ကျောင်းသား သူငယ်လေးများကို တစုတဝေးတည်း စုပေါင်းပြီး ကျောင်းပို့ကြိုလုပ်တဲ့စနစ်ကို ၁၉ ရာစုတစ်ဝက်လောက်မှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က စတင်အသုံးပြုခဲ့ကြပါတယ်။ကလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ သွားလာနိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ စတင်ချိန်က Kid hack ခေါ် မြင်းဆွဲနောက်တွဲယာဉ်များကိုသာ အသုံးနိုင်ပါတယ်။ ၁၈၈၆ ခုနှစ်မှာတော့ Wayne Works (Wayne Corporation) School Bus ကျောင်းကားကို စတင်အသုံးပြုခဲ့ပါတယ်။ အင်ဒီယားနားပြည်နယ်မှာဖြစ်ပါတယ်။ ၁၉၁၂ ခုနှစ်မှာတော့ တော်တော်ဟန်ကျတဲ့ ကျောင်းကားတွေကို သုံးနိုင်နေကြပါပြီ။သစ်သား ကိုယ်ထည်နဲ့ဖြစ်ပါတယ်။ ၁၉၂၇ ခုနှစ်မှာတော့ Ford Model T ကား နာမည်ကြီးလာပါတယ်။ Blue Bird 1 သစ်သားကိုယ်ထည်နဲ့ ကားကြီးတွေအစား သံထည်တွေ၊ ကောင်းမွန်တဲ့ ထိုင်ခုံတွေနဲ့ ကျောင်း ကားတွေ ပေါ်လာပါတယ်။၁၉၃၀ ပြည့်နှစ်တွေမှာတော့ တစ်စီးလုံး စတီးလ်သံ (All Steel Bus) တွေ၊ မှန်တံခါး တွေ နောက်ပိုင်းမှာ အရေးပေါ်ထွက်ပေါက် တွေပါတဲ့ ကျောင်း ကားတွေကို တည် ဆောက် အသုံးပြုလာကြပါတယ်။ ကျောင်းသား တွေအတွက် လုံခြုံရေးကို အထူး အလေးပေးလာကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ ပညာရေးပါရဂူ Dr. FrankW.Cr ဆိုသူ ဦးဆောင်ပြီး ကျောင်းကားများဆိုင်ရာ ကွန်ဖရင့် ကို ကျင်းပခဲ့ပါတယ်။ ကျောင်းသားတွေကိုသယ်ပို့ပေးတဲ့ ကားတွေ စနစ်တကျရှိဖို့၊ လမ်းအသုံးပြုသူတွေက ကျောင်းကားတွေကို အထူးဂရုပြုကြဖို့၊ ကျောင်းကားတွေရဲ့ တည်ဆောက်မှုမှာ အထူးတိကျ လုံခြုံစေဖို့ ဆွေးနွေးကြပါတယ်။ ကျောင်းကားတွေရဲ့ သတ်မှတ် အရောင်ကို အဝါရောင်အဖြစ် သတ်မှတ်ပါတယ်။ အဝါရောင်ဟာ ထင်ရှားစွာမြင်တွေ့နိုင် လို့၊ အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဝါရောင်ကို ကျောင်းကားအရောင်အဖြစ်၊ မြောက်အမေရိကတိုက်နဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ သုံးခဲ့ကြတာ အခုထိဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်ကျော်ကာလတွေမှာ Baby Boom Generation ခေါ် ပညာရှာ မျိုးဆက်တွေ ထွန်းကားလာချိန်မှာတော့ ကျောင်းကားတွေကို အထူး သုံးလာကြပါတယ်။ ၁၉၅၄ခုနှစ်မှာ ဒီဇယ်သုံး၊ ရှေ့နောက် ဝန်ရိုးတွေ ပါတဲ့အပြင် လူ ၉၁ ယောက်အထိ စီးနိုင်တဲ့ ကျောင်းကားကြီးတွေ ပေါ်လာပါတယ်။ ကျောင်းကားတွေရဲ့ အရည်အသွေးတွေကို အစဉ် တစိုက် လေ့လာပြီး၊ တိုးတက် ကောင်းမွန်စေဖို့ ကြိုးစားခဲ့ကြတာ တွေ့ရပါတယ်။ ကျောင်းကားဆိုပြီး တော်ရုံခရီးသည်တင်ကားအဆင့် လောက် အရည်အသွေးရှိရုံနဲ့ မလုံလောက်ပါဘူး။ ကလေးငယ်၊ ကျောင်းသား လေးတွေကိုသာ သီးသန့်တင်ဆောင်ရတာမို့၊ အထူး လုံခြုံစိတ်ချရတဲ့ ကားမျိုး ဖြစ်သင့်ပါတယ်။ 1973 Wayne Lifeguard ကော်ပိုးရေးရှင်းဟာ အရည်အသွေး အမြင့်ဆုံး ကျောင်းကားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးအဖြစ် နာမည်ကြီးပါတယ်။ Structural Integrityခေါ် တည်ဆောက်မှု ကြံ့ခိုင်မှုအတွက် အထူးအလေးပေး စစ်ဆေးဆောင်ရွက်မှု အတွက် US Federal Motor Vehicle Safety Standards for School Buses ကျောင်းကားများဆိုင်ရာ အမေရိကန် ဖက်ဒရယ်မော်တော်ယာဉ် အဆင့်သတ်မှတ်ချက်များကို ၁၉၇၃ ခုနှစ်ကစပြီး စစ်ဆေးသတ်မှတ် ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းကားများရဲ့ အရေးပေါ်တံခါးနဲ့ ပြတင်း ပေါက်များ၊ ကားများကိုယ်ထည်ကြံ့ခိုင်မှုနှင့် အလွယ်တကူ မတိမ်း စောင်းသွားရေး၊ ထိုင်ခုံများ စနစ်ကျရေး၊ လောင်စာဆီအသုံးပြုမှု လုံခြုံရေး စသည်တို့ကို Standard 211 Standard 301 ပြဌာန်းချက်များနဲ့ စိစစ်ဆောင်ရွက်ခဲ့ပါတယ်။ နောက် ပိုင်းမှာတော့ ကျောင်းကားများရဲ့ စွမ်းရည်များဟာ မော်တော်ယာဉ် နည်းပညာများတိုးတက်လာမှုများ နဲ့အတူ တိုးတက်လာပါတယ်။ကျောင်းကားသုံးမှုကြောင့် တစ်စုံ တစ်ဦးမှ မထိခိုက်ရအောင် ကြိုးစား ခဲ့ကြပါတယ်။ အများသုံးဘတ်စ် ကားများ၊ ပစ်ကပ်ကားများကြောင့် ကားပေါ်က ပြုတ်ကျခြင်း၊ တခြား ကားများတိုက်ခိုက်ခြင်းများကို တွေ့ကြရပေမဲ့ ကျောင်းကားဟာ ကျောင်းသားတွေအတွက် အလုံခြုံ ဆုံး၊ စိတ်အချရဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ မော် တော်ယာဉ်စည်းကမ်းများနဲ့ ပတ် သက်ပြီး ၁၉၄၄ ခုနှစ်ကပင် ကျောင်းကားများ အတင်အချလုပ် စဉ်၊ တခြားကားတွေက ရပ်စောင့် ပေးရမယ်။ ကျောင်းသားတွေ လမ်း ဖြတ်ကူးစဉ် အထူးသတိထားစောင့် ပေးရမယ်၊ ကျောင်းကားဟာ သတ်မှတ်အရေအတွက်ပဲ တင် ဆောင်ရမယ်ဆိုတဲ့ အချက်တွေနဲ့ စည်းကြပ်ခဲ့ပါတယ်။ အခုအခါ ကျောင်းကားတွေမှာ ကောင်းမွန်တဲ့ အချက်ပြ မီးစနစ်တွေတပ်ဆင် ထားခြင်း၊ ယာဉ်မောင်းသူများကို လည်း နည်းပညာပိုင်း၊ စိတ်ပိုင်း ဆိုင်ရာတွေမှာ ကောင်းမွန်သူတွေ ဖြစ်အောင် လေ့ကျင့်စစ်ဆေးခြင်း တို့ကို ဆောင်ရွက်နေတာ တွေ့ရ ပါတယ်။ ကျောင်းကားများကို ကိုင်တွယ်မောင်းနှင်သူတွေနဲ့ တာဝန်ရှိသူတွေဟာ သာမန်ကား မောင်းနှင်မှုနဲ့ ခြားနားပြီး၊ အထူး တာဝန်ရှိကြောင်း သိစေတာဖြစ်ပါ တယ်။ ကျောင်းကားတစ်စီးရဲ့ သက်တမ်းဟာ ၉.၃နှစ်သာရှိရပြီး၊ သက်တမ်းကုန်တာနဲ့ အသစ်လဲ ပေးရပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် က သတ်မှတ်ချက်တစ်ခု ဖြစ်ပါ တယ်။ ကျောင်းကားတစ်စီးဟာ ရာနှုန်းပြည့် လုံခြုံစိတ်ချမှုရအောင် အမြဲစစ်ဆေးနေရတာ ဖြစ်ပါ တယ်။
