မိုမီလာဂျိုရှီ ကဗျာရွတ်ပြီးသွား သောအခါ သူတို့နှင့်အတူ ပါလာ သော စာရေးဆရာတစ်ဦးက မိုမီလာ၏ ကဗျာအဓိပ္ပာယ်ကို အင်္ဂလိပ်ဘာသာဖြင့် အကျဉ်းချုပ် ဘာသာပြန်ပေးသဖြင့် သူမကဗျာ တွင် ရေးသားထားသော အကြောင်း အရာများကို မိမိတို့ သိကြရခြင်း ဖြစ်၏။ ဘာသာပြန်ပေးသည့် နီပေါ စာရေးဆရာမှာ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော အင်္ဂလိပ်စာ ပါမောက္ခအမျိုးသား တစ်ဦးဖြစ်သည်။ မိမိတို့က မိုမီလာ ကဗျာရွတ်ပြီးသောအခါ လက်ခုပ် တီး၍ ဩဘာပေးလိုက်ကြ၏။
မိုမီလာပြီးသောအခါ မိမိတို့ မြန်မာစာရေးဆရာများဘက်က လည်း ကဗျာရွတ်ပါဦးဟု နီပေါ စာရေးဆရာ မိတ်ဆွေများက တောင်းဆို မေတ္တာရပ်ခံလာကြ၏။ သို့နှင့် မဆိုင်းမတွဘဲ မိမိကပင် ကဗျာရွတ်ပါမည်ဟု ကြေညာကာ မြန်မာကဗျာတစ်ပုဒ်ကို ရွတ်ဆို လိုက်ရသည်။ ထိုကဗျာမှာ အခြား မဟုတ်ပါ။ မြန်မာ့ခေတ်စမ်းစာပေ စာဆိုကဗျာဆရာကြီး မင်းသုဝဏ် ၏ “လယ်တောကအပြန်ပန်ချင် တယ် ခရေဖူးဆိုလို့ မောင်ခူး ကာပေး” ကဗျာပင် ဖြစ်ပါသည်။ မိမိက ထိုကဗျာကို ရွတ်ရာတွင် စာသံ၊ ကဗျာသံမဟုတ်ဘဲ ရုပ်ရှင် မင်းသား စာရေးဆရာ ဒါရိုက်တာ ကွယ်လွန်သူ မင်းသားကြီးသုမောင် သီချင်းကဲ့သို့ အသံသွင်းပြီး သီချင်း ဆိုသလို ဆိုထားသည့်အတိုင်း ဆိုလိုက်ခြင်းဖြစ်သည်။


ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူး သော “နှောင်းတမြေ့မြေ့” ရုပ်ရှင် ဇာတ်ကားတွင် ဇာတ်ဝင်ခန်းသီချင်း အဖြစ် မြိုင်ထသီချင်းတစ်ပုဒ်ကို သုမောင် သီဆိုခဲ့ရာ ရေဆင်း ခြေခင်းအပိုဒ်မှာ “လယ်တောက အပြန်” ကဗျာကိုသီဆိုထားခြင်းဖြစ် သည်။ ဒွေးချိုးကဗျာအဖြစ် ရေးသား ထားသည်ကို မဟာဂီတသီချင်း အစ၏ခွန်းထောက်သဖြန်သဖွယ် သီဆိုထားခြင်းဖြစ်သည်။ မိမိက သီချင်းအသံနေအသံထား သီချင်း အလိုက်အတိုင်း သီဆိုလိုက်ခြင်း ဖြစ်ရာ ဂီတတေးသီချင်းတစ်ပုဒ် သီဆိုနေမှန်း ကြားရသူတိုင်း နားဆင်ခန့်မှန်းနိုင်ကြသည်။ ထို့ပြင် မိမိကမိမိအိမ်ထဲတွင်ဆိုသလိုလွတ်လွတ်လပ်လပ်နှင့်အကျယ်ကြီးအော် ဆိုနေသည်ဖြစ်ရာ မိမိသီဆိုသော ဂီတတေးသီချင်းသံက စားသောက် ဆိုင်ခန်းမတစ်ခုလုံး လွှမ်းခြုံသွားသည်။ မိမိ၏ သီချင်းဆိုသံကြောင့် ရှိသမျှ စားသောက်ဝိုင်းတွေက လူများ စကားပြောသံများ တိတ် သွားကာ မိမိကို လှည့်ကြည့်ကြပြီး သီချင်းသီဆိုမှုကို ငြိမ်သက်စွာ နားထောင်နေကြသည်။ မိမိမှာ ဂေါ်ရခါး ယမကာအရှိန်လေးလည်း ရနေပြီဖြစ်ပြီး သီချင်းဆိုရတာ လည်း ဈာန်ဝင်သွားပြီဖြစ်သည်။ ကောင်းကောင်းအပီအပြင် ဆိုပြ ဟဲပြလိုက်သည်။
မနက်တုန်းဆီက ကြော့ဖုန်း ကို မောင်မြင်တော့၊ သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ် လေး (လေးဟေးဟေး) ဂုဏ်တင့် တယ်လေး (ဟေးဟေး- လေးဟေး ဟေး လေးဟေးဟေး) ဟူသော အချပုဒ်ကို သံရှည်ဆွဲ ခုနစ်သံချီ ဟစ်ကာ တင်လိုက်ပြီးမှ အသံကို ဖြည်းဖြည်းချင်း ပြန်ချပေးလိုက် ကာ အဆုံးသတ်ပေးလိုက်သည်။ ငြိမ်သက်တိတ်ဆိတ်နေသော အခန်းထဲတွင် မိမိသီချင်းသံ ပြီးဆုံးသွားသောအခါ အားလုံးက လက်ခုပ် လက်ဝါးများ တဖြောင်းဖြောင်းတီးကြကာ မိမိအား အားပေးချီးကျူး ဂုဏ်ပြု ဘရာဗိုလုပ်ကြလေသည်။
