တောင်တန်းတွေသာ မရှိခဲ့ လျှင် ကမ္ဘာ့မျက်နှာပြင်ဟာ ပြားပြားကြီးဖြစ်ပြီး ဘယ်လောက် ပျင်းရိငြီးငွေ့စရာ ကောင်းမှာပါလဲ။ တောင်တန်းတွေဟာ ကမ္ဘာ့မြေမျက်နှာပြင်တွေ တွန့်ခေါက်လှုပ်ရှားမှုကြောင့် ကောင်းကင်နဲ့ ပိုမို နီးကပ်တဲ့ မြေမျက်နှာပြင်တွေ ဖြစ်ပေါ်ခဲ့ရပြီး တောင်တန်းတွေဟာ ကမ္ဘာ့ မြေမျက်နှာပြင် စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံခန့် ရှိပါတယ်။ တောင်တန်းတွေဟာ မတူကွဲပြားတဲ့ ရာသီဥတု အနေအထားတွေ၊ လေတိုက်နှုန်း တွေရှိတာ ကြောင့် တောင်တန်းမှာသာ ရှင်သန်ပေါက်ပွားတဲ့ သီးခြား သတ္တဝါမျိုးစိတ် တွေရဲ့ စံပျော်ရာ ဂေဟစနစ်တစ်ခု ဖြစ်လို့နေပါတယ်။ တချို့တောင်တန်း တွေရဲ့ ထိပ်ဖျားမှာ ရေခဲနှင့် နှင်းတွေ ထာဝစဉ်ဖုံးလွှမ်းနေပြီး ဥပမာအား ဖြင့် ဟိမဝန္တာတောင်တန်းတွေဟာဆိုလျှင် ဝင်ရိုးစွန်းဒေသတွေကလွဲလျှင် အခြားမည်သည့်နေရာ ထက်မဆို ရေခဲများတဲ့ နေရာတွေ ဖြစ်ပါတယ်။
များစွာသော လူတွေဟာ ရေခဲတောင်ထိပ်တွေ အရည်ပျော်ရာမှ မြစ်ဖျား ခံစီးဆင်းလာတဲ့ မြစ်ချောင်းတွေကို အမှီပြုပြီး ရေအရင်းအမြစ် ရရှိခဲ့ကြ ပါတယ်။ ဒါပေမဲ့ ရေခဲတောင်တွေကတော့ စိုက်ပျိုးဖို့ ခက်ခဲခြင်း၊ ရာသီဥတု ပြင်းထန်ခြင်းကြောင့် ရှင်သန်နေထိုင်ဖို့ ခက်ခဲပါတယ်။ ကမ္ဘာရဲ့ အထိရှ လွယ်ဆုံး၊ အခက်ခဲဆုံး စားကျက်မြေပါပဲ။ ရေခဲတောင်မဟုတ်တဲ့ ရိုးရိုး တောင် တန်းကြီးတွေကတော့ သားရဲ တိရစ္ဆာန်ကျက်စားတဲ့ တောကြီးများ ဖြစ်ကြပါတယ်။ တောင်တန်းတွေ ပေါ်မှာ မြေပြင်အနေနဲ့ အသုံးပြုပြီး စိုက်ပျိုး ရေးလုပ်မယ်၊ နယ်မြေခုတ်ထစ် ချဲ့ထွင်မယ်ဆိုရင် သားရဲ တိရစ္ဆာန်တွေရဲ့ ဘဝကို ကြီးမားစွာ ထိခိုက်စေပါတယ်။ တောင်ဆိတ်တွေ၊ သမင်တွေ၊ မျောက် တွေနဲ့ ဝက်ဝံတွေဟာ စိုက်ခင်းတွေကို ဖျက်ဆီးတတ်ပြီး လူသားနဲ့ သားရဲ တိရစ္ဆာန်အကြား နယ်မြေလု ပဋိပက္ခဖြစ်စေပါတယ်။ သားရဲတိရစ္ဆာန်တွေ သေကြေပျက်စီးရပါတယ်။ လှေကားထစ်တောင်ယာလုပ်ခြင်းကြောင့် သစ် တောပြုန်းတီးခြင်း၊ မြေလွှာပြိုကျခြင်း၊ ရေတိုက်စားခြင်းတို့ ဖြစ်စေနိုင်ပါ တယ်။ တောင်တန်းတွေမှာ လူတွေပိုမိုနေထိုင်လေ သားရဲတိရစ္ဆာန်တွေရဲ့ ဘဝကို ခြိမ်းခြောက်နိုင်လေပါပဲ။ တောင်တန်းတွေဟာ ရာသီဥတုအတွက် အရေးပါသလို၊ မြေဆီလွှာနှင့် ရေအရင်းအမြစ်ကို ထိန်းသိမ်းပေးခြင်း၊ လူသားနှင့် တိရစ္ဆာန်တို့အတွက် စားနပ်ရိက္ခာနှင့် စားကျက်မြေ နေရာဖြစ် စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်နေထိုင်ခြင်း၊ တောင်တန်းတွင် သီးသန့် နေထိုင်သော တိရစ္ဆာန် မျိုးစိတ်တို့အတွက် ဂေဟစနစ်ဖြစ်ခြင်းတို့ကြောင့် အရေးပါသော မြေမျက်နှာပြင်အတွန့်အခေါက်များ ဖြစ်ပါတယ်။

ခိုင်မွန်ကျော်