သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်ပြီး သိထားသင့်တဲ့ အရေးကြီးသော သတင်းအချက်အလက်များမှာ……..

♈ သားအိမ်ခေါင်းကင်ဆာအများစုသည် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်သည်။ အိတ်ချ်ပီဗီပိုးအမျိုးအစား(၁၆)နှင့် (၁၈)ပိုးများသည် သားအိမ်ခေါင်းကင်ဆာအားလုံး၏ (၇၀)ရာခိုင်နှုန်းကို ဖြစ်စေသည် ။

♈အိတ်ချ်ပီဗီရောဂါပိုးရှိသူတစ်ဦးထံမှ လိင်မှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ပါသည်။

♈ အိတ်ချ်ပီဗီပိုးသည် ကူးစက်ခံရသောလူ အတော်များများတွင် ရောဂါလက္ခဏာမပြပါ။ ကင်ဆာရောဂါအဆင့်ရောက်မှသာ ရောဂါလက္ခဏာ ပြတတ်ပါသည်။

♈ ရောဂါပိုးဝင်စတင်ဝင်ရောက်ချိန်မှစ၍ ရှေ့ပြေးကင်ဆာ နှင့် သားအိမ်ခေါင်းကင်ဆာဖြစ်လာသော အချိန်ကာလမှာ ကြာမြင့်ပါသည်။ (၁၅) နှစ်မှ (၂၀ )နှစ်နှင့်အထက် ကြာတတ်ပါသည်။

♈ ခုခံအားနည်း/ကျဆင်းနေသော အမျိုးသမီးများတွင်တော့ ရောဂါပိုးစတင်ဝင်ရောက်ပြီး (၅) နှစ်မှ (၁၁)နှစ်အတွင်း ကင်ဆာဖြစ်နိုင်ပါသည်။

♈ ကာကွယ်ဆေးသည် အိတ်ချ်ပီဗီပိုးအမျိုးအစား(၁၆)နှင့် (၁၈)ပိုး ကူးစက်ခံရခြင်းမှ (၉၅)ရာခိုင်နှုန်း ကာကွယ်နိုင်ပါသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေသော အခြားအန္တရာယ်ရှိသော အိတ်ချ်ပီဗီပိုးအမျိုးအစားများကိုလည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်မှုပေးနိုင်ပါသည်။

♈အိတ်ချ်ပီဗီကာကွယ်ဆေးကို မိန်းကလေးငယ်များအား ဆောလျင်စွာ ထိုးနှံခြင်းဖြင့် အစောဆုံးကာကွယ်မှု ရရှိနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။

♈မြန်မာနိုင်ငံတွင် နိုင်ငံတော်မှ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို အခမဲ့ထိုးနှံပေးသွားတော့မှာဖြစ်ပါသည်။