ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ (22 Nov 2018) ပါ ဘန် ကောက်လမ်းဘေးခွေးရှင်းလင်းရေးစီမံချက် ၁၅နှစ်အကြာ ဘာကြောင့် မလွှမ်းခြုံနိုင် အလုပ်မဖြစ်တာလဲ ဆိုတဲ့ ဆောင်းပါးကို အကျဉ်းချုပ် ဖော်ပြလိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ FAO အဖွဲ့။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (The World Organization for Animal Health) နဲ့ ကမ္ဘာလုံးဆိုင်ရာ ခွေးရူးရောဂါထိန်းချုပ်ရေးအဖွဲ့ (The Global Alliance for Rabies Control) စတဲ့ အဖွဲ့အစည်းအားလုံးက ခွေးရူးရောဂါပိုးကင်းစင်ဖို့ အတွက်အထိရောက်ဆုံးနည်းလမ်းဟာ ခွေးတွေကို ခွေးရူးကာကွယ် ဆေးထိုးပေးခြင်းသာဖြစ်ကြောင်း လက်ခံခဲ့ကြပြီဖြစ်ပါတယ်။ ခွေးကောင်ရေရဲ့ ၇၀ရာခိုင်နှုန်းအနည်းဆုံး ကာကွယ်ဆေးထိုးပေးခဲ့လျှင် ခွေးရူးရောဂါပိုးကင်းစင်ပြီ ဖြစ်ပါတယ်။ ခွေးရူးကာကွယ်ဆေးထိုးပြီးသား ခွေးတွေကို ဖယ်ရှားပစ်လိုက်ခြင်းအားဖြင့် ကာကွယ်ဆေးထိုးမထားတဲ့ ခွေးတွေဝင်ရောက်လာပြီး ခွေးရူးရောဂါ ကာကွယ်ရေးကို အစက ပြန်စရတော့မှာ ဖြစ်ပါတယ်။
ဘန်ကောက်ရှိ The Soi Dog Foundation (SDF) ရဲ့ စာရင်းအရ ဘန်ကောက်နဲ့အနီးတစ်ဝိုက်နေရာတွေမှာ လမ်းဘေးခွေး အကောင်ရေ ၆၄၀ဝဝဝ ခန့် ရှိပါတယ်။ အဲဒီ ခွေးတွေကို ဖမ်းဆီးပို့ဆောင်တဲ့ ဂေဟာ ဖြစ်တဲ့ The Thapthan Shelter ဟာဆိုရင်လည်း လက်သင့်ခံနိုင်တဲ့ အကောင်ရေ ပြည့်လုနီးပါးဖြစ်နေပြီး ရှိသမျှ လမ်းဘေး ခွေးအကုန်လုံးကို ဂေဟာကို ပို့ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ SDF ဟာ ဆိုးသွမ်းတဲ့ ခွေးကို ဖမ်းဆီးဖယ်ရှားရမယ်ဆိုတဲ့မူကို လက်သင့်ခံပါတယ်။ ဒါပေမဲ့ ကျန်တဲ့ လမ်းဘေးခွေးအများစုဟာ လူတွေအပေါ် ရန်မူလေ့မရှိတဲ့ခွေး တွေဖြစ်ပါတယ်။

ဘန်ကောက်ရဲ့ အောင်မြင်တဲ့ ခွေးရှင်းလင်းနည်းများ
ဘန်ကောက်ဟာ ယခင်က ခွေးတွေကို အဆိပ်ခတ်သတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့နဲ့ ရှင်းလင်းခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ ၎င်းအစီအစဉ်တွေကို ဘုရင်ဘူမိဘော လက်ထက်မှာ ရပ်တန့်ခဲ့တယ်။ နောက်ဆုံးအစီအစဉ်က တော့ ခွေးတွေကိုဖမ်းပြီး Pravet နဲ့ Uthai Thani ရှိ ဂေဟာတွေဆီ ပို့ဆောင်ခြင်းပါပဲ။ SDF က ဒီ နောက်ဆုံးအစီအစဉ်လည်း အလုပ် ဖြစ်လိမ့်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
SDF အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက ဘန်ကောက်ဝန်းကျင် နေရာတွေမှာ ခွေးတွေကို သားကြောဖြတ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ မူလနေရာမှာ ပြန်ထားခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့တာ တစ်နှစ်ကို ခွေးကောင်ရေ ၁၀ဝဝဝ၀ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘန်ကောက် မြို့တော် စည်ပင်ရဲ့ အခကြေးငွေနဲ့ မဟုတ်ပါဘူး။ အခုလို သင်းကွပ်/ ကာကွယ်ဆေး ထိုးထားတဲ့ ခွေးတွေကို ဖယ်ရှားပစ်မယ်ဆိုရင် SDF အနေနဲ့ ဒီအစီ အစဉ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ စဉ်းစားရပါလိမ့်မယ်။

