မိုဘိုင်းလ်ဖုန်းကိုအသုံးပြုတဲ့အခါ ဓာတ်ရောင်ခြည်သင့်ခံရမှု ပမာဏကို ထိန်းချုပ်နိုင်ရန်အတွက် အခုဖော်ပြမဲ့ အချက်များကိုလိုက်နာပါ။

ဖုန်းပြောသည့်အခါ ဖြစ်နိုင်လျှင် နားကြပ်တပ်၍ပြောပါ
ဖုန်းနှင့်ခန္ဓာကိုယ်ဝေးကွာလေ ဓာတ်ရောင်ခြည်သင့်ခံရမှု လျော့နည်းလေဖြစ်တဲ့အတွက် ဖုန်းပြောရာတွင် ဓာတ်ရောင်ခြည်သင့်ခံရမှုပမာဏကို သိသိသာသာလျော့နည်းစေနိုင်ပါတယ်။

ဖုန်းကိုအောက်ခြေမှကိုင်၍ပြောပါ
ဖုန်းတစ်ခုလုံးနီးပါးကို လက်ဖြင့်ဆုပ်ကိုင်ထားလျှင် ဖုန်း၏အဝင်အထွက်စွမ်းအားကို ကျဆင်းစေပါတယ်။ ထိုအခါ ဖုန်းက၄င်း၏စွမ်းအားကို မြှင့်တင်ပေးရတဲ့အတွက် ဓာတ်ရောင်ခြည်များကိုလည်း ပိုမိုပြင်းထန်စွာ ထုတ်လွှတ်ရပါတယ်။ ဒါကြောင့် ဖုန်းကို စွမ်းအားအနည်းငယ်သာ အသုံးပြုစေရန်အတွက် တတ်နိုင်သမျှ အောက်ခြေမှ ကိုင်တွယ်ပါ။

အကောင်းဆုံးနေရာကို ရွေးချယ်ပါ
ဖုန်း၏ မျက်နှာပြင်ဒိုင်ခွက်တွင် ဖုန်းအဝင်ဖမ်းယူနှုန်းအား အချက်ပြမှုကို တွေ့နိုင်ပါတယ်။ အဆိုပါ ဖမ်းယူနှုန်းအား ကောင်းနေလျှင် ဖုန်းက စွမ်းအင်သုံးစွဲမှုနှင့် ဓာတ်ရောင်ခြည် ထုတ်လွှတ်မှုကို လျှော့ချပေးပါတယ်။ ဖမ်းယူနှုန်းအားမကောင်းလျှင် ဖုန်းက စွမ်းအင်ကို အများဆုံးသုံးစွဲ၍ ဓာတ်ရောင်ခြည်ကိုလည်း အလွန်အမင်းထုတ်လွှတ်ပါတယ်။

 ဖြစ်နိုင်လျှင် ရိုးရိုးဖုန်းကိုသာ အသုံးပြုပါ
သာမန်ရိုးရိုးဖုန်းရှိလျှင် ထိုဖုန်းကိုသာ အသုံးပြုပါ။ ဓာတ်ရောင်ခြည်သင့်ခံရမှုပမာဏက မိုဘိုင်းဖုန်းကို သုံးစွဲတဲ့ အချိန်အတိုင်းအတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါကြောင့် ဖုန်းပြောချိန်ကြာမည် ဆိုလျှင် သာမန်ဖုန်းကို အသုံးပြုခြင်းက ပိုပြီးအန္တရာယ်ကင်းပါတယ်။

ကြာရှည်စွာ မပြောပါနှင့်
ဓာတ်ရောင်ခြည်သင့်ခံရမှုက ဖုန်းပြောဆိုတဲ့ အချိန်နဲ့တိုက်ရိုက် ဆက်စပ်နေပါတယ်။ ဒါကြောင့် ဖုန်းပြောလျှင် အချိန်ကြာမြင့်စွာ မပြောပါနှင့်။