သဘာပတ်ဝန်းကျင်ဆိုသည်မှာ

ကျွနု်ပ်တို့ လူသားများသည် ကမ္ဘာမြေကြီးဟူသော ဂြိုဟ်ကြီးတစ်လုံးပေါ်၌ နေထိုင်ကြသူများ ဖြစ်ကြ၏။ လူသားများနေထိုင် လျက်ရှိသော နေရာပတ်ပတ်လည်တွင် ပတ်ဝန်းကျင်ရှိသည်။ သက်ရှိများရော၊ သက်မဲ့များရော ပတ်ဝန်းကျင်ထဲ၌ ရှိနေကြ၏။
သက်ရှိပတ်ဝန်းကျင်ထဲတွင် ပိုးမွှားများ၊ အပင်များ၊ တိရစ္ဆာန်များနှင့် လူသားများ ပါဝင်သည်။ သက်မဲ့ပတ်ဝန်းကျင်ထဲမှာ မြေကြီး၊ ရေထု၊ လေထုနှင့် လူတို့ပြုလုပ် ဖန်တီးထားသော အဆောက်အအုံ စသည်တို့ ရှိနေကြပေသည်။
လူသားများသည် မိမိ၏ပတ်ဝန်းကျင်တွင်ရှိနေသော သက်ရှိပတ်ဝန်းကျင်၊ သက်မဲ့ပတ်ဝန်းကျင်တို့နှင့် လိုက်လျောညီထွေစွာ ညှိနှိုင်းပြီးနေကြရခြင်းဖြစ်သည်။
လူတို့အတွက်နေထိုင်ရန် မြေ၊ အသက်ရှူရန် လေ၊ သောက်ရန် ရေ၊ စားရန်အစားအစာများကိုပေးနေသော သဘာဝ ပတ်ဝန်းကျင်တွင် လူတို့ရှင်သန်နေကြရခြင်းဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင်က လူသားတို့၏ အသက်ရှင်နေထိုင်မှုဘဝပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေ
လျက်ရှိပါသည်။

သဘာဝပတ်ဝန်းကျင်အမျိုးအစားများ

သဘာဝပတ်ဝန်းကျင်ဟူ၍ ခြုံငုံပြီး ခေါ်ဆိုထားသော်လည်းပတ်ဝန်းကျင် အမျိုးမျိုးရှိပြီး အဓိကကျသော ပတ်ဝန်းကျင် အမျိုးအစားမှာ ၅ မျိုးရှိသည်။ ၎င်းတို့မှာ-
(၁) မြေထုပတ်ဝန်းကျင်၊
(၂) ရေထုပတ်ဝန်းကျင်
(၃) လေထုပတ်ဝန်းကျင်
(၄) အသံပတ်ဝန်းကျင်
(၅) ရောင်ခြည်ပတ်ဝန်းကျင်
တို့ဖြစ်၏။

သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးလျှင် ဘာတွေဖြစ်လာမလဲ

သဘာဝပတ်ဝန်းကျင်သည် ကမ္ဘာဦးတည်စက အစပြု၍ နေရာဒေသအလိုက် အပူချိန်အမျိုးမျိုး၊ နေရောင်ခြည်ရရှိမှု အမျိုးမျိုး၊ ရေထု၊ လေထုများထဲတွင်လည်း ပါဝင်ဖွဲ့စည်းမှု အမျိုးမျိုးဖြင့်ရှိခဲ့ရာ လူသားတို့သည်လည်း ထိုသဘာဝ ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေအောင် ညှိနှိုင်းပြီး အသက်ရှင် နေထိုင်ခဲ့ကြတာဖြစ်သည်။
လူသားတို့သည် မိမိတို့အတွက် ဘေးကင်းစိတ်ချရရေးနှင့် လုံခြုံရေးအတွက်မည်ကဲ့သို့ နေထိုင်ရမလဲဆိုတာ ရှာဖွေခဲ့ကြရခြင်းဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်မှုအတွက် လူသားများနှင့် ကိုက်ညီသော ပတ်ဝန်းကျင်နှင့် နေထိုင်ခဲ့ကြ ခြင်းဖြစ်သည်။ နမူနာအားဖြင့် ကွဲပြားခြားနားသည့် အပူချိန် ရှိသည့်နေရာအမျိုးမျိုးမှာ ကွဲပြားခြားနားသော အဝတ်အစားများကို ဝတ်ဆင်ကြရ၏။ အေးလွန်းသည့်နေရာများတွင် အအေးဒဏ်ခံနိုင်အောင် ဝတ်ရသလို၊ ပူပြင်းသော ဒေသများ၌ အပူဒဏ်ခံနိုင်သော အဝတ်အစားများကို ဝတ်ရသည်။
အကယ်၍ မိမိနှင့်လိုက်လျောညီထွေပြီး နေသားတကျရှိနေသော သဘာဝပတ်ဝန်းကျင်သည် ထိခိုက်ပျက်စီးပြောင်းလဲသွားခဲ့လျှင် လူသားတို့အပေါ် အကျိုးသက်ရောက်မှုများ မုချဖြစ်ပေါ်မှာ ဖြစ်သည်။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ပုံမှန်အတိုင်း ထိန်းသိမ်းတည်ငြိမ်စွာ ရှိနေခြင်းက လူသားတို့ အသက်ရှင်နေထိုင်ရေးအတွက် အရေးပါသည်ဟု ဆိုနိုင်ပါသည်။
ပညာရှင်ကြီး အရစ္စတိုတယ်လ်က “သဘာဝကြီးက အားလုံးသော အရာရာကိုဖန်ဆင်းပြုလုပ်ပေးသမျှမှာ လူသားတို့သက်သက်အတွက်သာ ဖြစ်သည်” ဟုပင် ဆိုခဲ့ဖူးပါသည်။
တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင် မပြောင်းမလဲ မဖောက်မပြန် မပျက်မစီးရှိခြင်းက လူသားတို့ကောင်းစွာ အသက်ရှင်နေထိုင်နိုင်စေ ခြင်းပင်ဖြစ်ကြောင်း မှတ်ယူနိုင်သည်။
သို့သော် သမိုင်းခေတ်အဆက်ဆက် လူ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက် လာခြင်း၊ စက်မှုသိပ္ပံပညာထွန်းကား တိုးတက်ပြောင်းလဲလာခြင်း၊ လူတို့၏ ယဉ်ကျေးမှု နေထိုင်မှုဓလေ့ အကျင့်စရိုက် ပြောင်းလဲလာခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲမှုများ ဖြစ်ပေါ် စေခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်သွားမှုကြောင့် ကမ္ဘာဂြိုဟ်ကြီး၏ ရာသီဥတုပြောင်းလဲ (Climate Change) လာခဲ့သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ လေပြင်း တိုက်
ခတ်ခြင်း၊ သမုဒ္ဒရာရေစီးကြောင်းများ ပြောင်းလဲလာခြင်း စသည်တို့ ဖြစ်ပေါ်လာသည်။ ထိုအခါ လူသားများအတွက် အကျိုးဆက်များအဖြစ် သန့်ရှင်းသော သောက်ရေ လက်လှမ်းမီမှု လျော့ကျလာသည်။ အစာရေ
စာ ရှားပါးလာသည်။ အစွန်းရောက်သော ရာသီဥတု (ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည်)ကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်ပြီး ရောဂါဘယများ ဖြစ်ပွားခံစားကြ ရတော့သည်။
သဘာဝလေထုပျက်စီးထိခိုက်သွားပြီး လေထုအရည်အသွေး ညံ့ဖျင်းလာခြင်းကြောင့် အသက်ရှူခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာ များတွေ့ကြုံခံစားကြရမှာဖြစ်သည်။
ရေထုညစ်ညမ်းမှုကြောင့် သန့်ရှင်းသော သောက်ရေကို သောက်ခွင့်မရတော့သည့်အတွက် ရေမှတစ်ဆင့် ကူးစက်တတ်သော ကျန်းမာရေးပြဿနာ အမျိုးမျိုး ခံစားရမှာဖြစ်သည်။
နေရောင်ခြည်ရရှိမှု ပုံမှန်အတိုင်းမဟုတ်တော့ဘဲပြောင်းလဲသွားခြင်း ကြောင့် ဗီတာမင် D ချို့တဲ့ ခြင်းကြောင့် ဖြစ်လေ့ရှိသည့် ကျန်းမာရေးပြဿနာများ ခံစားရပြီး အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာသည်။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ခြင်း (Environmental Sustainability) နှင့် လူသားများကျန်းမာရေး ကောင်းခြင်း၊ နေထိုင်ကောင်းခြင်း (Human Wellbeing) ဆက်စပ်
လျက်ရှိသည်ဆိုသည့်အချက်မှာ သိသာထင်ရှားစွာ ပေါ်လွင်နေပါသည်။
၁၉၇၀ ပြည့်လွန်နှစ်များရောက်လာသည့်အခါ ကမ္ဘာ့သိပ္ပံပညာရှင် ၂၀ဝ၀ ကျော်က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။ ရာသီဥတုပြောင်းလဲခြင်း (Climate Change) ဟူသော ပြဿနာဆိုသည်မှာ အမှန်တကယ်ပင်ရှိနေပြီဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံ လာကြသည်။ လူသားနှင့်သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုကို ဒဿနိက ရှုထောင့်မှ စဉ်းစားလာခဲ့ကြသည်။ ရလဒ်ကား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး (Environmental Protection) ဟူသော
ခေါင်းစဉ် ပေါ်ထွက်လက်ခံလာကြခြင်းပင် ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး

