အစားအသောက်နဲ့ ကင်ဆာဆက်စပ်မှုတွေကို ခေတ်အဆက်ဆက် ပညာရှင်တွေ သုတေသနပြုလုပ်နေကြတာရှိပါတယ်။ ကင်ဆာအမျိုးပေါင်း နှစ်ရာကျော်ရှိရာမှာ အစားအသောက်နဲ့ဆက်စပ်တဲ့ ကင်ဆာအမျိုးအစား အများအပြား မရှိပါ။ အဲသည်ထဲကမှ အစားအသောက်နဲ့ အတော်လေး ဆက်စပ်မှုရှိတဲ့၊ သုတေသနတွေ့ရှိချက် အခိုင်အမာလည်းရှိတဲ့ အူမကြီး ကင်ဆာနဲ့ ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အစားအသောက် များအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
အူမကြီးကင်ဆာဟာအဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေထဲ တစ်ခုအပါဝင်ပါ။ ပုံမှန်အားဖြင့် အသက် ၅၀ ကျော်နောက်ပိုင်း အဖြစ် များတဲ့ ကင်ဆာဆိုပေမဲ့ အနည်းစုလူငယ်တွေမှာလည်း ဖြစ်ကြတာ တွေ့ရ ပါတယ်။ အူမကြီးကင်ဆာနဲ့ ပတ်သက်လာရင် ရောဂါမဖြစ်ရအောင် ကြိုပြီးရှောင်ထားသင့်တဲ့ အစားအသောက်တွေရှိသလို ရောဂါကုသနေဆဲနဲ့ ကုသမှုအပြီးနောက်ပိုင်းမှာ ဆောင်ရန်၊ ရှောင်ရန် အစားအသောက်တွေ လည်း ရှိနေပါတယ်။
အများသိကြတဲ့အတိုင်း အူမကြီးကင်ဆာလို့ဆိုလိုက်တာနဲ့ အူမ (Colon) အပြင် အစာဟောင်းအိမ် (Rectum) ပါ ပါဝင်ပါတယ်။ အမေရိ ကန်ကင်ဆာအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရတော့ ၂၀၁၈ ခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုမှာ အူမကြီးကင်ဆာ (Colon cancer) လူနာသစ် ၉၇၀ဝ၀ ကျော်နဲ့ အစာဟောင်းအိမ်ကင်ဆာ (Rectal cancer) လူနာသစ် ၄၃၀ဝ၀ ကျော် ရှိလာမယ်လို့ သိရပါတယ်။
အူမကြီးကင်ဆာများဟာ အစားအသောက်များနဲ့ ဆက်စပ်မှုအပြင် မျိုးဗီဇဆက်နွှယ်မှုများနဲ့ ဘဝနေထိုင်မှုပုံစံများနဲ့ပါ ဆက်စပ်နေတာဖြစ် ပါတယ်။ မျိုးဗီဇအခြေခံဆိုတာ လူတစ်ယောက်အတွက် ပြုပြင်လို့ မရနိုင် ပေမဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အစားအသောက်ပုံစံများကတော့ ပြုပြင်ဖန် တီးကာကွယ်လို့ ရနိုင်ပါတယ်။ အကြမ်းဖျဉ်းအရတော့ လူကို ဝလာစေတဲ့ အစားအသောက်တွေကို အူမကြီးကင်ဆာမဖြစ်ဖို့ ရှောင်ကြဉ်ရမယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တချို့သော အစားအစာများဟာ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တာကိုလည်း သုတေသန များအရ သိရှိထားတာ ရှိပါတယ်။

