ယခုတစ်ပတ် ထူးထူးခြားခြားကဏ္ဍမှာတော့ လူသားချင်းစာနာ နားလည်စိတ်ရှိ သူများအနေနဲ့ ထူးခြားမည်မဟုတ်သော်လည်း အများသူငါ သာမန်လူများအတွက် ထူးထူးခြားခြားဖြစ်မယ်လို့ ထင်ရသော သတင်းတစ်ပုဒ်ကို တင်ဆက်လိုပါတယ်။ အဲဒါကတော့လာမည့် ၂၀၂၀ ပြည့်နှစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အိုလံပစ်အားကစားပွဲတော်တွင် အိုလံပစ်မီးရှူးတိုင်ကို လက်ဆင့်ကမ်း သယ်ယူပေးကြမည့် အားကစားသမားများ အပါအဝင် ထင်ရှားသည့်ပုဂ္ဂိုလ်များထဲမှာ အနာကြီးရောဂါဖြစ်ပွားခံစားခဲ့ရပြီးနောက် ဆေးကုသမှုခံယူပြီး ရောဂါပျောက်ကင်းနေ ပြီဖြစ်သည့် ဂျပန်လူမျိုးတစ်ဦးက ပါဝင်သယ်ဆောင်မည်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
တိုကျိုအိုလံပစ်ဆိုပေမဲ့ မီးရှူးတိုင်ကို ဂျပန်နိုင်ငံအတွင်း သယ်ယူရာမှာ ဟီရိုရှိး မားစီရင်စုအတွင်းမှာလည်း သယ်ယူကြမှာ ဖြစ်ပါတယ်။ အိုလံပစ်မီးရှူးတိုင်ကို လက်ဆင့်ကမ်းသယ်ယူရမဲ့အပြေးသမားတွေရဲ့ စာရင်းကို ၁၇-၁၂-၂၀၁၉ရက်နေ့က ကြေညာခဲ့ရာမှာ အသက်ရာကျော်ပြီဖြစ်တဲ့ အား ကစားသမားတစ်ဦးလည်းဖြစ်၊ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲများတွင် ဆင်နွှဲခဲ့ရ သော်လည်း မသေဘဲ ကျန်ရစ်ခဲ့သူလည်း ဖြစ်တဲ့အပြင်အနာကြီးရောဂါလူနာဟောင်းတစ်ဦးလည်းဖြစ်တဲ့ သူ့ရဲ့ အမည်လည်း ပါဝင်ခဲ့ပါတယ်။
မီးရှူးတိုင်သယ်ယူမဲ့ ပုဂ္ဂိုလ်အပြေးသမားများထဲမှာ သမိုင်းကိုယ်စီရှိကြပြီး နောက်ခံဘက်ဂရောင်းလည်း ကွဲပြားခြားနားတဲ့ ပုဂ္ဂိုလ်များပါဝင်ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ဟာ အိုလံပစ် မီးရှူးတိုင်ကို သယ်ဆောင်လာရာမှာ နောက်ဆုံးစင်မြင့်ဖြစ်တဲ့ အမျိုးသားအားကစားရုံထဲအထိ ရောက်အောင် သယ်ဆောင်ကြမှာဖြစ်ပါတယ်။ ရာဆုဂျီဟီရာဆာဝါး Yasuji Hirasawa အမည်ရှိ အသက် ၉၂ နှစ်ရှိပြီ ဖြစ်တဲ့ အနာကြီးရောဂါ လူနာဟောင်းတစ်ဦးသည် အမျိုးသားအနာကြီးရောဂါသည်များစခန်းရဲ့ အကြီးအကဲ လည်းဖြစ်ပါတယ်။ တိုကျိုမြို့ရဲ့ အနောက်ပိုင်းမှာရှိတဲ့ အဲဒီအနာကြီးရောဂါသည်များစခန်းဖြစ်ပါတယ်။
Hansen’s Disease လို့လည်းခေါ်တဲ့ အနာကြီးရောဂါဟာ ရောဂါသည်များရဲ့ ပတ်ဝန်းကျင်ဟာ ဂျပန်နိုင်ငံအတွင်း ကျင်းပပြုလုပ်ခဲ့သော ၁၉၆၄ ခုနှစ် တိုကျိုအိုလံပစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် တိုကျို အိုလံပစ်တို့ကြားမှာ များစွာပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ ပြောင်းလဲမှုကတော့ ၁၉၉၆ ခုနှစ်မှာ အငြင်းပွားဖွယ် အနာကြီးရောဂါကာကွယ်ရေးဥပဒေကို ပယ်ဖျက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ယခင်တုန်းကတော့ အနာကြီး ရောဂါသည်များဟာ ခွဲခြားနှိမ့်ချဆက်ဆံခြင်းခံခဲ့ကြရပါတယ်။
ယခု အိုလံပစ်မီးရှူးတိုင် သယ်ဆောင်မဲ့ အနာကြီးရောဂါသည်ဟောင်း ဟီရာဆာဝါက ဘာပြောခဲ့သလဲဆိုရင် “အနာကြီးရောဂါသည် ကုသပျောက်ကင်းနိုင်သောရောဂါဖြစ်သည်ဟု လူတွေနားလည်နိုင်စေရန်အတွက် ယခုလိုမီးရှူးတိုင်သယ်ဆောင်ခြင်းဖြင့် အခွင့်အရေးတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟူ၍ ပြောခဲ့ပါတယ်။
