နာရာယန်းဟီတီ နန်းတော် ပြတိုက်ကြီးအတွင်း ကြည့်ရှုလေ့လာ ရင်း တော်ဝင်လူသတ်ပွဲဖြစ်ပွားခဲ့ရာအဆောင်ကို လေ့လာပြီးသောအခါ နန်းတော်ပြတိုက်အတွင်း လေ့လာစရာများ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
နန်းတော်ခန်းမကြီး နောက်ဘက် ရေကူးကန်နှင့် ပန်းဥယျာဉ် ငယ်လေးမှာ ထူးထူးခြားခြားလှပခြင်း မရှိလှပါ။ ယနေ့ခေတ်ကာလ မိမိရောက်ခဲ့ဖူးသော အာဆီယံနိုင်ငံအချို့မှာရှိသည့် နိုင်ငံတကာအဆင့် ဟိုတယ်ကြီးများတွင် ဆောက်ပေးထားသော ရေကူးကန်တွေ၊ ပန်းဥယျာဉ်ခြံတွေလောက် သားနားထည်ဝါခြင်းတော့ မရှိပါ။ နန်းတော်ခန်းမ ဆောင်ကြီးပေါ်မှ ဆင်းလာခဲ့ပြီးဖြစ်၍ မြေပြင်ပေါ်တွင် ရောက်ရှိနေပြီဖြစ်ရာ ပြတိုက် ဝင်းအပြင်ဘက်သို့ ပြန်ထွက်ရန် သာရှိတော့၏။ အခြားသော နန်းတော်ပြတိုက်လာ ပရိသတ် အချို့ သွားရာနောက်သို့ လိုက်လာ ခဲ့ရာ နန်းတော်ပြတိုက်ကြီး ရှေ့ဘက် မျက်နှာစာသို့ ပြန်ရောက်လာ၏။ ကြိုးတန်းပြီး ကာထားရာ နန်းတော်ထဲ ပြတိုက်ထဲ ဝင်ရောက်လာသူ များနှင့် ပြန်ထွက်သူများ ရောနှောသွားခြင်းမရှိအောင် ပိုင်းခြားပေးထားခြင်း ဖြစ်ပေမည်။
ထို့နောက် နန်းတော်ပြတိုက် ဂိတ်ပေါက်ဝရှိရာဘက်သို့ ပြန်၍ လမ်းလျှောက်လာကြရလေသည်။ လက်နက်ကိုင် ပြောက်ကျားယူနီ ဖောင်းဝတ်အစောင့်များက နန်းတော်ပြတိုက်ထဲမှ ပြန်ထွက်လာကြသော မိမိတို့အား ဂိတ်ပေါက်ဝဘက်သို့ လမ်းညွှန်ပေးလျက်ရှိသည်။ ပြတိုက် ပိတ်ချိန်ရောက်ပြီဖြစ်ကြောင်းလည်း အင်္ဂလိပ်ဘာသာနှင့် အသံကျယ် ကျယ်ဖြင့် အော်ဟစ်ပြောနေသေးသည်။ မိမိမှာ ပြတိုက်ပြခန်းများ အမျိုးမျိုးသို့ သွားရောက်ခဲ့ဖူးရာ ခတ္တမန္ဒုမြို့ရှိ နန်းတော်ပြတိုက်မှ အစောင့်ဝန်ထမ်းများကတော့ ပျူပျူငှာငှာမရှိလှဘဲ ဆက်ဆံသလို ခံစားရ၏။ သူတို့ကြည့်ရသည်မှာ ယခုထက်ထိပင် နန်းတော်ထဲ၌ တော်ဝင်ဘုရင်မျိုးနွယ်များ ရှိနေ သေး၍ စောင့်ကြပ်တာဝန်ထမ်း ဆောင်နေသည့် ပုံစံမျိုးဖြစ်နေ သည်ကို သတိထားမိခဲ့သည်။