ရှောင်ကြဉ်သင့်တဲ့ အစားအသောက်များ
အူမကြီးကင်ဆာနဲ့ ပတ်သက်လာရင် Red meat နာမည် ကြီးပါတယ်။ Red meat တွေကို ရှောင်ရမယ်လို့ အစဉ်တစိုက် ပြော ခဲ့ကြတာပါ။ Red meat ဆိုတာ ဘာတွေလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ Red meat တွေထဲမှာ အမဲသား၊ သိုးသား၊ဆိတ်သား၊ မြင်းသားအပြင် ဝက်သားတွေပါ ပါဝင်နေပါတယ်။ Red meat တွေကို တစ်နည်းအားဖြင့် ခြေလေးချောင်းသားလို့တောင် ခေါ်ရမလိုပါပဲ။ အသားကြီးတွေပေါ့။ သုတေသနများအရ အသား ကြီးတွေကို စားခြင်းဖြင့် အူမကြီး ကင်ဆာနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိသလို Red meat တွေ ကြိုက် တတ်တဲ့သူတွေက အသီးအနှံ အစားနည်းကြသူတွေ ဖြစ်နေတတ် တာကြောင့် သွယ်ဝိုက်သောအားဖြင့် အသီးအနှံအစားနည်းရင် အူမကြီးကင်ဆာ ဖြစ်တတ်တယ် ဆိုတဲ့ အချက်နဲ့ပါ ဆက်စပ်နေပါ တယ်။
အီတလီနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာဆိုရင် Red meat နဲ့ ကြက်ဥ၊ ချိစ်နဲ့ တခြား အဆီဓာတ်အစားများသူတွေက တစ်အုပ်စု၊ အသီးအရွက်စားသူက တစ်အုပ်စု နှိုင်းယှဉ်လိုက်တဲ့အခါ မှာ အသားစားသူတွေဘက်က အူမကြီးနဲ့ အစာဟောင်းအိမ်ကင် ဆာဖြစ်နိုင်ခြေနှုန်း နှစ်ဆများနေ တာကို သက်သေပြနိုင်ခဲ့ပါတယ်။ မကြာသေးမီက ထွက်ရှိတဲ့ သုတေသနတစ်ခုမှာဆိုရင် Red meat အပါအဝင် ဘာအသားပဲဖြစ်ဖြစ် တစ်ရက်ကို ၁၀ဝ ဂရမ် ပိုတိုးစားလိုက်တာနဲ့ အူမကြီးကင်ဆာဖြစ်နှုန်း ၁၂ မှ ၁၇ ရာခိုင်နှုန်းအထိ တက်လာတာကို သက်သေပြနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသန အေဂျင်စီအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ သုတေသနတစ်ခုမှာဆိုရင် အသားခြောက်နဲ့ ပြုပြင်ဖန်တီးထားတဲ့ အသား (Processed meat) တွေကို တစ်ရက် ၅၀ဝ ဂရမ် ပုံမှန် စားသုံးသူဟာ အူမကြီးကင်ဆာဖြစ် နိုင်ခြေနှုန်း ၁၈ ရာခိုင်နှုန်း တိုးတယ်လို့ တွေ့ရပြန်ပါတယ်။
အထက်ပါအကြောင်းရင်းခံများကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြုပြင်ဖန်တီးထားတဲ့ အသားတွေ (Processed meat) ကို “လူသားတို့အတွက် ကင်ဆာဖြစ် စေနိုင်သည့်တရားခံများ” လို့ တောင် သတ်မှတ်ထားပါတယ်။ တာရှည်ခံအောင် အဆင့်ဆင့် ပြု ပြင်ဖန်တီးယူထားတဲ့ အသားတွေဟာ အူမကြီးကင်ဆာတင်မက တခြားသောကင်ဆာရောဂါများစွာကို ဖြစ်စေနိုင်တယ်လို့ ၂၀၁၈ ခုနှစ် အစောပိုင်းက ဗြိတိသျှဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

စားသောက်သင့်တဲ့ အစားအသောက်များ
အူမကြီးကင်ဆာအတွက် ရှောင်ကြဉ်သင့်တဲ့အစားအသောက် တွေအပြီးမှာ တစ်ဆက်စပ်တည်း စားသောက်သင့်တဲ့ အစားအစာ များအကြောင်းကိုပါ တင်ပြသွားပါမယ်။ အလွယ်ကူဆုံးပြောရရင်တော့ အသီးအရွက်နဲ့ အမျှင်များတဲ့ အစားအစာတွေကို များများ မှီဝဲရမှာ ဖြစ်ပါတယ်။ သက်သတ် လွတ်စားသောက်သူတွေဟာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်း နည်းပါးတယ်ဆိုတာ သက်သေပြနိုင်တဲ့ သုတေသနတွေ ရှိပါတယ်။ အသီးအရွက်စားသုံးသူများကို အုပ်စု လေးခုထပ်မံခွဲခြားလို့ ရပါတယ်။
(၁) အသားစားခြင်းကို တင်းတင်းကျပ်ကျပ် ရှောင်ကြဉ်တဲ့ အုပ်စု
(၂) အသားမစားပေမဲ့နို့ထွက်ပစ္စည်းနဲ့ ကြက်ဥ၊ ဘဲဥတွေကိုစားတဲ့အုပ်စု
(၃) အသားမစားဘူးဆိုပေမဲ့ ငါးကိုတော့ စားတဲ့အုပ်စု
(၄) အသားနဲ့ငါးကို ရှားရှားပါးပါး တစ်ကြိမ်တစ်ခါ စားတတ်တဲ့အုပ်စု
တွေ ဖြစ်ပါတယ်။
အထက်ပါ သက်သတ်လွတ် အုပ်စုလေးခုစလုံးမှာ ပါဝင်သူတွေ ဟာ အသားစားသူများထက်တော့ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုနည်း တယ်လို့ သုတေသနများမှာ တွေ့ ကြရပါတယ်။
အစာစားတဲ့အခါမှာ အရောင်စုံအောင် (အသီးအနှံတွေစုံလင် အောင်) စားတတ်တဲ့အကျင့်ကို မွေးမြူကြဖို့ ပညာရှင်တွေက တိုက် တွန်းပါတယ်။ အူမကြီးကင်ဆာဟာ နာတာရှည်ရောင်ရမ်းမှု (Chronic inflammation) ကြောင့် ဖြစ်ရတယ်လို့ တွေ့ရှိချက်တွေ ရှိတယ်။ အဲသည်အတွက်ကြောင့် Aspirin နဲ့ Celecoxib ဆိုတဲ့ ရောင်ရမ်းမှုလျော့ကျဆေးတွေကို အူမ ကြီးကင်ဆာကြိုတင်ကာကွယ်ရေးအဖြစ် သောက်သုံးနေကြတာ ကြားဖူးကြပါလိမ့်မယ်။
အသီးအရွက်တွေဟာ ခန္ဓာကိုယ်တွင်းကရောင်ရမ်းစေသော ဓာတ်ပြုမှုတွေကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အူမကြီးကင် ဆာဖြစ်ပွားနှုန်းကို လျော့ချပေးတာလို့ ခန့်မှန်းကြပါတယ်။ သည်တော့ အူမကြီးကင်ဆာမဖြစ်အောင် အသီးအရွက်၊ မြေပဲ၊ ငါးနဲ့ ကြက် သားတွေကို မျှတစွာ စားသုံးသင့်ပြီး Red meat ခေါ် အသားကြီး တွေကို ရှောင်ကြဉ်ဖို့လိုသလို အရက်နဲ့ အချိုရည်များကို အနည်း ငယ်သာသောက်သုံးရမှာဖြစ်ပါတယ်။

