ကုလသမဂ္ဂအထွေထွေ ညီလာခံမှာကျင်းပတဲ့ တီဘီတိုက်ဖျက် ရေး အစည်းအဝေးရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး တီဘီတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ဆောင်ရွက်နေသူများက အားမရ ကြပါဘူး။ အကြောင်းတစ်ချက်က မြောက်အမေရိကနဲ့ ဥရောပ ထိပ်သီးနိုင်ငံများက နိုင်ငံရေးခေါင်းဆောင်တွေ မတက်ရောက်ခဲ့ကြတာပါ။ အဲသည်နိုင်ငံတွေကသာ ကမ္ဘာလုံးဆိုင်ရာ တီဘီ တိုက်ဖျက်ရေး ရန်ပုံငွေကို အဓိကထောက်ပံ့နေကြတာပါ။

နောက်တစ်ချက်က အစည်းအဝေးက ထုတ်ပြန်လိုက်တဲ့ ရည်မှန်းချက်များဟာ အားလုံးခြုံငုံထားတဲ့ အပေါ်ယံသုံးသပ်ချက် တွေ ဖြစ်နေတယ်။ နိုင်ငံအလိုက်၊ ဒေသအလိုက် တိတိပပ မျှော်မှန်း ထားတဲ့ ရည်မှန်းချက်တွေမဟုတ်ပါဘူး။ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ဆောင်ချက်များရဲ့ အောင်မြင်မှုပမာဏကို တိုင်းတာမဲ့ ပေတံတွေ၊ စောင့်ကြည့် စစ်ဆေးမဲ့ အစီအစဉ်တွေ ထည့်ရေးဆွဲ မထားပါဘူး။

တီဘီတိုက်ဖျက်ရေး ရန်ပုံငွေတွေထည့်ဝင်ကြဖို့ သည်အစည်း အဝေးကနေ ဆော်ဩခဲ့ပေမဲ့ ဘယ်သူတွေက လှူရမယ်၊ ရလာတဲ့ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာတွေ မပါပြန်ဘူး။ ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင် ကမကထပြု ဆောင်ရွက်တယ်ဆိုပေမဲ့ တီဘီ တိုက်ဖျက်ရေးလုပ်ငန်းများ မအောင် မမြင်ဖြစ်ခဲ့ရင်၊ အခက်အခဲတွေ ကြုံလာရင် ဘယ်သူက တာဝန်ယူ
ခေါင်းခံဖြေရှင်းပေးမယ်ဆိုတာလည်း မပါဝင်ဘူး။

ပညာရှင်တချို့ ထောက်ပြချက်မှာ တီဘီရောဂါဟာဖြင့် ဆင်းရဲ မွဲတေမှု၊ အခွင့်အရေးမညီမျှမှုစတဲ့ နောက်ခံအကြောင်းရင်းတွေ ကြောင့် ဖြစ်ရတယ်။ ယနေ့ကမ္ဘာမှာ နာမည်ကျော်နေတဲ့ တစ်နိုင်ငံလုံး လွှမ်းခြုံ ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Care) လို အစီအမံမျိုးနဲ့ ဆောင်ရွက်မှသာ တီဘီ ရောဂါကိုထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့အနေနဲ့ တီဘီတိုက်ဖျက်ရေးနဲ့ ပတ်သက်လာရင် UHC စနစ်မျိုးကို သက်ဆိုင်ရာနိုင်ငံတိုင်းမှာ ပေါ်ပေါက်လာဖို့ အကူအညီပေးသင့် တယ်လို့ ထောက်ပြကြပါတယ်။
ကုလသမဂ္ဂအဖွဲ့အနေနဲ့ နိုင်ငံရေးမူဝါဒ ချမှတ်နိုင်သူတွေကို စုရုံးပြီး တီဘီတိုက်ဖျက်ရေးအခန်းကဏ္ဍကို တွန်းအားပေး ဆောင်ရွက်ခဲ့တာ ဖြစ်ပေမဲ့ အဖြစ်မှန်နဲ့ ဝေးကွာပြီး ယုတ္တိမတန်တဲ့ အစည်းအဝေး တစ်ခုသာ ဖြစ်ခဲ့တယ်လို့ သုံးသပ်နေကြပါကြောင်း။
Ref: Tuberculosis at the United Nations: a missed chance from Lancet Infectious

 

ဒေါက်တာမိုးဆွေ