ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ က ကမ္ဘာပေါ်ရှိ လူသားများအား အဖက်ဖက်မှ ရိုက်ခတ်ရာ မှာ အရေးပေးအလေးထားခံရမှု အားနည်းနေသေးသော မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်မှုကိစ္စ အခွင့်အရေးကဏ္ဍအပေါ်မှာလည်း ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။

မိခင်နှင့်ကလေး သေဆုံးမှုများနေသေးသောနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ မျိုးဆက်ပွားကျန်းမာရေးပြုစုစောင့်ရှောက်မှု အားနည်းသော နိုင်ငံများစာရင်းထဲမှာ ပါဝင်နေပါ တယ်။ ကိုယ်ဝန်ဆောင်သေဆုံးရသည့် အကြောင်းရင်းတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ဦး မီးမဖွားမီ ပြုစုစောင့်ရှောက်ပေးမှုမရှိခြင်း၊ ဘေးကင်းစိတ်ချရသည့် မီးဖွားမှုမရရှိခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်း စတဲ့ အချက်များက အဓိကပါဝင်ပါတယ်။ ၂၀၁၇ ခုနှစ် စာရင်းများအရ ကိုယ်ဝန်ဆောင်မိခင် တစ်သိန်းရှိလျှင် ကိုယ်ဝန်နှင့် နှီးနွှယ်သော နောက်ဆက်တွဲကျန်းမာရေး ပြဿနာများကြောင့် သေဆုံးရသူ ၂၈၂ ဦးရှိပါတယ်။ အဲဒီထဲကမှ တစ်ဖန် ၁၀ ရာခိုင်နှုန်း လောက်က တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် သေဆုံးကြရတာ ဖြစ်ပါတယ်။ မြန်မာပြည်သူ့ကျန်းမာရေးပညာရှင် ဆရာဝန်တစ်ဦးရဲ့ အဆိုအရဆိုလျှင် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးမှုက ကိုယ်ဝန်ပျက်ကျမှုအားလုံးရဲ့ သုံးပုံတစ်ပုံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တကယ်တော့ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းမပြုလုပ်အောင် ကြိုတင်တားဆီး နိုင်ပါတယ်။ သားဆက်ခြားခြင်းဟု ခေါ်သော ကိုယ်ဝန်မရအောင် လုပ်ဆောင်နိုင်သော နည်းလမ်း အမျိုးမျိုးကို မသိရှိကြခြင်း၊ ၄င်းနည်းများကို လက်လှမ်းမမှီကြခြင်းတို့ကြောင့်ဖြစ်ပါ တယ်။ သန္ဓေတားဆေးကတ်ကဲ့သို့ ဈေးသက်သာသော ဆေးမျိုးကိုပင် မတတ်နိုင်လောက်အောင် ဆင်းရဲမွဲတေခြင်း၊ လက်လှမ်းမမှီခြင်းများ ရှိနေပါတယ်။
HIV/AIDS ကဲ့သို့သော ရောဂါအပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများခံစားနေကြရပြီး သန္ဓေတားတဲ့နည်းလမ်းတွေရှိကြောင်းဟူသည့် ဗဟုသုတအသိ ပညာ မရှိကြ၊ ကုသမှု လက်လှမ်းမမှီနိုင်ကြသူတွေလည်း ရှိနေပါတယ်။
ဒါကြောင့်လည်း အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ပေးမှု ကောင်းစွာနှင့် လုံလောက်စွာ မရရှိကြသေးခြင်း၊ ဒေသတွင်းရှိ အမျိုးသမီး သန်း (၃၀) ကျော်တို့ဟာ ဘေးကင်းကျန်းမာစွာ မီးဖွားနိုင်ရေးအတွက် အထောက်အကူပြုမှုများ မရရှိခြင်း၊ အမျိုးသမီး ၄၅ သန်းကျော်ဟာ မမွေးဖွားမီ ကိုယ်ဝန်ပြုစုစောင့်ရှောက်မှု လုံးဝမရရှိခြင်း