လူသားတွေဟာ သမိုင်းတစ်လျှောက်မှာ လူလူချင်း မတူခွဲခြားမှု တွေ ပြုလုပ်လေ့ရှိပါတယ်။ ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားခြင်း၊ အသား အရောင် ခွဲခြားခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ လူတန်းစားခွဲခြားခြင်း စသဖြင့် ゞင်းတို့နှင့် မတူကွဲပြားသော လူတန်းစားတွေရှိတယ်ဆိုတဲ့ အမြင်ရှိခဲ့ကြပါတယ်။ လူသားတွေဟာ စစ်ပွဲတွေကို ဖန်တီးခြင်း၊ ကျွန် ပြုခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကျူးကျော်နယ်ချဲ့ခြင်း စတာတွေအားလုံးရဲ့တရားခံက “မတူကွဲပြားခြင်း” ဆိုတဲ့ မှားယွင်းတဲ့ အယူအဆအပေါ်အခြေခံပြီး ဖြစ်ပွားလာကြတာပါ။ မိမိတို့နဲ့ မတူကွဲ ပြားတဲ့သူတွေကို စည်းအပြင်က လူတွေ (Outsiders) အဖြစ် ယူဆပြီး အကြမ်းဖက်ရန်ပြုတာပါပဲ။ ဥပမာအားဖြင့် နာဇီတွေက ဂျူးတွေကို မျိုးတုံးသတ်ဖြတ်ခြင်း၊ အမေရိကန်တွေက အာဖရိက လူမည်းတွေကို ကျွန်ပြုခြင်း စတာတွေဖြစ်ပါတယ်။ ယခုအခါ အဲဒီလို ခွဲခြားဆက်ဆံ (Discriminate) လုပ်တဲ့ နယ်ပယ်စည်းဝိုင်းက ကျဉ်းမြောင်းသွားပါပြီ။ ကျား/မ ခွဲခြားခြင်း၊ လူမျိုး၊ ဘာသာ၊ စွမ်းဆောင်ရည်၊ အသက်၊ လိင်တိမ်းညွတ်မှု စတဲ့အချက်တွေအပေါ် ခွဲခြားဆက်ဆံခြင်း မပြုဘို့ ဥပဒေနဲ့ တားမြစ်ထားပြီး ဖြစ်ပါတယ်။


ကျွနု်ပ်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ယခုအချိန်မှာ လူသားတွေဟာ အခြားလူသားကို မုဒိမ်းကျင့်ခွင့်၊ ညှဉ်းပန်းနှိပ်စက်ခွင့်၊ ကျွန်ပြုခွင့်မရှိဘူး လို့ အတိအလင်း လက်ခံကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ လူသားအားလုံး ဟာ မတူကွဲပြားမှု မရှိ၊ အခြေခံအခွင့်အရေးနှင့် တန်ဖိုးချင်း အတူတူပင် ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို လက်ခံသဘောတူထားကြတာပဲ ဖြစ်ပါတယ်။

ကျင့်ဝတ်
လူသားတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ ဘာသာတိုင်းရဲ့ အဆုံးအမတွေမှာ ကြင်နာတတ်ဖို့၊ တရားမျှတဖို့ ပါရှိပါတယ်။ မာတင်လူသာကင်းက ဒီလိုပြောပါတယ်။ တစ်နေရာရာမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတစ်ခုဟာ နေရာတိုင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေပါတယ်။ ရက်စက်ကြမ်းကြုတ်မှုနဲ့ မတရားမှုတွေဟာ နယ်မြေစည်းမခြားဘဲ အခြား နယ်ပယ်တွေကိုပါ ကူးစက်ပျံ့နှံ့တတ်တဲ့ သဘောပါပဲ။ လူလူချင်း ခွဲခြားမှု၊ မတရားမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို လူ့အဖွဲ့အစည်းက ခွင့်မပြုပါဘူး ဆိုတဲ့ ရွှေရောင်ဥပဒေသ (Ethical Treatment) ကို သက်ရှိသတ္တဝါတိုင်း အပေါ် ဖြန့်ကျက်ဖို့ လိုပါလိမ့်မယ်။ ကျွနု်ပ်တို့ဟာ ကျွနု်ပ်တို့ရဲ့ ကလေးတွေ ကို မလှုပ်သာအောင် ကျဉ်းကျပ်တဲ့ လှောင်အိမ်ထဲမှာ ထားမလား၊ ကျွနု်ပ် တို့ရဲ့ ဘဝတွေကို အကြမ်းဖက်ပြီး ゞင်းတို့ရဲ့ သားသမီးတွေကို ခိုးယူမှာလား၊ ကျွနု်ပ်တို့ရဲ့ မိသားစုဝင်တွေကို နေမကောင်းရင် ဆေးမကုဘဲ ပစ်ထားမှာလား။ မလုပ်ပါဘူး။ အဲဒီလိုပဲ အခြားသော သက်ရှိသတ္တဝါတွေ အပေါ်မှာ တူညီစွာ စဉ်းစားပေးရပါမယ်။ ကိုယ်တွေက လူသား၊ သူတို့တွေ က တိရစ္ဆာန်မို့ မတူညီဘူးဆိုတဲ့ စည်းကို ဖျက်ဆီးပစ်ရပါမယ်။ မတူညီဘူး ဆိုတဲ့ ခွဲခြားဆက်ဆံမှုကြောင့် သမိုင်းတစ်လျှာက် ပြဿနာပေါင်းစုံ ဖြစ်ခဲ့ ကြတာ မဟုတ်ပါလား။


