ကိုရီးယား လေကြောင်းလိုင်းမှ လေယာဉ်မယ်ကလေးနှစ်ဦးက အို ဆာကာမြို့၊ ကင်ဆိုင်နိုင်ငံတကာ လေဆိပ်မှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့-အင်ချွန်းအင်တာနေရှင် နယ် လေဆိပ်သို့ ထွက်ခွာမည့် လေယာဉ်ပေါ်တွင် တာဝန်ထမ်း ဆောင်ရန်အတွက် ရောက်ရှိလာ ကြခြင်းဖြစ်ပြီး လေယာဉ်အမှုထမ်း များအား လေဆိပ်အတွင်း အထူး ဖြတ်သန်းခွင့်ပေးထားသည်ဖြစ်ရာ သူတို့တာဝန်ထမ်းဆောင်ရမည့် လေယာဉ်ပေါ်တက်ကြမည့် ခရီးသည် နှစ်ဦးဖြစ်သော မိမိတို့နှစ်ဦးကို လည်း အတူခေါ်သွားရန်အတွက် မိမိတို့အား လိုက်ပို့သော လေဆိပ် ဝန်ထမ်းကြီးကြပ်ရေးမှူး အမျိုးသမီး လေးက အပ်နှံနေခြင်းဖြစ်၏။ တကယ်တော့ မိမိတို့နှစ်ဦးသာလျှင် မဟုတ်ပါ။ မိမိတို့စီးမည့် လေယာဉ် နှင့် စီးမည့် အခြားသောခရီးသည် ၅ ဦးခန့်လည်း ပါသည်။ အမျိုး သမီးများနှင့် ကလေးများဖြစ်၏။

သို့နှင့် ကိုရီးယားလေယာဉ်မယ်လေး နှစ်ဦးက ခေါင်းဆောင်လျက် မိမိတို့ ခရီးသည်အုပ်စုသည် လေ ယာဉ်ပေါ်တက်မည့် ဂိတ်ပေါက်ဝ သို့ ထွက်လာခဲ့ကြလေသည်။

လေယာဉ်မယ်နှစ်ဦးက ခေါင်းဆောင်၍ ခေါ်လာသော ကြောင့် မိမိတို့လည်း ဂိတ်ပေါက် နံပါတ် လိုက်ရှာရခြင်း၊ လမ်းကြောင်း ရှာရခြင်းတို့ လုပ်စရာမလိုဘဲ စိတ် ချလက်ချ စိတ်အေးချမ်းသာစွာဖြင့် လိုက်လာနိုင်တော့၏။ ဂိတ်ပေါက် လွဲမှာလည်း မပူရ၊ ဂိတ်ပေါက် ပိတ် သွားမှာကိုလည်း စိုးရိမ်စရာမလို တော့ဘဲ ခပ်သွက်သွက်ပင် လျှောက် လာခဲ့ကြသည်။ လေယာဉ်ပေါ် တက်မည့် ဂိတ်ပေါက်ဝ ရောက် တော့မှ မိမိတို့၏ လေယာဉ်ပေါ် တက်ခွင့် ကတ်ပြားများကို ပြကာ လေယာဉ်ထဲသို့ ဝင်ကြရလေ သည်။ မိမိတို့ခရီးသည်အုပ်စုမှာ လေယာဉ်ပေါ်တက်ရန် နောက်ဆုံး ကျန်နေသေးသော ခရီးသည်များ ဖြစ်ပုံရသည်။ ဂိတ်ပေါက်ဝတွင် အခြားခရီးသည်များ တန်းစီနေကြ ခြင်းမရှိချေ။


လေယာဉ်ပေါ်ရောက်၍ ကိုယ့် ထိုင်ခုံပေါ် ကိုယ်နေရာတကျ ထိုင် လိုက်ပြီးတော့မှ မိမိတို့နှစ်ဦးလုံး လည်း သက်ပြင်း ကိုယ်စီချပြီး ပြုံး နိုင်ကြတော့သည်။

မကြာမီပင် လေယာဉ်လည်း ကင်ဆိုင်လေဆိပ်မှ ပျံတက်လာ သည်။ ဗိုက်ဆာနေကြပြီဖြစ်သဖြင့် လေယာဉ်ပေါ်မှကျွေးသော စား စရာများကို အားပါးတရ စားလိုက် ကြ၏။ နံနက်စောစော ထခဲ့ရပြီး စားပြီးတော့လည်း ဗိုက်လေးလေး နှင့် နှစ်ဦးသား ငိုက်မျဉ်းရာမှ အိပ် ပျော်သွားကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်မယ်က အသံချဲ့စက်မှ ကြေညာတော့မှ ပြန်နိုးတော့သည်။