မိမိဆိုလိုသည်မှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ထားရှိလွန်း သည်ဟု ထင်သည်။ အမှန်စင်စစ် ယခုမိမိရောက်ရှိ မြင်တွေ့နေရ သော နီညိုရောင်ခြယ်သထားသည့် နံရံထူထူနှင့် ကွန်ကရစ်အဆောက် အဦကြီး သို့မဟုတ် လက်ရှိ နာရာ ယန်းဟီတီ နန်းတော်ကြီးမှာ ရှေး ယခင် ရှိခဲ့ပြီးနန်းတော်အဆောက် အဦဟောင်းများကို ဖြိုဖျက်ပြီး ၁၉၆၃ ခုနှစ်တွင်မှ ဘုရင်မဟိန္ဒြာ က တည်ဆောက်ခဲ့သော ထိုခေတ်က နောက်ဆုံးပေါ်လက်ရာ နန်း တော်ကြီးဖြစ်သည်။ ကယ်လီဖိုးနီးယား ဗိသုကာတစ်ဦးက နီပေါရိုးရာ စတိုင်လ်နှင့်ပေါင်းစပ်လျက် ဒီဇိုင်း တီထွင်ပေးခဲ့သော နန်းတော်ပုံစံ ဟုဆို၏။ ၁၀ စုနှစ်နီးပါးကြာအောင် တည်ဆောက်ခဲ့ရပြီး ၁၉၆၉ တွင်မှ အပြီးသတ်နိုင်ခဲ့တာဖြစ်၏။ ထို့ ကြောင့် ဗိသုကာလက်ရာသည် ၂၁ ရာစုခေတ်သစ်ဟန်ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုဟု မခံစား ရ၊ မိမိရောက်ခဲ့ပြီးပြီဖြစ်သည့် ဂေါ်ရခါးမြို့ရှိ ဂေါ်ရခါးပြတိုက် (Gurkha Museum) ကမှ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ဝ နီးပါးတိတိ ကျကျဆိုရလျှင် ၁၈၃၉ အေဒီက ဂေါ်ရခါးဘုရင် ရာဂျင်ဒြာက နန်းတော်အဖြစ် စတင်ဆောက်လုပ် ခဲ့တာဖြစ်သည်။ အောက်နန်းတော် (Tallo Durbar) ဟုလည်း ခေါ်ခဲ့ ကြသည်။ ၎င်းနန်းတော်ကို ပြန်လည်မွမ်းမံပြီး ၂၀ဝ၇ အေဒီတွင် ရှေးဟောင်းသုတေသနက ဂေါ်ရခါးပြတိုက်အဖြစ် ပြန်လည်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ဂေါ်ရခါးပြတိုက်အဆောက် အဦက ရှေးဟောင်းအမွေအနှစ် ဗိသုကာ လက်ရာမှန်း သိသာ ထင်ရှားသည်။ ဂေါ်ရခါးပြတိုက်တွင် စောင့်ကြပ် နေသည့် ဝန်ထမ်းများမှာ သာမန် အရပ်သားများသာဖြစ်ပြီး စည်း ကမ်းတင်းကြပ်လှခြင်းလည်းမရှိပါ။ ယခု နာရာယန်းဟီတီ နန်းတော် ပြတိုက်ကတော့ စီမံခန့်ခွဲသည့် အထက်ဌာန (ဝန်ကြီးဌာန) မတူ သောကြောင့် ဖြစ်မည်ထင်သည်။ လုံခြုံရေးတင်းကြပ်သလို ခံစားရပါ သည်။


ဂိတ်ပေါက်ဝသို့ပြန်ရောက် သောအခါ ဘီဒိုတစ်ခုထဲတွင် သော့ခတ်သိမ်းဆည်းထားခဲ့ရသော ကင်မရာ၊ လက်ကိုင်ဖုန်းစသည်တို့ ကို ပြန်လည်ထုတ်ယူပြီး သော့ကို ပြန်အပ်ရ၏။ ထို့နောက် တံခါး ပေါက်မှအပြင်သို့ပြန်ထွက်ခဲ့သည်။ နန်းတော်ပြတိုက် ဂိတ်ပေါက်ဝ တစ်ဝိုက်ခြံစည်းရိုးမှာ သံမဏိချောင်း များကိုအသုံးပြုလျက် နနွင်းမကင်း ပုံ အကွက်ဖော်ထားသော အကာ အရံများဖြစ်၏။ ပြောင်လက်နေ သော သံမဏိနနွင်းမကင်းပုံ အကွက်များကို ထွင်းဖောက်လျက် နောက်ဘက်ထဲတွင် နန်းတော် ပြတိုက်ကြီးကို လှမ်းမြင်နေရသည်။ ဝင်ကာစတုန်းက အချိန်မရမှာစိုး ၍ အပေါက်ဝတွင် ဓာတ်ပုံမရိုက် ခဲ့ရ။ ယခုမှ ဂိတ်ပေါက်ဝကို နောက်ခံထားလျက် ဓာတ်ပုံတွေကို ရိုက်ရသည်။ ဒရိုင်ဘာကူးမားက အဆင်သင့်စောင့်နေ၍ သူကပဲ ရိုက်ပေးသည်။ ဝင်ကာစတုန်းက နေတော်တော်ပူနေသေး၍ လူမရှိ ခဲ့သော်လည်း ယခု မိမိပြန်ထွက် လာသောအခါ ဂိတ်ပေါက်ဝတွင် အမှတ်တရဓာတ်ပုံရိုက်သည့် ဧည့်သည်တွေ များစွာတွေ့ရသည်။ အများစုမှာ နီပေါနိုင်ငံသားများပင် ဖြစ်ကြ၏။
ဂိတ်ပေါက်အပြင်ဘက်တွင် နန်းတော်ပြတိုက်အတွင်းသို့ ဝင် ရောက်ကြည့်ရှုမည့် ဧည့်သည်များ လိုက်နာရန် စည်းကမ်းချက်များကို ကျောက်ပြားတစ်ချပ်ပေါ်တွင် ရေး ၍ မြင်လွယ်အောင် သေချာစွာ ထောင်ထားပေးသည်။ ထိုစာများ ကိုလည်း အဝင်တုန်းက မဖတ်နိုင် ခဲ့ဘဲ ယခုမှ ဖတ်ရ၏။
ဆက်ရန်

 

ဒေါက်ထွေး (ဆေး/မန်း)