#ရာသီလာချိန် နာကျင်ကိုက်ခဲခြင်းဆိုတာဘာလဲ

ဒီကမ္ဘာလောကမှာရှိတဲ့ အမျိုးသမီးတွေမှာ သူတို့ရဲ့ရာသီလာချိန်နာကျင်ကိုက်ခဲမှုဝေဒနာကို မခံစားရသူမရှိဘူးလို့ ဆိုရမလောက်ပဲဖြစ်ပါတယ်။ လေ့လာချက်တွေအရ အမျိုးသမီးငယ် ၇၀ ရာခိုင်နှုန်းဟာ ရာသီလာချိန်ကိုက်ခဲမှုကြောင့် အကိုက်အခဲပျောက်ဆေးတွေကို မှီဝဲနေကြရပြီး အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ ရာသီလာချိန်ကိုက်ခဲမှုဝေဒနာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာဘဝကိုပင် ဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်လို့ ဆိုပါတယ်။

#ဒီဝေဒနာဟာ ပုံမှန်လား၊ ရောဂါတစ်ခုလား

ဒီဝေဒနာဟာ အဖြစ်အလွန်များတဲ့အတွက်ရောဂါတစ်ခုလို့ ဆိုနိုင်ပါသလား၊ တကယ်လို့ ဒီဝေဒနာဟာ ရောဂါမဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ပြဿနာတစ်ခုဖြစ်ခဲ့ရင် ဘာကြောင့် တချို့မိန်းမတွေမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်ရလောက်အောင် ဖြစ်တတ်တာလဲ စတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ အမှန်တော့ ရာသီလာချိန်ကိုက်ခဲတတ်တဲ့ ကိုက်ခဲနာကျင်တတ်ခြင်းဟာ အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်(ပုံမှန်)ပဲ ဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရာသီလာချိန် ခံစားရတတ်တဲ့ သရိုးသရီကိုက်ခဲမှုတွေကို ခံနိုင်ရည် ရှိနေတတ်ကြပါတယ်။

#ရာသီလာချိန်နာကျင်ကိုက်ခဲတာ ဘာကြောင့်လဲ

ရာသီလာချိန် နာကျင်ကိုက်ခဲရခြင်းမှာ သားအိမ်ညှစ်မှုကြောင့် ဖြစ်ပါတယ်။ (ကလေးမွေးခါနီး သားအိမ်ညှစ်လို့ ခံစားရတဲ့ ဝေဒနာလိုပဲဖြစ်တယ်။ သို့သော် ကလေးမွေးခါနီးလောက် သားအိမ်ညှစ်အားမပြင်းထန်လို့ ထိုလောက် မနာကျင်တတ်ပါ) ရာသီလာချိန်မှာ သားအိမ်ကြွက်သားတွေရဲ့ ပိုပြင်းထန်လာတဲ့ ညှစ်အားကြောင့် သားအိမ်ကို ထောက်ပံ့ပေးနေတဲ့ သွေးကြောငယ်တွေကို ပိတ်သွားစေသလိုဖြစ်ပြီး သားအိမ်တစ်သျှူးတွေဆီ သွေးအရောက်နည်းမှုကြောင့် အောက်စီဂျင်နှင့် ဓာတုပစ္စည်းတချို့ ပြတ်လပ်ကာ နာကျင်မှုဝေဒနာဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က တစ်ပြိုင်တည်းလိုလို ပလော့(စ်)တင်ဂလဒင် (Prostagladin) ခေါ်  ဓာတ်တစ်မျိုးထုတ်လုပ်ထွက်ရှိစေပါတယ်။ အဆိုပါဓာတ်ပစ္စည်းတွေဟာ သားအိမ်ကြွက်သားတွေကို ညှစ်အားပိုမိုပြင်းထန်စေတာကြောင့် နာကျင်မှုဝေဒနာပိုဆိုးလာရခြင်းဖြစ်ပါတယ်။ သားအိမ်ကြွက်သားတွေဟာ ရာသီလာချိန် ဘာကြောင့်ညှစ်အား ပိုပြင်းထန်ရတာလဲဆိုရင် သားအိမ်ရဲ့ မျိုးဆက်ပွားတာဝန်ထမ်းဆောင်ရန်၊ အားအင်အာဟာရပြည့်အပေါ်ယံအလွှာသစ် ထပ်မံဖြစ်လာစေရန် အသုံးမဝင်တော့တဲ့ သားအိမ်အပေါ်ယံဆုံးအလွှာအား ဖယ်ရှားကြွေကျစေဖို့ ညှစ်ထုတ်ဖယ်ရှားခြင်းကြောင့် ဖြစ်ပါတယ်။

