WCS Myanmar အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ ယခုနှစ် (၂၀၁၉ခုနှစ်)ဇူလိုင်လ ၂၀ ရက်နေ့ဝန်းကျင်က အောင်လောင်ငှက် တစ်ကောင်ကို ကျိန္တလိမြို့အနီး နှင်းကွင်းကျေးရွာက လူငယ်တစ်ဦးမှ လောက်လေးနှင့် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ရွာသူရွာသားများနှင့် RCA, KIFCA အဖွဲ့သားများမှ တောထဲသို့ ပြန်လွှတ်ပေးခဲ့ကြောင်း ဖတ်ရှုသိရှိရပါတယ်။

အောင်လောင်ငှက်ဆိုသည်မှာ
အောင်လောင်ငှက်ကို အင်္ဂလိပ်လို The Great Hombill ဟု ခေါ်ဆိုပြီး အိန္ဒိယကုန်းတွင်းပိုင်း ဒေသနှင့် မြန်မာအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေမှာ တွေ့ရှိရပါတယ်။ ၎င်းဟာ ခန္ဓာကိုယ် အရွယ်အစားကြီးမားပြီး အရောင်အသွေးလှပတာကြောင့် လူမျိုးစုတော်တော်များများဟာ ၎င်းငှက်ရဲ့ အမွေးအတောင်တွေကို ရိုးရာအဖြစ် ဆင်ယင်ကြပါတယ်။ ၎င်းဟာ အသက်ရှည်သော ငှက် မျိုးဖြစ်ပြီး ဖမ်းဆီးမွေးမြူထားတဲ့ ငှက်တောင်မှ နှစ် ၅၀ ခန့် အသက်ရှည်ပါတယ်။ အချို့လူမျိုးစု တွေမှာ အောင်လောင်ငှက်ရဲ့ အမွေးပါတဲ့ ဦးထုပ် မဆင်ယင်ဘူးဆိုလျှင် မပြည့်စုံပါဘူး။
အောင်လောင်ငှက်ရဲ့ အချို့အစိတ်အပိုင်းတွေကို ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆမှားတွေ လည်း ရှိပါတယ်။ ဒါကြောင့် ၎င်းကို အမဲလိုက်သတ်ဖြတ်ခြင်း၊ အောင်လောင်ငှက်ရဲ့ စားကျက် နေရာတွေ ပျောက်ဆုံးခြင်းတို့ကြောင့် မျိုးသုဉ်းမဲ့အန္တရာယ်နဲ့
ကြုံတွေ့နေရတဲ့ အနီရောင်အဆင့် စာရင်း
မှာ IUCN မှ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၏ အမှတ်အသား
အောင်လောင်ငှက်ဟာ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ရဲ့ အမှတ်အသားငှက် (State Bird) ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ Kerala နဲ့ Arunachal ပြည်နယ်တို့ရဲ့ အမှတ်အသားငှက် ဖြစ်ပါတယ်။
အောင်လောင်ငှက်ဟာ အထီးနဲ့ အမ စုံတွဲနေလေ့ရှိတဲ့ငှက်ဖြစ်ပါတယ်။ သစ္စာရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့ ဥပမာတစ်ခု အဖြစ်လည်း ကျော်ကြားပါတယ်။
၎င်းငှက်ဟာ ဘဝအဖော်ရွေးချယ်တဲ့အခါ အင်မတန် ဇီဇာကြောင်စွာ ရွေးချယ်လေ့ရှိပြီး၊ရွေးချယ်တဲ့ တစ်ကောင်ကိုသာ ရာသက်ပန်
ပေါင်းဖက်တဲ့ စရိုက်သဘာဝရှိတာကြောင့် ဖမ်းဆီးထားတဲ့ အကောင်တွေ မျိုးပွားဖို့က အနည်းငယ်ခက်ခဲပါတယ်။ အောင်လောင်ငှက်တွေကို
ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ လူမျိုးစုတွေဆင်ယင်ဖို့ အမွေးအတောင်ကို ဖမ်းဆီးမွေးမြူထားတဲ့ ငှက်များထံမှ
ရယူခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံတွင် အထူးသဖြင့် ချင်းပြည်နယ်တွင် တွေ့ရလေ့ရှိသော အောင်လောင်ငှက်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါစို့။

ခိုင်မွန်ကျော်