အင်ချွန်း နိုင်ငံတကာလေဆိပ် မှာ မိမိတို့ ၃ နာရီ(ဟု ထင်သည်) လောက် နားကြရဦးမှာ ဖြစ်သည်။ အလာတုန်းကလည်း အင်ချွန်မှာ ခေတ္တနားပြီးမှ အိုဆာကာသို့ လေယာဉ်ပြောင်းစီးခဲ့ကြရခြင်း ဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံ၊ ရန်ကုန်သို့ ထွက်ခွာမည့် ကိုရီးယား လေကြောင်းလိုင်း လေယာဉ်ကို ပြောင်းစီးကြရဦးမှာဖြစ်သည်။
ယခင်က အင်ချွန်းလေဆိပ်တွင် Transit လေယာဉ်ပြောင်းစီး သော ခရီးသည်များအတွက် ဆိုးလ် မြို့အတွင်း နာရီပိုင်းမျှ သွားရောက် လည်ပတ်နိုင်သော အစီအစဉ် ပေးခဲ့သည်ဆိုသော်လည်း မိမိတို့ အလှည့်ကျမှ ကံဆိုးပြီး ထိုကဲ့သို့ လည်ပတ်ခွင့် ခေတ္တပိတ်ထား ကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲပြီး ဖြစ်သည်။ ယခုလည်း အချိန်တွေ အများကြီးရပါလျက်နှင့် အင်ချွန်း လေဆိပ်ထဲမှာပဲ အချိန်ကုန်အောင် နားကြရမည် ဖြစ်သည်။ သို့သော် မိမိက ရန်ကုန်မှ လာကတည်းက အင်ချွန်းလေဆိပ်အတွင်း အကျိုး ရှိစွာ အချိန်ဖြုန်းနိုင်သော နေရာ တစ်ခုရှိတာကို သတိထားမိခဲ့ပြီး ဖြစ်သဖြင့် ထိုအစီအစဉ်ကို လုပ် ဆောင်ရန် ကြံစည်ထားပြီးဖြစ် သည်။


အဆိုပါ အစီအစဉ်မှာ ကိုရီးယား ရိုးရာယဉ်ကျေးမှု အတွေ့အကြုံ များကို ကိုယ်တိုင်ရယူနိုင်သော အခမဲ့ဝန်ဆောင်ပေးထားသော အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ် ရှိသော နေရာမှာ အင်ချွန်းနိုင်ငံတကာ လေဆိပ်ခရီးသည်များ ဆိုက်ရောက်ရာ Terminal 3, တတိယထပ်တွင် ရှိသည်။ မိမိတို့ ကင်ဆိုင်းမှ ရောက်လာသည့် Terminal အတွင်းမှာ ပင်ဖြစ်၏။ ဤ အစီအစဉ်ကို ကိုရီးယားယဉ်ကျေးမှု အမွေအနှစ် ဖောင်ဒေးရှင်း (Korea Cultural Heritage Foundation) မှ စီစဉ် ပြုလုပ်ပေးခြင်းဖြစ်သည်။ ကိုရီးယား နိုင်ငံယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနအောက် ရှိ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲ ရေးဌာန (Cultural Heritage Administration) တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ထားခြင်းဟု ဆိုသည်။

ကိုရီးယားနိုင်ငံအတွင်း ရောက်လာသော (အင်ချွန်းနိုင်ငံ တကာလေဆိပ်အတွင်း ရောက်လာသော) နိုင်ငံခြားသားများကို Transit စောင့်ရင်း အချိန်ရသခိုက် ကိုရီးယားယဉ်ကျေးမှုအမွေအနှစ် များကို ကိုယ်တိုင်သိရှိလေ့လာ ဗဟုသုတ ပေးသွားရန်အတွက် စီမံချက်ဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ကိုရီးယား ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ကိုရီး ယားအစားအစာများ ချက်ပြုတ်ခြင်း သို့မဟုတ် ကိုရီးယားရိုးရာလက်မှု ပညာရပ်တစ်ခုခုကို ခရီးသည် ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ကာ အတွေ့အကြုံ ရရှိသွားစေခြင်း၊ ရင်သပ်ရှုမောဖွယ်ကောင်းသော ကိုရီးယားရိုးရာဝတ်စုံများ ဝတ် ဆင်ပြီး ကပြနေကြ ကိုရီးယား တူရိယာပစ္စည်းများ တီးမှုတ်သီဆို နေကြသော Traditional Cultural Dance ကို ကြည့်ရှုခံစားခြင်းဟူသည့် လုပ်ဆောင်မှုများကို ကိုယ်တိုင် ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း၊ ကြည့်ရှုခြင်းများ ပြုလုပ်နိုင်ရန် အတွက် စီစဉ်ထားခြင်းဖြစ် လေ သည်။ အဆိုပါ အတွေ့အကြုံများ ထဲမှ မိမိတို့နှင့် အလျဉ်းသင့်ရာ ကြိုက်နှစ်သက်ရာအစီအစဉ်ကို ပါဝင်ဆင်နွှဲနိုင်ကြောင်းဖြစ်သည်။ သို့သော် အဆိုပါအစီအစဉ်များက အချိန်ဇယားနှင့်ဖြစ်သည်။ သူ့ အချိန် သူ့နာရီနှင့်သူ သတ်မှတ် ထားသည့် အချိန်တွင်သာ မိမိ ရောက်ရှိနေချိန် ပေးနိုင်သည့် အချိန်ပေါ် မူတည်၍ ရွေးချယ် လုပ်ဆောင်နိုင်ပေသည်။

မိမိတို့ကတော့ ကိုရီးယား လက်မှုအနုပညာပစ္စည်းများ လုပ် ဆောင်ပေးရသည့် အစီအစဉ်တစ်ခု ကို ရွေးချယ်လိုက်သည်။ ဆရာ ဒေါက်တာမျိုးခင်ကလည်းမိမိနှင့် အဖော်ရ၍ သူလည်း ပါဝင်မည်ဟု ဆိုကာ မိမိတို့ နှစ်ယောက်သား စာရင်းပေးလိုက်ကြ၏။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)