ကလေးငယ်တွေကို မွေးပြီးပြီးချင်း သူတို့ ဘာမှ မမြင်၊ မကြား၊ မသိရှိဟု မထင်လိုက်ပါနဲ့။ တကယ်တော့သူတို့ဟာ မွေးလာပြီးကတည်းကသူတို့ရဲ့အမြင်၊ အကြားအာရုံတွေ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတာဖြစ်ပါတယ်။ သူတို့ဘာတွေမြင်တယ်၊ ဘာတွေကြားတယ်ဆိုတာဖော်ပြပေးလိုက်ပါတယ်။

၁ရက်သား
မွေးပြီးပြီးချင်း တစ်ရက်သားအရွယ်မှာ အသံကြားရရင် ငြိမ်ငြိမ်ကလေး ဖြစ်နေတတ်ပါတယ်။ သူ့ကိုပြုစုပေးမဲ့သူ၊ 
အထူးသဖြင့် အမေတွေရဲ့ အသံကို ကြားလိုက်ရရင် လှုပ်ရှားမှုတွေ ရပ်သွားပြီး အသံကိုအာရုံစိုက် နားထောင်သကဲ့သို့ 
ငြိမ်သက် သွားလေ့ရှိပါတယ်။
၃ ရက်သား
၃ ရက်သားရလာပြီဆိုရင် သူ့ကိုစကားပြောတာကို တုံ့ပြန်မှုရှိလာပါပြီ။သူ့ကို ချော့မြူသံကြားရင် အသံကြားရာဘက်ကို 
စူးစူးစိုက်စိုက် ငေးကြည့်နေတတ်ပါပြီ။
၅ ရက်သား
၅ ရက်သားကလေးဟာ 20 - 25 cm ( ၈ လက်မ မှ ၁၀ လက်မ ) အကွာအဝေးကို မြင်တွေ့နိုင်ပြီဖြစ်လို့ 
သူ့ကိုစကားပြောနေတဲ့ အမေရဲ့ လှုပ်နေတဲ့ နှုတ်ခမ်းတွေကို သေချာစူးစိုက်ကြည့်သလို သူ့ကို ချော့မြူပွတ်သပ်ပေးတဲ့ 
အမေ့လက်တွေကိုလည်း သေချာစူးစိုက်ကြည့်နေတတ်ပါပြီ။
၉ ရက်သား
၉ ရက်သားရလာပြီဆိုရင်တော့ စူးရှတဲ့ အသံတွေ လာရာဘက်ကို မျက်စိနှင့် ချက်ချင်းလိုက်ကြည့်နိုင်ပြီဖြစ်လို့ 
အဲဒီအရွယ်မှာ အသံကို စတင်ကြားပြီလို့ ယူဆရပါတယ်။
၁၄ ရက်သား
၁၄ ရက်သား ကလေးဟာ အမေကို တခြားသူတွေနဲ့ ခွဲခြားသိနိုင်ပြီ ဖြစ်ပါတယ်။
၁၈ ရက်သား
၁၈ ရက်သားကလေးဟာ အသံလာရာဘက်ကို ခေါင်းလှည့်ကြည့်နိုင်ပြီဖြစ်ပါတယ်။ 
၂၈ ရက်သား
ဒီအရွယ်မှာတော့ မိခင်ရဲ့ ချော့မြူသံကိုဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို သင်ယူတတ်မြောက်နေပါပြီ။ 
သူ့ကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ဆူပူပါက မကြိုက်နှစ်သက်ပဲ ငိုယို စတုံ့ပြန်တတ်သလို ၊ 
သူ့ကိုချော့မြူပါက ငြိမ်ငြိမ်ကလေးတုံ့ပြန်နေတတ်ပါပြီ။ 
✡ ဒါကြောင့် တစ်လသားရလာပြီဆိုရင် တေးဆိုချော့မြူသလို သီချင်းသံ အေးအေးကလေးကို ဖွင့်ပေးထားခြင်းဖြင့် 
သူတို့ရဲ့ အကြားအာရုံ ပိုကောင်းစေပြီး ပိုမိုနှစ်သက်မှုကိုဖြစ်စေ နိုင်ပါတယ်။