အခုအခါ Disabled Minibus ခေါ် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် အထူးမီနီ ဘတ်စ်ကားများကိုလည်း အသုံးပြု နေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကျောင်းကားများကို တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်ပါတယ်။ နယူး ဇီလန်နိုင်ငံမှာဆိုရင် ပညာရေးဝန်ကြီး ဌာနက တာဝန်ယူ ဆောင်ရွက်တာ တောင် တွေ့ရပါတယ်။ ကျောင်း ကား ကန်ထရိုက်တာများနဲ့ ကား ကုမ္ပဏီကြီးများကို ဝန်ကြီးဌာနက တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပါတယ်။ ကားမှာ SCHOOL, SCHOOL BUS, KURA စသည်ဖြင့် ထင်ရှားစွာ ရေးထားရပါတယ်။ ထင်ရှားတဲ့ အမှတ်အသားများကို လည်း ရေးထားရပါတယ်။ မြို့ထဲ လမ်းရှင်းချိန်မှာ တစ်နာရီ ၈၀ ကီလိုမီတာ (မိုင် ၅၀ နှုန်း)၊ အနှေးဆုံးက၂၀ကီလို (၁၂ မိုင်နှုန်း) သာ မောင်းဖို့ သတ်မှတ်ထားပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း ကျောင်းကားများကို သုံးနေကြပေမဲ့ ကျောင်းကားများရဲ့ အရည်အသွေး နဲ့ မော်တော်ယာဉ်စည်းကမ်းများ မှာ အထူးအလေးပေးထားမှု နည်းပါးနေသေးတယ်လို့ ထင်ပါ တယ်။ ကျွန်တော်အလုပ်သင် ဆရာဝန်လုပ်တဲ့ ၁၉၇၇ ခုနှစ် လောက်က မြောက်ဥက္ကလာပ ဆေးရုံရှေ့ကနေ ကျောင်းကား တစ်စီး ဖြတ်သွားလေ့ရှိတာ သတိ ပြုမိပါတယ်။ မြောက်ဥက္ကလာပက နေ ရန်ကုန်ဒေသကောလိပ်ကို ပို့ ပေးတဲ့ ကားဖြစ်ပါတယ်။ ကားက “ဃ” နံပါတ်ဖြစ်ပြီး၊ ကျောင်းသူ လေးတွေပဲစီးနင်းတာ တွေ့ရပါ တယ်။ ပြောရမယ်ဆိုရင် အလွန် ဟောင်းနွမ်းယိုယွင်းနေပုံရတဲ့ ကားဟောင်းကားအိုကြီး ဖြစ်ပါတယ်။ မကြာပါဘူး၊ ဒီကားကြီး မောင်းလာရင်း၊ တိုင်းရော့ပြုတ် လမ်းဘေးထိုးကျသွားတဲ့အကြောင်း ကြားရတာပါပဲ။ ကျောင်းသူလေးတွေ သေကြေပျက်စီးကြရတယ်လို့တောင် သိရပါတယ်။ သက်ဆိုင်သူများ အမှတ်ရနေဆဲ ဖြစ်နိုင်ပါတယ်။ အလွန်နှမြောဝမ်းနည်းဖွယ် ဖြစ်ပါတယ်။ ရပ်ဝေးခရီးထွက်တာ မဟုတ်ဘဲ မြို့တွင်းကျောင်းသွားရာမှာတောင်၊ အခုလိုအဖြစ်ဆိုးနဲ့ ကြုံကြရတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကျော် နှစ်တစ်ခုကလည်း၊ ဖောင်ကြီး ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း၊ သင်တန်းသားများ အားလပ်ရက် အိမ်အပြန်ပို့တဲ့ ဘတ်စ်ကားတစ်စီးမီးလောင်ပြီး၊ သင်တန်းသူတချို့ သေကြေကြရတာ၊ ဒဏ်ရာတွေရကြတာ မှတ်မိပါသေးတယ်။ ၁၉၉၃ ခုနှစ်မှာ စစ်အစိုးရလက်ထက်ဆရာဝန်များမွမ်းမံ သင်တန်း အမှတ်စဉ် (၅) တက်ရပါတယ်။ အဲဒီတုန်းက အဲဒီဆုံးရှုံး သွားတဲ့ သင်တန်းသူလေးတွေရဲ့ သင်တန်းဆင်းပွဲ ကျင်းပတာကို ကြည့်ခွင့်ရလို့၊ ကျွန်တော်မှတ်မိနေ တာဖြစ်ပါတယ်။ လူမစုံဘဲ ဆင်းရတဲ့ ဝမ်းနည်းစရာ သင်တန်းဆင်းပွဲ လေးကို မမေ့နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျောင်းသားလေးတွေကို သယ် ဆောင်ပို့ပေးတဲ့ ကျောင်းကားတွေကို အထက်မှာဖော်ပြခဲ့သလို