွေအနေနဲ့တော့ ကိုယ်တိုင်က လှပတယ်၊ ကျန်းမာတယ်၊ သန့်ရှင်းတယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်ဆိုရင် အလုပ်တွေကို ပိုပြီးတော့ အားနဲ့အင်နဲ့ လုပ်နိုင်လာမယ်။ အောင်မြင်မှုတွေလည်း ရလာမယ်” … လို့
အကြံပြု ပြောကြားသွားခဲ့ပါတယ်။

မျိုးပွားအရွယ် အမျိုးသမီးများမှာ လစဉ်ပုံမှန်ရာသီသွေးဆင်းလေ့ ရှိပါတယ်။ အစဉ်အလာအရ မိခင်တွေ၊ အမေ၊ အဒေါ်စသူတွေက မိန်းမကိုယ်သန့်ရှင်းရေးနဲ့ ပတ်သက်တာတွေ လေ့ကျင့်သင်ကြားပေးခြင်း များ ပြုလုပ်လေ့ရှိကြပါတယ်။
ဒါ့အပြင် အမျိုးသမီးများရဲ့ သဘာဝမွေးလမ်းကြောင်းဟာ ရှိသင့်ရှိထိုက်သော အက်စစ်နှင့် အယ်ကာလီမျှခြေအတိုင်းရှိနေဖို့လိုပါတယ်။ ဒီမျှခြေပျက်သွားရင် ပြင်ပမှ ရောဂါပိုးများဝင်ရောက်နိုင်ပါတယ်။ အထူးသဖြင့် မှိုပိုးကဲ့သို့သော ရောဂါပိုးများဝင်ကာ အဖြူဆင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အခုခေတ်မှာတော့ ဆေးသိပ္ပံပညာရှင်များရဲ့ တီထွင်ဖန်တီးမှုကြောင့် အမျိုးသမီးသုံးသန့်ရှင်းရေး ဆေးရည်အပါအဝင် ပစ္စည်းအချို့ကို ထုတ်လုပ်လာကြပါပြီ။ စနစ်တကျသုံးစွဲဖို့ပဲ လိုပါတယ်။

Photo : Paing Phyoe Thu Facebook (Photo : Ko Nay Min Tun (Amazing Grace), Out flit : Armani Exchange)
Dress : Yone Yone,