စားသောက်ဆိုင် ခန်းမထဲတွင် နိုင်ငံတကာမှ ဧည့်သည် ပေါင်းစုံရှိရာ မျက်နှာဖြူ ကျား၊ မ ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင်ပြီး ၎င်းတို့ကိုယ်တိုင်လည်း သူတို့ပြောနေကြသည့် စကားဝိုင်းကို ရပ်ပြီး မိမိ၏ သီဆိုမှုအောက် တွင် စီးပါလိုက်မျောသွားကြကာ သီဆိုမှုအဆုံး၌ အားလုံးနီးပါး လက်ခုပ်တီး၍ ဩဘာပေးကြသည် ကို တွေ့ရသောအခါ မိမိလည်း ငါ့အသံနဲ့ အဆိုကောင်းလှချည် လားဟု ဘဝင်မြင့်သွားချင်သလို လိုပင်ဖြစ်မိ၏။ မိမိ၏ ကဗျာသီဆိုမှုကို ညစာဧည့်ခံပွဲ တက်ရောက် ရာတွင် ပါဝင်သော အခြားနီပေါ ကဗျာဆရာမတစ်ဦးက သူမ၏ ကင်မရာဖုန်းဖြင့် ဗီဒီယိုရိုက်ကူးထားနိုင်လိုက်၍ နောက်မှ ပြန် ကြည့်ရသည်။ ထို ဗီဒီယို အပိုင်း အစကို ဘယ်နားသိမ်းထားမိမှန်း မသိ၍ ယခုပြန်ရှာမရသောကြောင့် မဖော်ပြနိုင်ပါ။


မိမိ၏ ကဗျာသီချင်းရွတ်ဆိုမှု အပြီးတွင် ဆရာဟိန်းလတ်က ကဗျာ၏အကြောင်းအရာ အနက် အဓိပ္ပာယ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်၍ ရှင်းလင်းပြောပြသည်။ အထူးသဖြင့် “သူ့ဆံပင် နှင်းဆီပွင့် တွေနဲ့ ဂုဏ်တင့်တယ်လေး” ဟူ သော စာသား၏ အဓိပ္ပာယ် ဆိုလို ရင်းကို မိမိရရ ရှင်းပြသည်။ ဂုဏ် တင့်တယ်ခြင်းဟူသော စကားလုံး မှာ ကဗျာဆရာက သူမပိုင်ဆိုင် လိုက်ရသော သို့မဟုတ် ချစ်ခွင့် မပန်လိုက်ရသော၊ မပေးလိုက်ရ သော ခရေဖူးအစား အခြားသူ တစ်ဦးက ဆင်မြန်းပေးသွားသည့် နှင်းဆီပန်းများနှင့် တင့်တယ်လှပ ဂုဏ်ရှိလှသည်ဟု မုဒိတာပွားနိုင် သော ကဗျာဆရာ၏ စိတ်ဓာတ်ကို ပေါ်လွင်အောင် ရှင်းပြသွားသည်။ မနာလိုခြင်းမဖြစ်၊ စိတ်ပျက် အားလျှော့ခြင်းမဖြစ်၊ မိမိထက် သာလွန်သူနှင့် တွေ့သွားသည့် အတွက် ဝမ်းသာပီတိ ဖြစ်မိပုံကို အဓိပ္ပာယ်ပေါ်လွင်အောင် ရှင်းပြ ပေးခဲ့ရာ နီပေါစာရေးဆရာမိတ်ဆွေ များလည်း နှစ်ခြိုက်သဘောကျ ကြောင်း ချီးကျူးပြောဆိုကြသည်။
တကယ်တော့ “လယ်တောက အပြန်” ကဗျာကို မိမိရွတ်ဆိုပြခဲ့ ခြင်းမှာ ယခုမှမဟုတ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်စာပေ စကားဝိုင်း တုန်းကလည်း စကားဝိုင်းနောက်ဆုံး ည၌ တက်ရောက်လာသော နိုင်ငံ တိုင်းမှ မိမိတို့နိုင်ငံ စာပေ၊ ယဉ်ကျေး မှု၊ ဂီတများကို အလှည့်ကျ ဖျော်ဖြေ ကြရတုန်းကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြု၍ မိမိက ထိုကဗျာကို သုမောင် သီချင်းသီဆိုမှုအတိုင်း သီဆိုဖျော်ဖြေခဲ့ဖူးသည်။
အဆိုပါ အကြောင်းအရာများ နှင့် ပတ်သက်၍ စာရေးဆရာ မှော်ဝန်းကြည်မြတ်က စံတော်ချိန် သတင်းစာတွင် ခရီးသွားဆောင်းပါး ရေးရာ၌ ဖော်ပြခဲ့ဖူးသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)