ဖူးခက်မှ သင်ခန်းစာ
SDF ဟာ ဖူးခက်မှာ ခွေးတွေ ကို သင်းကွပ်/ကာကွယ်ဆေးထိုး ပေးခဲ့ရတဲ့ ရလဒ်အဖြစ် ခွေးကောင်ရေ သိသိသာသာ ကျဆင်းသွားတဲ့ အပြင် ထိုင်းနိုင်ငံမှာ ပထမဦးဆုံး ခွေးရူး ရောဂါကင်းစင်တဲ့နေရာအဖြစ် အစိုးရက ကြေညာခဲ့ပါတယ်။

မဖြစ်နိုင်တာတွေ မလုပ်ပါနဲ့
ဘန်ကောက်မှာရှိတဲ့ လေလွင့် ခွေးအားလုံးကို ဖယ်ရှားပြီး ဂေဟာ ကို ပို့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး (ဂေဟာ မဆန့်ပါဘူး)။ တကယ်လို့ ရှိသမျှ ခွေး အကုန်ဂေဟာပို့ပြီးလို့ ခွေးတစ်ကောင်မှ မရှိတော့ရင်တောင်မှ အနီးအနားဝန်းကျင် မြို့တွေက ခွေးတွေ ရောက်လာကြမှာ ပဲ။ မွေးထားပြီး မလိုချင်လို့ စွန့်ပစ်တဲ့ ခွေးတွေရောက်လာပြီး ပွားများကြဦးမှာပါပဲ။ သင်းကွပ်မထားတဲ့ ခွေးတွေဟာ ယနေ့ လမ်းဘေးခွေး အားလုံးရဲ့ မူလအစ ပါပဲ။

အလုပ်မဖြစ်တဲ့နည်းတွေ
စင်ကာပူ (Singapore Veterinary Department) မှ အကြီးတန်း အရာရှိများက ဘန်ကောက် ကို လာရောက် လေ့လာပြီး တဲ့အခါ ခွေး တွေကို ဖမ်းဆီးပြီး သတ်ဖြတ်တဲ့နည်းဟာ ခွေးကောင်ရေနဲ့ ခွေးရူးရောဂါအတွက် ထိ ရောက်မှုမရှိကြောင်း တွေ့ရှိခဲ့ရ တယ်။
ရှေ့က မအောင်မြင်တဲ့သင် ခန်းစာတွေကိုကြည့်ပြီး Catch-Neuter-Vaccinate-Release Policy ကို ဒေသခံ Animal Welfare groups တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ခွေးတွေကို ဖမ်းဆီးကာ ဂေဟာတွေမှာ ထိန်းသိမ်းစောင့် ရှောက်ကျွေးမွေးထားတဲ့ ကုန်ကျ စရိတ်ဟာ ဖမ်းဆီးပြီး သင်းကွပ်/ ကာကွယ်ဆေးထိုးတဲ့ (CNVR) ကုန်ကျစရိတ်ထက်ပိုပါတယ်။ ခွေး မွေးသူတွေကိုလည်း တာဝန်သိတတ်သော ခွေးပိုင်ရှင်တွေ ဖြစ်ဖို့နဲ့ မိမိရဲ့ ခွေးတွေကို သားထိန်းဖို့နဲ့ ကာကွယ်ဆေးထိုးဖို့ အသိပညာ ပေးရန်လည်း လိုအပ်ပါတယ်။ WHO, FAO, OIE, The Global Alliance for Rabies Control စတဲ့ အဖွဲ့အစည်းအားလုံးကလည်း CNVR အစီအစဉ်သည်သာ ထိရောက်မှုအရှိဆုံး လက်ခံထားပြီး ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

 

ခိုင်မွန်ကျော်