 # ရာသီလာချိန်ကိုက်ခဲခြင်းဟာ  ဘယ်အချိန်မှာ ပုံမှန်မဖြစ်တော့သလဲ

ရာသီလာချိန် မခံမရပ်နိုင်အောင် ကိုက်ခဲခြင်းဟာ (အလုပ်အကိုင်ပျက်လောက်အောင်) သာမန်အခြေအနေတစ်ရပ် မဟုတ်တော့ပါ။ ဒါကြောင့် သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ကုသရတော့မှာ ဖြစ်ပါတယ်။ တချို့ဟာ ကုသပျောက်ကင်းနိုင်တဲ့ အခြေအနေတွေကြောင့် ဖြစ်တတ် (ဥပမာ-စိတ်ဖိစီးမှု၊ စိုးရိမ်လွန်ကဲမှု) သော်လည်း တချို့မှာ အခြားသော ရောဂါတွေဖြစ်တဲ့ Endometriosis တို့လို၊ သားအိမ်အသားလုံး (Fibroids) တို့လို ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

#ဘယ်လိုကုသမလဲ

သာမန်ရိုးရိုးရှင်းရှင်းလေးပဲ ကုသနိုင်ပါတယ်။

(၁) ကာယလေ့ကျင့်ခန်းလုပ်ခြင်း

ဥပမာ-ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း

(၂) အကိုက်အခဲပျောက်ဆေးမှီဝဲခြင်း

အိုင်ဗျူပရိုဖန်နှင့် အက်(စ်)ပရင်လို ရိုးရိုးအကိုက်အခဲပျောက်ဆေးတွေမှာ ပလော့(စ်)တင်ဂလဒင်ဆန့်ကျင်ပစ္စည်းများ ပါရှိတာကြောင့် ရာသီလာစဉ် ကိုက်ခဲမှု မခံမရပ်နိုင် မဖြစ်မီကတည်းက မှီဝဲ သုံးစွဲသင့်ပါတယ်။

(၃) ဖြည့်စွက်ကုထုံး

ဥပမာ-သဘာဝဆေးမြစ်၊ ဆေးဥများ သုံးစွဲခြင်း၊ တရားထိုင်ခြင်း

(၄) TENS (Transcutaneous Electronic Nerve Stimulation) ကုထုံး

ဒီကုထုံးကို ဥရောပ စကင်ဒီနေးဗီးယားနိုင်ငံတွေမှာ လွန်စွာ အသုံးပြုကြပါတယ်။ သေးငယ်တဲ့ လျှပ်စစ်ဓာတ်ခေါင်းလေးတွေကို ဗိုက်အရေပြားပေါ်မှာတင်ပြီး လျှပ်စစ်စီးစေခြင်းဖြင့် ဆီးခုံရှိ အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး အနာသက်သာစေသော ကုထုံးနည်းစနစ် ဖြစ်ပါတယ်။

 #အကြံပြုချက်

ရာသီလာစဉ်ကိုက်ခဲခြင်းဟာ အထူးသဖြင့် အမျိုးသမီးငယ်တွေအတွက် ရောဂါတစ်ခုမဟုတ်ပါဘူး။ အကောင်းဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းများနဲ့ နာကျင်ကိုက်ခဲမှုကို သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ နာကျင်ကိုက်ခဲမှုဟာ မခံမရပ်နိုင်ဖြစ်လာပြီဆိုရင် သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်ထံ ပြသမှုခံယူသင့်ပါတယ်။ ဒီဝေဒနာဟာ သာမန်ဖြစ်တတ်တဲ့ ဝေဒနာဖြစ်တဲ့အပြင် တချို့သောရာဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အသိကို အစဉ်သတိထား ဂရုပြုရမှာဖြစ်ပါတယ်။

#kantharyar international specialist hospital
#https://m.facebook.com/ktyhospital/
#healthdigestjournal