အဆိုပါ “လူသား” နဲ့ “တိရစ္ဆာန်” ဆိုတဲ့ ခွဲခြားမှုကြောင့်ပဲ သန်း ထောင်ချီတဲ့ သက်ရှိသတ္တဝါတွေ ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ်။ သက်ရှိသတ္တဝါတိုင်းဟာ ရှင်သန်လိုကြတယ်၊ နာကျင်တတ်၊ ဝမ်းနည်း ပူဆွေးတတ်၊ ခံစားတတ်ကြပါတယ်။

တိရစ္ဆာန်တွေဟာ လူသားတွေရဲ့ ပစ္စည်းမဟုတ်ပါ
တိရစ္ဆာန်တွေဟာ လူသားတွေအတွက် ဓာတ်ခွဲခန်း စမ်းသပ်ဖို့၊ စားဖို့၊ ဝတ်ဆင်ဖို့၊ ဖျော်ဖြေဖို့ သို့မဟုတ် အခြားတစ်နည်းနည်းနဲ့ တလွဲသုံးဖို့ လူသားပိုင်ပစ္စည်းတွေ မဟုတ်ကြပါဘူး။ လူသားတွေရဲ့ အတ္တနဲ့ လိုအပ်မှု ဆန္ဒတွေအတွက် ဒုက္ခဝေဒနာခံစားဖို့ အခွင့်အရေးမရှိပါဘူး။ ချိစ်ဘာဂါ တစ်လုံးအစား အသီးအရွက် ဘာဂါတစ်လုံး စားခြင်း၊ သားရေပိုက်ဆံအိတ် အစား ချည်ထည်ပိုက်ဆံအိတ်ကို အစားထိုးအသုံးပြုခြင်းဟာ လူသား တစ်ဦးအတွက် ဘယ်လောက်များ ထိခိုက်နစ်နာသွားစေမှာပါလဲ။ ကျွနု်ပ်တို့ လူသားတွေဟာ ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံခြင်းမပြုဖို့ သင်ကြား ခံခဲ့ရတယ်။ တိရစ္ဆာန်လေးတွေ သတ်ဖြတ်ခံရတာတွေ့ရင် သနားတယ်။ အသားစိမ်းတွေမြင်ရင် ရွံရှာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ သားမွေးတွေ၊ သားရေတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူအသုံး ပြုတယ်။ ပြင်ဆင်ချက်ပြုတ်ထားတဲ့ အသားတွေကို မြိန်ယှက်စွာ စားသုံး တယ်။

လူသားတွေဟာ ဇဝေဇဝါ ရှုပ်ထွေးတဲ့ ခံစားချက်တွေထဲမှာ နေသား ကျနေခဲ့ပြီ ထင်ပါတယ်။ ဒီအတ္တတွေကြောင့် တိရစ္ဆာန်ပေါင်းများစွာ မွေးမြူ ခြင်း၊ မွေးမြူရေးတိရစ္ဆာန်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့ ဖြစ်လာရတယ်ဆိုတဲ့ ဆက်စပ်မှုတွေကိုလည်း မသိမမြင်နိုင်ကြတော့ဘူး ထင်ပါတယ်။

ချားလ်စ်ဒါဝင်ရဲ့ အယူအဆ
ချားလ်စ်ဒါဝင်ရဲ့ သီအိုရီအရ လူသားတွေဟာ ဆင့်ကဲဆင့်ကဲ ပြောင်းလဲဖြစ်တည်လာခဲ့ပြီး အခြေခံအရ သက်ရှိအားလုံးဟာ တိရစ္ဆာန် တွေပဲ ဖြစ်ပါတယ်။ လူသားတွေလိုပဲ အခြားတိရစ္ဆာန် တော်တော် များများမှာ ရှုပ်ထွေးဆန်းကြယ်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေ၊ နှောင်ကြိုးတွေ၊ အခြားတစ်ယောက်အတွက် ငဲ့ညှာအနစ်နာခံပေး တာတွေ၊ တွေးတော ဆင်ခြင်တာတွေ၊ ပစ္စည်းကိရိယာ အသုံးပြု တတ်ခြင်း၊ ဘာသာစကားကို နားလည်ခြင်း၊ အချက်အလက်တွေကို မှတ်မိခြင်း၊ ချစ်ခင်တွယ်တာခြင်း စတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ကြပြီး တည်နေရာရှာခြင်း၊ တစ်ကောင်နဲ့ တစ်ကောင် ဆက်သွယ်ခြင်း၊ ရာသီဥတု အပြောင်းအလဲကို ကြိုသိခြင်း စတဲ့ အချို့သော စွမ်းရည်တွေမှာ လူ့ထက်သာတဲ့ အချက်တွေလည်း ရှိပါတယ်။ သေချာတာကတော့ လူတွေထင်သလောက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ အသိဉာဏ်က မနိမ့်ပါးဘူးဆိုတာပါပဲ။

လူသားတွေနဲ့ တိရစ္ဆာန်ဟာ တူညီတဲ့ Evolutionary Origins တွေကို မျှဝေပြောင်းလဲခဲ့ကြတယ်။ တူညီတဲ့ ဒီကမ္ဘာကြီးပေါ်မှာ မှီတွယ်ရှင်သန် ကြရတယ်။ သဘာဝတရားရဲ့ တူညီတဲ့ ဥပဒေသအောက်မှာ တည်ရှိကြ တယ်။ ဒါကြောင့် သက်ရှိအားလုံးဟာ အတူတူပါပဲ။ မည်သည့်အကြောင်း ပြချက်နဲ့မှ ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်ခွင့် မရှိပါဘူး။ လူသားတွေရဲ့ အတ္တတွေကို လျှော့ချပြီး ကြင်နာတတ်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဥတုပါ ပိုမိုကောင်းမွန်လာမှာ မလွဲပါဘူး။
Ref: PETA- Animals are not ours.

ခိုင်မွန်ကျော်