သို့မဟုတ် လုံလောက်စွာ မရရှိခြင်း၊ အမျိုးသမီး ၂သန်းကျော်တို့ဟာ ကိုယ်ဝန် မလိုချင်သော် လည်း ခေတ်မှီသန္ဓေတားပေးမှုများလည်း မရနိုင်ခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း၊ အန္တရာယ်ပေးနိုင်သော ကိုယ်ဝန်ပျက်ကျမှုများစွာရှိနေခြင်း၊ အမျိုးသမီးနှင့် အမျိုးသား များစွာတို့သည် ကုသပျောက်ကင်းနိုင်သော လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ လေးမျိုးအနက်မှ တစ်ခုကို ကုသမှုမရရှိခြင်း စသည်တို့မှာ အာရှပစိဖိတ်ဒေသအတွင်းရှိနှင့် နေပြီးဖြစ်သော ပြဿနာများဖြစ်ကြောင်း စသည်ဖြင့် ပါမောက္ခ ကယ်ရိုလင်းဟိုးမားက ဆယ်ကြိမ်မြောက်ကျင်းပခြင်းဖြစ်သော အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်မှု ကိစ္စအခွင့်အရေးဆိုင်ရာ ညီလာခံ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူမကပင် ဆက်လက်၍ အမျိုးသမီး ၃ဦးလျှင် တစ်ဦးသည် ၄င်းတို့၏ လိင်ဆက်ဆံအဖော် ခင်ပွန်း၏ အကြမ်းဖက်မှု သို့မဟုတ် လိင်ဆက်ဆံအဖော်မဟုတ်သော သူ၏ အကြမ်းဖက်မှုကိုလည်း ခံစားနေကြရကြောင်း၊ အကြမ်းဖက်ခံရသည့်နှုန်းမှာ မြင့်မားသောနှုန်းတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အာရှပစိဖိတ်ဒေသအတွင်း အသက် ၁၀ နှစ်မှ ၂၄ နှစ်အကြား လူငယ်အရေအတွက် ၁ဘီလီယံနီးပါးရှိရာ ဒေသတွင်းလူဦးရေ၏ ၂၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၄င်းတို့တွင် HIV ရောဂါ၊ မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်း၊ အသက်မပြည့်သေးဘဲ လက်ထပ်ရခြင်း စသည့် အကြောင်း အရာများနှင့် ပတ်သက်၍ အသိဗဟုသုတ လုံလောက်စွာမရရှိကြောင်း၊ ထို့အပြင် LGBTIQ ခေါ် (Lesbian အမျိုးသမီးအချင်းချင်း လိင်တူဆက်ဆံသူ၊ GAY မိန်းမလျာ(အမျိုးသားချင်းလိင်တူ ဆက်ဆံသူ)၊ Bisexual လိင်တူလိင်ကွဲ ၂မျိုးလုံး ဆက်ဆံသူ၊ Transgender လိင်ပြောင်းလဲ ခွဲစိတ်ထားသူ၊ Intersex သို့မဟုတ် Questioning မွေးကတည်းက ယောကျာ်းမိန်းမ မကွဲပြားသူ) ထိုသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ဝိုင်းပယ်ခြင်း၊ အမည်းစက်ထင်ခြင်းများလည်း ရှိနေသေးကြောင်း ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ထိုကဲ့သို့သော ပုဂ္ဂိုလ်များအား ဆန့်ကျင်ဝိုင်းပယ်မှုက သိသိသာသာကို ရှိနေသေးပြီး မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းမှ လက်ခံလာစေဖို့ များစွာ ကြိုးစားရဦးမယ့် အခြေအနေဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုများ ရရှိရေးကလည်း အတားအဆီးများရှိနေပါတယ်။ ထိုဝန်ဆောင်မှုများကို လက်လှမ်းမမှီခြင်း၊ မရနိုင်သေးခြင်း၊ ရနိုင်စွမ်းရှိအောင် မတတ်နိုင်သေးခြင်း၊ လက်ခံနိုင်စွမ်းမရှိသေးခြင်း