ဂျပန်ဘုရင်မင်းမြတ် ဟီရိုဟီတိုက ဂျပန်ပြည်သူတို့အား လက်နက် ချရန် မိန့်ခွန်းကို ဓာတ်ပြားဖြင့် ကြိုတင်အသံသွင်းပြီး ရေဒီယိုမှ လွှင့်ထုတ်ပေးခဲ့ခြင်းဖြစ်၏။ ဘုရင့်မိန့်ခွန်းထုတ်လွှင့်ခြင်းမပြုမီတွင် အခက်အခဲ အတိုက်အခံများကို ကြုံတွေ့ခဲ့ကြရသေးသည်။ လက်နက် မချလိုသော ဂျပန်စစ်ခေါင်းဆောင်အချို့၏ဆန္ဒကို အကောင်အထည် ဖော်ရန်ဂျပန်တပ်မတော်အဆင့်မြင့် အရာရှိအချို့က ကြိုးပမ်းခဲ့ကြသည်။ ဗိုလ်မှူးအဆင့်ရှိ လူငယ်စစ်တပ်အရာရှိတစ်ဦးခေါင်းဆောင်သော အရာရှိငယ်တစ်စုက အာဏာသိမ်းဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ဂျပန်စစ်ဝန်ကြီး၏ အားပေးထောက်ခံမှု ရရှိခဲ့သော ဂျပန်လူငယ်အရာရှိများက အခြားသော အရေးပါသည့် စစ်ခေါင်းဆောင် များကို စည်းရုံးခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် ဂျပန်တပ်မတော် အရှေ့ဘက်ခြမ်းစစ်မြေပြင်တပ်မှူးကြီး က ခေါင်းဆောင်ဂျပန်ဗိုလ်မှူးအား “အိမ်ပြန်တော့” ဟုပြောကာ ငြင်းပယ်လိုက်ပြီးသည့်နောက် အာဏာသိမ်း ရန် အကြံအစည်လည်း ပျက်ပြားသွားခဲ့သည်ဟု သိရ၏။
ဂျပန်တို့ မဟာမိတ်များထံ တရားဝင် လက်နက်ချသည့် အခမ်း အနားကို ၁၉၄၅ ခု၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အမေရိကန် စစ်သင်္ဘော ယူအက်စ်အက်စ် မစ်ဆူရီပေါ်တွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လက်နက်ချစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
ဂျပန်စစ်အစိုးရက တရားဝင် လက်နက်ချကြောင်း ကြေညာပြီး သည့်နောက်တွင် ထိပ်တန်းစစ် ခေါင်းဆောင်အချို့ အပါအဝင် မျိုးချစ်စိတ်ပြင်းထန်သော ဂျပန်လူငယ်အရာရှိများ မိမိကိုယ်ကို သေကြောင်းကြံ အဆုံးစီရင်ခဲ့ကြသည်။ ဂျပန်ပြည်မကြီးက လက်နက် ချခဲ့စေကာမူ ရှေ့တန်း စစ်မြေပြင်ရောက်နေခဲ့သည့် ဂျပန်စစ်သား အြွကင်းအကျန်အချို့က နောက်ထပ်ရက်ပေါင်း လပေါင်းများစွာ၊ အချို့ဆိုလျှင် နှစ်ပေါင်းများစွာ ကြာသည်အထိ လက်နက်မချဘဲ နေခဲ့ကြသည်။


ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့ အဏုမြူဗုံးကြဲချခံရခြင်းကြောင့် ဂျပန်တို့အား လက်နက်ချစေပြီး ဒုတိယကမ္ဘာစစ် မြန်မြန်ပြီးဆုံး သွားသည်မှာ မှန်သော်လည်း ဂျပန်တို့၏ မျိုးချစ်စိတ်ဓာတ်နှင့် ရဲရင့် သတ္တိရှိမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုကို ထိုကဲ့သို့ လက်နက်မချဘဲနေကြသော ဂျပန်များက သက်သေပြသလို ပြာပုံဘဝရောက်ပြီး ပေးဆပ်စရာ စစ်လျော်ကြေးတွေ တပုံတပင်နှင့် ပင်ပန်းဆင်းရဲစွာ၊ ရှားပါးကျပ်တည်း စွာနေခဲ့ရသော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဇွဲနပဲဖြင့် ဆောင်ရွက်ခဲ့ကြတာဖြစ်သည်။ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့်နည်းတူ အဖျက်စွမ်းအား ကြီး မားလှသည့် နျူကလီးယားလက်နက်များ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့နိုင်သည်။ အဏု မြူဗုံးဒဏ်ခံစားရမှုမျိုး နောက်ထပ် လူသားတွေ မကြုံတွေ့စေလိုသည့် ဆန္ဒဖြင့် အဏုမြူဗုံးဒဏ်ခံရသည့် အတွေ့အကြုံများကို မျှဝေလိုသော ကြောင့် ဟီရိုရှီးမားငြိမ်းချမ်းရေး အမှတ်တရ ပြတိုက်အတွင်းတွင် ပန်းချီ၊ ဓာတ်ပုံပြပွဲများ ကျင်းပပေးခဲ့ကြသည်ကိုလည်း တွေ့ရ၏။
ဟီရိုရှီးမားပြတိုက်အတွင်း ခန်းမတစ်ခုတွင် အဏုမြူဗုံးဒဏ် ခံစားခဲ့ကြရပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများက အမှတ်တရရေးဆွဲ သော ပန်းချီရုပ်ပုံများ၊ အဏုမြူဗုံးကြောင့် ထိခိုက်ပျက်စီးသွားသော အရာဝတ္ထု ပစ္စည်းများ၊ နောက်ထပ်တွေ့ရှိရသော ဓာတ်ပုံများကို စုစည်း၍ ပြပွဲတစ်ခုကျင်းပပြုလုပ်ခဲ့သည်ကို သိရှိရသည်။
၁၉၅၅ ခုနှစ်တွင် ဟီရိုရှီးမား ငြိမ်းချမ်းရေးအမှတ်တရပြတိုက် စတင်ဖွင့်လှစ်ပြီးကတည်းက ထိုကဲ့သို့ ပြပွဲအမျိုးမျိုးကို အလျဉ်းသင့်သလို ကျင်းပပြသခဲ့သည်ဟုလည်း သိရသည်။ မိမိပြတိုက်သို့ ရောက်ရှိစဉ်တွင် ထိုပြပွဲများ ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး ပြသခဲ့သည့် ဓာတ်ပုံနှင့် ပန်းချီကား အချို့ကိုသာ ခန်းမအတွင်း ချိတ်ဆွဲပြသထားခြင်းဖြစ်သည်။
ဓာတ်ပုံများထဲတွင် ယခင်က ဖော်ပြခဲ့ခြင်းမရှိသေးသော အသစ် ထပ်မံတွေ့ရှိရသည့် ဓာတ်ပုံများ ပါဝင်သည်။ အမေရိကန်တပ်မတော် ရေတပ်သမိုင်းနှင့် ရှေးဟောင်းအမွေ အနှစ်ဆိုင်ရာ ဌာနချုပ်မှ ရရှိသော ဓာတ်ပုံတစ်ပုံကတော့ အဏုမြူဗုံး ကြဲပြီးကာစ ဟီရိုရှီးမားမြို့ကို ကောင်းကင်မှ ရိုက်ကူးထားသော ဖြူ/မည်း ဓာတ်ပုံတစ်ပုံဖြစ်၏။


အဏုမြူဗုံးဒဏ်ခံစားခဲ့ရပြီး အသက်မသေဘဲ ကျန်ရှိခဲ့သူများက သူတို့ ကိုယ်တွေ့မျက်မြင် ကြုံတွေ့ခဲ့ရသော မြင်ကွင်းများကို သူတို့စိတ်ကူးထဲတွင် ပြန်လည်မြင်ယောင်ပြီး ပန်းချီကားများအဖြစ် ပြန်လည်ရေးဆွဲပြသ ထားသော ရေဆေးပန်းချီကားများကိုလည်း ချိတ်ဆွဲထားပါသည်။
ပုံအချို့၏ မြင်ကွင်းကို ဖော်ပြ ရလျှင် ရေဆာနေသော အဏုမြူဗုံး ဒဏ်ခံစားခဲ့ရသည့် လူတစ်ဦးအား သောက်ရန် ရေပေးပြီးနောက် ထို ရေကို သောက်ပြီး သေဆုံးသွားပုံကို ပြန်လည်မှတ်တမ်းတင်ရေးဆွဲထားသည့် ပုံတစ်ပုံဖြစ်သည်။
နောက်တစ်ပုံမှာ အဖြူရောင် မီးခိုးလုံးများက မြို့တော်အား စောင်တစ်ထည်နှင့် လွှမ်းခြုံလိုက်သလို ဖြစ်သွားသည်ဟု အမည်ပေး ထားသည့် ပန်းချီကားတစ်ချပ်ဖြစ်သည်။
နောက်ထပ် ပန်းချီကားတစ်ချပ်ကတော့ ရေငတ်သဖြင့် ရေပေးပါဟု တောင်းနေကြသော အဏုမြူဗုံးဒဏ်ခံရသူများ၏ ပုံဖြစ်သည်။
နောက်ထပ်တစ်ပုံကတော့ အပြာရောင်မီးလျှံတွေ ထွက်နေသည့် မီးလောင်ကျွမ်းနေသော လက်တစ်ဖက်ဟု အမည်ပေးထားသော ပန်းချီကားတစ်ချပ်ဖြစ်သည်။
ဆက်ရန်

 

ဒေါက်ထွေး (ဆေး/မန်း)