သဘာဝပတ်ဝန်းကျင်တည်ငြိမ်မှုမရှိခြင်း (Environmental Instability) သည် ပြည်သူ့ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာ တော့မည်ကို နိမိတ်ပြနေခြင်းပင်ဖြစ်ကြောင်း သိရှိနားလည် သဘောပေါက်လာကြသည့်အတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးပြုလုပ်ကြရန် နှိုးဆော်တိုက်တွန်းမှုများ ပြုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ကမ္ဘာမြေကြီး၏ အရေးကြီးပုံကို သတိပြုမိ သိရှိစေလိုသောကြောင့် Earth Day ကမ္ဘာမြေကြီးနေ့ (နှစ်စဉ် ဧပြီလ ၂၂ ရက်နေ့) ဟူ၍ သတ်မှတ်
ခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟူ၍ နှစ်စဉ်ဇွန်လ
၅ ရက်နေ့ကို သတ်မှတ်ခဲ့ကြသည်။ ရည်ရွယ်ချက်က ကမ္ဘာပေါ်ရှိ လူသားတိုင်းသဘာဝ ပတ်ဝန်းကျင် ကို မပျက်စီးအောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြဖို့ တာဝန်ရှိကြောင်း နှစ်စဉ် အသိပေး နှိုးဆော်လိုခြင်းကြောင့် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကျင့်ဝတ်များ

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရမည့် အသိ စိတ်ဓာတ်များကို ကမ္ဘာပေါ်ရှိ လူသားတိုင်း သိရှိနားလည်ပြီး လိုက်နာကျင့်သုံးလာစေရန်အတွက် လူတို့အား ကျင့်ဝတ်နီတိတစ်ခု သဖွယ် လိုက်နာစေခြင်းက အမှန် ကန်ဆုံးနှင့် အကောင်းဆုံး ဆောင် ရွက်မှုတစ်ခုဖြစ်သည်။
လူမျိုး ဘာသာ နိုင်ငံမရွေး လူသားတိုင်း သမားရိုးကျ သိရှိ လိုက်နာလေ့ရှိသော ရိုးရာကျင့်ဝတ် (Traditional Ethics) မူဘောင် အပြင်ဘက်ကိုထွက်၍ ထပ်မံထည့် သွင်း ကျင့်ကြံလိုက်နာသင့်သော ကျင့်ဝတ်များဖြစ်သည်။
အကျင့်စာရိတ္တပိုင်းဆိုင်ရာ နီတိကျင့်ဝတ်မျှနှင့် မလုံလောက်ဘဲ လူတိုင်းမဖြစ်မနေ လိုက်နာ ကျင့်သုံးသင့်သော ကျင့်ဝတ်များ အဖြစ် ရောက်ရှိလာဖို့လိုပေသည်။

သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးကျင့်ဝတ်များစွာ ရှိရာ နမူနာအချို့ကိုဖော်ပြပေးလိုပါသည်။
ပထမဦးစွာ မြေထုညစ်ညမ်း မှုကာကွယ်ရေးအတွက် မြေဆီလွှာ ပျက်စီးစေသော စက်ရုံ၊ အလုပ်ရုံ၊ စွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်များကို စနစ်တကျ စွန့်ပစ်ရမည်ဖြစ်သည်။ ပလတ်စတစ်၊ ခဲ၊ သတ္တု၊ မီးခံ ကျောက်ပြားအမှုန့်ကဲ့သို့သောပစ္စည်းများ မြေကြီးပေါ်တွင် ဖြစ်သလို စွန့်ပစ်ခြင်း ရှောင်ကြဉ်ရမည်။ လယ်ယာစိုက်ပျိုးရေး၌ ပေါင်းသတ် ဆေး၊ ပိုးသတ်ဆေးများ အလွန် အကျွံ အသုံးပြုခြင်း ရှောင်ကြဉ်ရ မည်စသဖြင့်ရှိသည်။ သာမန်ပြည်သူ တစ်ယောက်အနေဖြင့်ပလတ်စတစ် ပစ္စည်းများ၊ ြွကပ်ြွကပ်အိတ်ကဲ့သို့ ပစ္စည်းများသုံးစွဲမှုအား လျှော့ခြင်း၊ ရှောင်ကြဉ်ခြင်း ပြုလုပ်နိုင်သည်။
လေထုညစ်ညမ်းမှုမဖြစ်စေ ရေးအတွက် လောင်စာရုပ်ြွကင်း များ အလွန်အကျွံအသုံးပြုခြင်း၊ စက်ရုံနှင့် စက်တပ်ယာဉ်များမှ ကာဗွန်ထုတ်လွှတ်မှုနည်းစေရန် ဆောင်ရွက်ခြင်း၊ နမူနာအားဖြင့် ဒီဇယ်အင်ဂျင်သုံး ပို့ဆောင်ရေး ယာဉ်များ သုံးစွဲမှုလျှော့ခြင်း စသ ဖြင့်ရှိပါသည်။
ရေထုညစ်ညမ်းမှု မဖြစ်စေရန် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ မြို့ပြရှိ ရေစီးမြောင်းများ စသည်တို့ကို စနစ် တကျ စွန့်ပစ်ခြင်း၊ ပင်လယ်ထဲ တွင် အမှိုက်အညစ်အကြေးများ၊ ရေဆိုးများ၊ ပလတ်စတစ်များ စသည်တို့ကို စွန့်ပစ်မှု ရှောင်ကြဉ် ခြင်း ပြုလုပ်ရပါမည်။
ထို့ပြင် ရေကောင်း ရေသန့်များ ချွေတာသုံးစွဲခြင်း၊ ရေကို မဖြုန်းတီးခြင်း စသည့် ကျင့်ဝတ်များကိုလည်းလိုက်နာသင့်ပါသည်။
ပလတ်စတစ်ဖြင့် ပြုလုပ်ထားသောပစ္စည်းများ နမူနာအားဖြင့် ရေဘူး၊ ထမင်းဘူး စသည်တို့ကို မသုံးစွဲခြင်း၊ သစ်ပင်၊ သစ်တောများ ပြုန်းတီးလျော့နည်းခြင်းက ရာသီ ဥတု ထိခိုက်စေနိုင်၍ သစ်တောများ ခုတ်လှဲသုံးစွဲမှု လျှော့ချခြင်း၊ သစ်ပင်မှ ထုတ်လုပ်ရသည် ဖြစ်၍ စက္ကူသုံးစွဲမှုလျှော့ခြင်း စသည်တို့ကို လိုက်နာသင့်သည်။

နိဂုံးလက်ဆောင်

တကယ်တမ်းဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် ရေးဆိုင်ရာကျင့်ဝတ်တွေ အများကြီး ရှိပါသည်။ ကျယ်ပြန့်စွာတွေးတော စဉ်းစားကြည့်လျှင် လိုက်နာစရာ ကျင့်ဝတ်တွေ မြောက်မြားစွာ သိရှိ ထွက်ပေါ်လာနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင် ကာ ကွယ်ထိန်းသိမ်းရေးတွင် အဓိက ကျသော အချက် ၅ ခုကို ျွ ၅ လုံးဖြင့် ဖော်ပြပေးလိုပါသည်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ် သလို အသုံးချနိုင်ကြောင်း ဖော်ပြ ရင်း နိဂုံးချုပ်လိုက်ပါသည်။
(၁) R = Reuse တစ်ဖန်ပြန်လည် အသုံးပြုပါ။
(၂) R = Recycle တစ်ဖန် ပြန်လည် ပြုလုပ်ပြီး အသုံးပြုပါ။
(၃) R = Reduce လျှော့သုံးပါ။
(၄) R = Reject အသုံးပြုရန် ငြင်းဆန်ပါ။
(၅) R = Return ပြန်ပေးလိုက်ပါ။

ဒေါက်ထွေး (ဆေး/မန်း)