တိုကျိုမြို့ရဲ့ မြောက်ဘက် Koga ကိုဂါဟုခေါ်သောမြို့တွင် မွေးဖွားခဲ့သည့် ဟီရာဆာဝါသည် အသက် ၁၃နှစ်အရွယ်မှာ အနာကြီးရောဂါရဲ့ ဝေဒနာလက္ခဏာများ စတင်ခံစားခဲ့ရပါတယ်။ နောက်တစ်နှစ် အကြာမှာ သူ့ကိုနေရာပြောင်းရွှေ့နေထိုင်စေခဲ့ပြီး သူဟာ အနာကြီးရောဂါနဲ့ပတ်သက်တဲ့ ဇာတ်လမ်းများကို တက်တက်ြွကြွကပြောဆိုသူတစ်ဦးဖြစ်နေပါတယ်။ မူလတန်းကျောင်းများနဲ့ အခြားသော အခမ်းအနား များမှာ ကလေးများအား သူ့ရဲ့အတွေ့အကြုံများအား ပြောပြလေ့ရှိသူဖြစ်ပါတယ်။
ယခုနှစ် ဇူလိုင်လတွင် ဂျပန်အစိုးရက အနာကြီးရောဂါသည် မိသားစုဝင်များအတွက် ခွဲခြားနှိမ့် ချဆက်ဆံခံရခြင်းအတွက် လျော်ကြေးပေးရမည်ဆိုသောပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ အဲဒီပြဋ္ဌာန်း ချက်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြဋ္ဌာန်းထားခဲ့သော ခွဲခြားဆက်ဆံမှုဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ခုဖြစ်ပါ တယ်။ ဟီရာဆာဝါက လူ့အဖွဲ့အစည်းထဲမှာ ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ ရှိနေသေး တယ်လို့ ဆိုခဲ့ပါတယ်။
၁၉၆၄ ခုနှစ် တိုကျိုအိုလံပစ်မှာတုန်းက ဟီရာဆာဝါဟာ လမ်းပေါ်မှာကျင်းပနေတဲ့ မာရသွန် ပြေးပွဲ တစ်ခုကို တိုကျိုမြို့တော်ရဲ့ ဆင်ခြေဖုံးဒေသတစ်ခုကပဲ စောင့်ကြည့်ခဲ့ရပါတယ်။ အဲဒီပြိုင်ပွဲမှာ တတိယဆု ရခဲ့တဲ့ ဂျပန်အားကစားသမားကို သူကအားပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများမှ အနာကြီးရောဂါသည်ဟောင်းများဟာတိုကျို မြို့မှာရှိတဲ့ အမျိုးသားအားကစား ရုံထဲမှာ အဲဒီပြေးပွဲကို လာရောက်ကြည့်ရှုခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့လို ဘဝတူ အနာကြီးရောဂါသည်ဟောင်းများဖြစ်တဲ့ ဂျပန်နိုင်ငံသားများကတော့ အားကစားပြိုင်ပွဲရုံရဲ့ အပြင်ဘက်မှာသာနေကြဖို့ ဖိအားပေးခံခဲ့ရပြီး ဒါဟာလည်း အဲဒီအချိန်ကထုတ်ပြန်ထားခဲ့တဲ့ အနာကြီး ရောဂါကာကွယ်ရေး ဥပဒေအရ ဖြစ်ပါတယ်။
“အိုလံပစ်အားကစားပွဲများဟာ ကျွန်တော်တို့ လက်လှမ်းမမီနိုင်တဲ့နေရာ ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ အရင်တုန်းကတော့ ကျွန်တော်တို့ကိုခွင့်မပြုခဲ့ကြပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ စိတ်ဆင်းရဲခဲ့ကြရပါတယ်” ဟူ၍ ဟီရာဆာ ဝါက ပြန်ပြောင်းပြောခဲ့ပါတယ်။
၅၆နှစ်ကြာမြင့်ပြီးတဲ့နောက်မှာတော့ ယခုအခါ ဟီရာဆာဝါ အဖို့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့ မှာ ကျင်းပမဲ့ ကမ္ဘာ့အိုလံပစ်အားကစားပွဲတော်အတွင်းမှာ အခြားသောနိုင်ငံများမှ ကျောင်းသားများနှင့် အတူ အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်ခွင့်ရတော့မှာဖြစ်ပါတယ်။ ခွဲခြားနှိမ့်ချခံခဲ့ရပြီး သေဆုံးခဲ့ရတဲ့ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ဝိညာဉ်တွေကို ယခု ကျွန်တော်အိုလံပစ်မီးရှူးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်ခြင်းက နှစ်သိမ့်ပေးနိုင်မယ်လို့ ထင်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။
နောက်ထပ်အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ခွင့်ရခဲ့သူတစ်ဦးကတော့ အသက် ၁၀၂နှစ်ရှိပြီ ဖြစ်တဲ့ ဟီရိုရှိမားမြို့တော်က Shoji Tomihisa ဖြစ်ပါတယ်။ ၎င်းကတော့ ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်း ဟီရိုရှိးမားမြို့ကို အနုမြူဗုံးကျဲချခံရပြီးနောက် ဓာတ်ရောင်ခြည်သင့်ခံခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။

အယ်ဒီတာ