စတဲ့အခက်အခဲများစွာရှိနေပါတယ်။ ဒီအခက်အခဲတွေကြောင့် တန်းတူညီမျှမရှိခြင်း၊ သာတူညီမျှ မရှိခြင်းများ ဖြစ်စေပါတယ်။ တချို့နိုင်ငံများမှာဆိုရင် အမျိုးသမီးများအား တန်ဖိုးမထားကြဘဲ၊ ဦးဆောင်မှုပြုလုပ်ခြင်းကိုတောင် မလိုလားကြပါဘူး။ ပို၍ဆိုးတာက ယခုကဲ့သို့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့ပွားနေချိန်မှာ အကြမ်းဖက်မှုတွေ ပိုမိုများပြားလာခြင်းပဲ ဖြစ်ပါတယ်။ ပါမောက္ခ ကယ်ရိုလင်းက သူမ၏ နိုင်ငံ (သြစတြေးလျ) တွင် ကပ်ရောဂါဖြစ်နေတဲ့ ၂၇ ပတ်အတွင်း အမျိုးသမီး ၂၇ ဦးအား သူတို့ရဲ့ ခင်ပွန်းယောကျာ်း သို့မဟုတ် ပထမအိမ်ထောင် နှင့် ၄င်းမိသားစုဝင်တစ်ဦးဦးတို့ရဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါသည် မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်မှုအခွင့်အရေးဆိုင်ရာ ပြဿနာများထက်ပင် အခြားသော အခက်အခဲများကို ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတီးဒရို့စ်ကလည်း မကြာသေးမီက ပြောကြားခဲ့ရာမှာ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ ယခုကာလတွင် ကျန်းမာရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဟန်ချက်ညီစွာ လုပ်ဆောင်ပေးရမှာကတော့ စီးပွားရေးနှင့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော လူမှုရေးထိခိုက်မှုများကိုပါ လျော့နည်းအောင် လုပ်ဆောင်ကြဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အာရှပစိဖိတ်နိုင်ငံများအနေနဲ့ ကိုဗစ်-၁၉ ကို တုံ့ပြန်ရာတွင်သာမက မရှိမဖြစ် ကျန်းမာရေးပြုစုစောင့်ရှောက်ပေးမှုများကို လုပ်ဆောင်ရာမှာလည်း ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်နေကြရကြောင်း ကိုဗစ်-၁၉ ကာလအတွင်းမှာ ကလေးမီးဖွားရင်းနှင့် သေဆုံးရမှုတွေက ကိုဗစ်-၁၉ ရောဂါကိုယ်တိုင်ထက် ပင်ပို၍ သေဆုံးမှုတွေ ပိုပြီး ဖြစ်စေမှာဆိုတာ မိမိတို့သိကြကြောင်း၊ ကလေးငယ်တွေ စွန့်ပစ်ခံရမှုတွေ ပိုများလာကြောင်း၊ ထို့အပြင် အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချမှုတွေလည်း ယခုကာလတွင် ပိုများနိုင်ကြောင်း ပြောပြခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းများ အထူးသဖြင့် သူနာပြုများ၊ သားဖွားဆရာမများ၊ ဆရာဝန်များ၊ လူထုကျန်းမာရေးလုပ်သားများမှာ ကိုဗစ်-၁၉ ပေါ်တွင်သာ ဦးစွာပေးလုပ်ဆောင်နေရပြီး အချို့လည်း အသက်ဆုံးရှုံးခဲ့ရကြောင်း အလွန် ဝမ်းနည်းစရာကောင်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ အခြေအနေကြောင့် လိင်မှုကိစ္စအခွင့်အရေးနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာအခွင့်အရေးများကို အမျိုးသမီးများအနေဖြင့် လက်လှမ်းမီမှု မရှိတာမျိုး မဖြစ်စေသင့်ကြောင်း၊ သူတို့၏ ရွေးချယ်ပိုင်ခွင့်ကို လေးစားကြရမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးဝန်ဆောင်မှု မရရှိခြင်းဟူသည့် သွယ်ဝိုက်ထိခိုက်မှုများအပြင် တိုက်ရိုက်ထိခိုက်မှုလည်းရှိကြောင်း ၄င်းမှာ ခွဲခြားနှိမ့်ချဆက်ဆံခံရခြင်းနှင့် အမဲစက်အထင်ခံခဲ့ရသေးသည့်ထဲမှာ ကိုဗစ်-၁၉ သံသယဖြစ်သည့်အခါ ကုသစောင့်ရှောက်မှုပေးရန် ငြင်းပယ်ခံခဲ့ကြရကြောင်း ပြော ပြပါတယ်။

Online အွန်လိုင်းမှ ပြုလုပ်ခဲ့သော ကွန်ဖရင့်တွင် သြစတြေးလျနိုင်ငံမှ အထက်တန်း ပညာရေးအရာရှိ စီစီလီယာရို့သ်က ကျောင်းများတွင် မျိုးဆက်ပွားကျန်းမာရေးနှင့် သက်ဆိုင် သော ကျန်းမာရေးပညာပေးမှုများကို ပိုမိုအားထည့် လုပ်ဆောင်ကြရမည့် အခွင့်အလမ်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ကျောင်းစာသင်ရိုးညွှန်းတမ်းထဲမှာ ရင်းနှီးဆက်ဆံခြင်း၊ လိင်ကိစ္စနှင့် မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာများ ပါဝင်ပါတယ်။
မြန်မာနိုင်ငံကတော့ ကျောင်းသင်ခန်းစာထဲတွင် လိင်ကျန်းမာရေးအကြောင်း ထည့် သွင်းသည့်အတွက် ရှေးရိုးဆန်သည့် မနှစ်သက်သောသူများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်နေကြဆဲဖြစ်ပါတယ်။
ဟောပြောဆွေးနွေးသူ (၅)ဦး ပါဝင်ခဲ့တဲ့ ဖော်ပြပါ အွန်လိုင်းကွန်ဖရင့်ကို ၂၉-၆-၂၀၂၀ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကွန်ဖရင့်ရဲ့ ခေါင်းစဉ်က Addressing barriers to accelerate progress on sexual and reproductive health & rights in Asia & Pacific (အာရှပစိဖိတ်ဒေသအတွင်း လိင်မှုကိစ္စအခွင့်အရေးနှင့် မျိုးဆက်ပွားကျန်းမာရေးကဏ္ဍ တိုးတက်လာစေရေးအတွက် အတားအဆီးဖြစ်နေမှုများအားဖော်ထုတ်ခြင်း) ဟူ၍ ဖြစ်ပါတယ်။

ကွန်ဖရင့်ကို အပြင်မှတကယ်ကျင်းပနေသလိုဖြစ်အောင် စီစဉ်ထားသော online မှာ ဆွေးနွေးဟောပြောတဲ့ ပထမဆုံးထုတ်လွှင့်မှုဖြစ်ပြီး ၂ပတ်တစ်ကြိမ်နှုန်းနဲ့ စုစုပေါင်း ၁၄ ကြိမ် ဆွေးနွေးဟောပြောထုတ်လွှင့်မှာ ဖြစ်ပါတယ်။
၂ဝဝ၁ ခုနှစ်ကတည်းက စတင်တည်ကျင်းပခဲ့ပြီး ကွန်ဖရင့်များကို ၂နှစ် တစ်ကြိမ် အလှည့်ကျနိုင်ငံများတွင် ပြုလုပ်ခဲ့သော APCRSHR 10 (Asia Pacific Conference on Reproductive and Sexual Health and Rights ကွန်ဖရင့်များကို ၁၀ ကြိမ်မြောက်အဖြစ် ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကြောင့် online အဖြစ်သာ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အာရှ ပစိဖိတ်ဒေသအတွင်းမှာ မြန်မာနိုင်ငံအပါအဝင်နိုင်ငံစုစုပေါင်း (၃၈) နိုင်ငံပါဝင်ပါတယ်။
၂၀၁၆ ခုနှစ်က (၈) ကြိမ်မြောက် ကွန်ဖရင့်ကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။
ဒေါက်ထွေး (ဆေး/မန်း)