ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရှောင်သင့်တဲ့အစားအစာတွေရှိပါတယ်။ အဲဒါတွေကတော့…..

အသားစိမ်း၊ ငါးစိမ်းများ
———————-
– ပင်လယ်စာများ အစိမ်းစားခြင်း၊ ကမာကောင် (သို့မဟုတ်) အသားစိမ်းများနှင့် လိပ်ထားသော၊ ချက်ပြုတ်မထားသော အသားဖြင့်ပြုလုပ်သည့် ဆူရှီတို့ကို ရှောင်ကြဉ်ရပါမယ်။

– အဓိကကတော့ အသားများကို အစိမ်းစားခြင်း၊ မကျက်တကျက် ကင်ထား၊ ချက်ထားသော အစား အစာများစားခြင်းတို့ကို လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

– အဲဒီအစားအစာတွေက မမွေးလာသေးတဲ့ ကလေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားပိုးမွှားများ ကပ်ငြိတွယ်နေသော အစားအစာများ ဖြစ်ပါတယ်။

မကျိုးချက်ရသေးသော နို့ နှင့် နို့ထွက်ပစ္စည်းများ
———————————————
– နွားနို့ကို မကျိုမချက်ဘဲ အစိမ်းအတိုင်းသောက်ခြင်း၊ ပိုးသန့်စင်ထားခြင်းမရှိသည့် နို့မှပြုလုပ်သည့် ဒိန်ခဲများကိုလည်း ရှောင်ရပါမယ်။

ငါး

– ငါးအားလုံးလိုလိုမှာ ပြဒါးဓာတ် အနည်းငယ်စီ ပါဝင်နေပါတယ်။ ပြဒါးဓာတ်လွန်ကဲလျှင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်မှာ ဖြစ်ပါတယ်။

– အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က တစ်ပတ်လျှင် (၁၂) အောင်စနှင့် ညီမျှသော ငါး (၂) ကြိမ်ထက် ပိုမစားရန် လမ်းညွှန်ထားပါတယ်။

အရက်
——–
– အရက်နှင့် အရက်ပါဝင်သော ဖျော်ရည်များကို လုံးဝ မသောက်ရပါဘူး။

– ကိုယ်ဝန်ဆောင်ချိန် အရက်သောက်လျှင် မွေးလာမဲ့ ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ၊ စာသင်ကြားရန် ခက်ခဲမှုများအပြင် စိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာများလည်း ခံစားရနိုင်တဲ့အတွက် ကျွမ်းကျင်ပါရဂူများက ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး အရက်လုံးဝမသောက်ရန် ညွှန်ကြားထားပါတယ်။

ကဖင်းဓာတ်ပါသော အရည်များ
—————————–
☕ ထိုနည်းတူ ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါအချို ရည်များ၊ ကိုကိုး၊ ချောကလက်တို့ကိုလည်း လျှော့သောက်သင့်ပါတယ်။ ဒါမှမဟုတ် ဖြတ်ရန် စဉ်းစားသင့်ပါတယ်။ ကိုယ်ဝန်ပထမ (၃) လအတွင်းမှာ ပိုပြီးလျှော့သင့်ပါတယ်။ တကယ်လို့ မသောက်ဘဲ မနေနိုင်ဘူးဆိုရင် တဖြည်းဖြည်းချင်း လျှော့သောက်သွားတာမျိုး လုပ်သင့်ပါတယ်။

☕ လေ့လာမှုများအရ တစ်နေ့လျှင် ကဖင်း (၂၀၀) မီလီဂရမ်နှင့်အထက် (၁၂ အောင်စ) သောက်သော ကိုယ်ဝန်ဆောင်များမှာ လုံးဝမသောက်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများကြောင်း တွေ့ရှိထားပြီးဖြစ်ပါတယ်။

☕ ကဖင်းဓာတ် ပမာဏ အလွန်များလျှင် ပေါင်မပြည့်၊ လမစေ့ကလေးမွေးခြင်း၊ ကလေးအသေမွေးခြင်းများနှင့် ဆက်စပ်လျက်ရှိတာကိုလည်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။

☕ ဖြစ်နိုင်ရင်တော့ ကဖင်းဓာတ်ထုတ်ထားသော ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါအချိုရည်များ ရွေးချယ်သောက်ပါ။