အဆုတ်ရဲ့ သဘောသဘာဝက လေအဝင်အထွက်တိုင်းမှာ ဖိအားနဲ့ထုထည်အပြောင်းအလဲရှိနေတာပါ။ အဆုတ်ရဲ့ အပေါ်မှာ Pleura လို့ခေါ်တဲ့ အမြှေးပါးလေး နှစ်ထပ်ရှိတယ်။ အဲသည် နှစ်ထပ်ကြားထဲမှာ အရည်လေးနည်းနည်း ရှိတယ်။ အပြင်အမြှေးနဲ့အတွင်း အမြှေးပါးပွတ် တိုက်မှုမဖြစ်အောင် ချောဆီခံထားတဲ့ သဘောပေါ့။ အဆုတ်ထဲမှာ ရေဝင်တယ်ဆိုတာ အဲသည်အမြှေးပါးနှစ်ခုကြားထဲ ဝင်တာ။ အပ်နဲ့ဖောက်ထုတ်ရတယ်ဆိုတာလည်း အဲသည်အမြှေး နှစ်ခုကြားက ရေကို ဖောက်ထုတ်ရတာပါ။
အဆုတ်ကင်ဆာလို့ဆိုလိုက်ရင် ဆေးလိပ်သမားတွေမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ အဆုတ်လေပြွန်တွေထဲမှာဖြစ်တဲ့ အကျိတ်ကင်ဆာ တွေများပါတယ်။ အဆုတ်လေပြွန်ထဲမှာမဖြစ်ဘဲ အဆုတ်အသား (Parenchyma) တွေထဲဖြစ်တဲ့ အဆုတ်ကင်ဆာတွေလည်း ရှိတာပေါ့။ ခုနကအဆုတ်ဖုံးအမြှေးပါး (Pleura) မှာဖြစ်တဲ့ ကင်ဆာတွေကိုတော့ Lung cancer လို့ မခေါ်တော့ဘဲ Mesothelioma ခေါ်ကြတယ်။ သို့ပေမဲ့ သာမန်လူတွေကတော့ အဆုတ်ကင်ဆာလို့ အလွယ်တကူခေါ်ကြမှာပါပဲ။

အဆုတ်ကင်ဆာဟာ ဆေးလိပ်သောက်လို့ဖြစ်ရတယ်ဆိုကြပြီး Mesothelioma ကင်ဆာကတော့ asbestos လို့ခေါ်တဲ့ မီးခံကျောက် တွေနဲ့ ထိတွေ့မှုများလို့ ဖြစ်တာလို့ ကောက်ချက်ဆွဲထားကြတယ်။ Pleural mesothelioma သို့မဟုတ် အဆုတ်ဖုံးအမြှေးပါး ကင်ဆာ လူနာတွေရဲ့ သက်တမ်းဟာ ပျမ်းမျှတစ်နှစ်ခန့်သာဖြစ်ပါတယ်။ သာမန် အဆုတ်ကင်ဆာတွေထက်တောင် ပိုပြင်းထန်တယ်လို့ ဆိုနိုင်တယ်။

၂၀၁၈ခုနှစ် ကင်ဆာလူနာမှတ်ပုံတင်စာရင်းများအရ ကမ္ဘာပေါ်မှာ Mesothelioma ကင်ဆာလူနာသစ်သုံးသောင်းကျော်ရှိခဲ့ပြီး အဲသည်ထဲက နှစ်သောင်းခွဲလောက် ကွယ်လွန်သွားခဲ့ကြပါတယ်။ ခွဲစိတ်ကုသခြင်းဟာ Mesothelioma အတွက် ကုသနည်းတစ်ခုလို့ ဆိုပေမဲ့ အန္တရာယ်အလွန် များပါတယ်။ လူနာတိုင်းကိုလည်း ခွဲစိတ် ပေးဖို့မဖြစ်နိုင်ပါ။ လူနာရဲ့နောက်ခံအခြေအနေနဲ့ ကင်ဆာဖြစ်တဲ့ နေရာ၊ ကင်ဆာအဆင့်တို့အပေါ်မူတည်ပြီး ခွဲစိတ်ဖို့ စဉ်းစားကြတာ ဖြစ်လို့ပါ။

Ref : Pleural mesothelioma: talking a deadly cancer from Lancet Oncology

ဒေါက်တာမိုးဆွေ