အူမကြီးကင်ဆာကုသမှုခံယူနေစဉ် နဲ့ ကုသမှုအပြီးမှာ စားသောက် သင့်သည်များ
ဒန်နာ-ဖာသာ (Dana-Farber) အမည်ရ အမေရိကန် ပြည်ထောင်စု၊ ဘော့စတွန်မြို့က နာမည်ကျော်ကင်ဆာဌာနကြီးရဲ့ ထုတ်ပြန်ချက်မှာ အူမကြီးကင်ဆာ ကုသမှုခံယူနေသူများအတွက် စား သောက်သင့်သည်များကို အကြံပြု ထားတာတွေ့ရပါတယ်။ မြေပဲ၊ သီဟိုဠ်စေ့လို အစေ့အဆန်များကို များများစားပေးခြင်းဖြင့် ကိုယ်ခံ အားစနစ်အားကောင်းလာပြီး ကင်ဆာကုသမှုကို ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ အစာစားရာမှာလည်း နည်းနည်းနဲ့ ခဏခဏ စားသောက် သင့်ပါတယ်။ ခန္ဓာကိုယ်တွင် ရေ ဓာတ်ပြည့်ဝနေအောင် ရေများ များသောက်ပါ။ အရက်နဲ့ ကော်ဖီ ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါလို့ ဆိုတယ်။
ကော်ဖီနဲ့ ကဖင်းဓာတ်ကို ရှောင်ခိုင်းတယ်ဆိုပေမဲ့သုတေသန တစ်ခုမှာတော့ တစ်ရက်ကို ကော် ဖီလေးခွက် (ကဖင်းဓာတ် ၄၆၀ မီလီဂရမ်) သောက်သုံးတဲ့ အူမကြီး ကင်ဆာလူနာဟောင်းတွေကို ကင် ဆာရောဂါပြန်ကြွမှုနှုန်း ထက်ဝက်ကျဆင်းသွားတယ်လို့ ဆိုထားပြန် ပါရော။ သည်တော့ ကော်ဖီ သောက်သုံးမှုနဲ့ အူမကြီးကင်ဆာ ကြားက ဆက်စပ်မှုကို အဆုံးသတ် ကောက်ချက်မဆွဲနိုင်သေးဘူးလို့ ဆိုရမှာပါ။
အူမကြီးကင်ဆာ ကုသ ပျောက်ကင်းသွားပြီးတဲ့အခါမှာ လည်း အထက်မှာဖော်ပြထားတဲ့ အူမကြီးကင်ဆာမဖြစ်ပွားအောင် စားသောက်သင့်တဲ့ အစားအစာ တွေကိုသာ ပြန်လည်စားသုံးသင့်ပါ တယ်။ ရောဂါပျောက်ပြီဆိုပြီး စား ချင်ရာစားလို့ မဖြစ်ပါဘူး။ အဓိက ကတော့ သစ်သီးသစ်ရွက်တွေကို အခြေပြုပြီး စားသောက်ရမှာ ဖြစ် ပါတယ်။
အခုလောက်ဆိုရင်ဖြင့် အူမ ကြီးကင်ဆာရောဂါ မဖြစ်ပွားခင်၊ ဖြစ်ပွားဆဲနဲ့ ကုသပျောက်ကင်း ပြီးတဲ့နောက် စားသောက်သင့် သည်များကို အတော်စုံစုံလင်လင် သိလောက်ပြီ ထင်ပါတယ်။

 

ဒေါက်တာမိုးဆွေ