စနစ် တကျ စစ်ဆေးတာ ကောင်းတဲ့၊ ကြံ့ခိုင်တဲ့ ကားတွေကိုသာ သုံးခွင့်ပေး တာ၊ ဦးစားပေးရမဲ့ ယာဉ်တွေမှာ ကျောင်းကားတွေလည်း ပါတယ်ဆို တာ အလေးထားသတိ ပြုစေချင်ပါတယ်။ တာဝန်ရှိသူတွေရဲ့ ပေါ့လျော့မှုများကြောင့် အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေ မဆုံး ရှုံးရစေဖို့ သတိပြုသင့်၊ ကာကွယ်သင့်ပါတယ်။ ရန်ကုန်မြို့မှာ ယာဉ် ကြောပိတ်ဆို့မှု၊ အဓိက လမ်းမကြီး တွေရဲ့ဘေးမှာရှိတဲ့ စာသင်ကျောင်း တွေမှာ ကျောင်းကားစနစ်မသုံးဘဲ ကျောင်းသားတစ်ဦး ကားတစ်စီးနဲ့ သုံးနေတဲ့ Light Truck ကားတွေကို ကျောင်းကားအဖြစ်သုံးနေမှုတို့ကို ဖယ်ရှားပြီး ကျောင်းကားများနဲ့ အစားထိုးပြောင်းလဲဖို့ အစီ အစဉ်ရှိကြောင်း သိရလို့ ကြိုဆိုပါတယ်။ အခုအခါ ကျောင်းပို့ ကျောင်းကြိုယာဉ်နဲ့ ကျောင်းတက်တဲ့ ကျောင်းသားပေါင်း ၁၉၃၄၂ ဦး ရှိပြီး၊ ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်တဲ့ ကားပေါင်း ၁၈၉၉ စီး၊ ကျောင်းကား ၈၄၅ စီးရှိရာမှာ Light Truck ပေါင်း ၃၄၀ စီး ရှိတယ်လို့လည်း သိရပါတယ်။ ရန်ကုန်မြို့မှာ ပြောင်းလဲအသုံးပြုမဲ့ ကျောင်းကားက ဟွန်ဒိုင်းအမျိုးအစား မီနီ ဘတ်စ်မဟုတ်ဘဲ၊ လူ ၂၈ ယောက်စီး School Bus (2017 model) ဖြစ်ကြောင်း သိရလို့လည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော် ပြင်ဦးလွင်ဘက်ကို မကြာခဏ ရောက်လေ့ရှိပါတယ်။ ပြင်ဦးလွင်မြို့ မှာ စာသင်ကျောင်းနဲ့ တက္ကသိုလ် ကျောင်းများစွာရှိနေတဲ့ မြို့ကြီး တစ်မြို့ဖြစ်နေပါပြီ။ ခေတ်ပညာရေးရဲ့ သဘာဝအတိုင်း တက္ကသိုလ် မှန်သမျှ တောမှာရှိနေတာမို့ တက္ကသိုလ်တွေဟာ မြို့နဲ့ အနည်းဆုံး မိုင် ၂၀ ဝန်းကျင်မှာ ရှိနေလေ့ ရှိပါ တယ်။ ကျောင်းနဲ့မြို့ အဆောင် တွေကို ကျောင်းသားတွေကို Light Truck ကားများသာ သုံးကြတာ တွေ့ရပါတယ်။ Light Truck ဟာ ဝန်ပေါ့တင် ကုန်တင်ယာဉ်ငယ်လို့ ပဲ ထင်ပါတယ်။ လူစီး၊ လူတင်ဖို့ ယာဉ်တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဆီမှာ ဒီကားအမျိုး အစားကို လူစီးယာဉ်အဖြစ် အများ အပြားသုံးနေတာ တွေ့ရပါတယ်။ ဒါကြောင့် မတော်တဆမှုတွေ မကြာခဏ ဖြစ်နေတာလည်း တွေ့ရ ပါတယ်။ အခုဖော်ပြခဲ့တဲ့ Light Truck ကျောင်းကားမှာ ကျောင်းသားလေးတွေ အပြည့်တင်ပြီး တောင်တက်၊ တောင်ဆင်း ခရီး သွားနေတာ တွေ့နေရလို့ စိတ်ထဲ စိုးရိမ်မိတာအမှန်ပါ။ တကယ်တော့ ကျောင်းကားအဖြစ် သုံးမဲ့ ယာဉ်ဟာ အထက်မှာဖော်ပြခဲ့သလို ကြံ့ခိုင်တောင့်တင်း၊ လုံခြုံ စိတ်ချရမဲ့ ယာဉ်အမျိုးအစား၊ ကျောင်းကား၊ ခရီးသည်တင်ကား ကောင်းမျိုးသာ ဖြစ်သင့်ပါတယ်။ ဒီအခြေအနေတွေကို သေချာစွာ စစ်ဆေးဆောင်ရွက်နိုင် လိမ့်မယ်လို့ ထင်မိကြောင်းပါခင်ဗျား။

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)