အိပ်စက်ခြင်းဟာ အရေးကြီးပါတယ်။ အိပ်စက်ခြင်းကို အနှောင့် အယှက်ဖြစ်စေရင် အဲဒီလူရဲ့ ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေလေ့ရှိပါတယ်။
လူတိုင်းတော့ အိပ်ရေးပျက်တာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် နဂိုကတည်းက အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာရှိခဲ့ဖူးတယ်ဆိုရင်တော့ အိပ်ရေးပျက်စေသော အောက်ပါလုပ်ငန်းခွင်များကို ရှောင်ကြဉ်နိုင်ဖို့ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

(၁) လေကြောင်းထိန်းအရာရှိ
လေယာဉ်ကွင်းမှာ အဆင်းအတက်လုပ်မဲ့ လေယာဉ်များကို လမ်းကြောင်းထိန်းသိမ်းပြသညွှန်ကြားပေးရသော လေကြောင်းထိန်း အရာရှိအလုပ်လုပ်သူများဟာ ညဆိုင်းအလုပ် တစ်နည်းအားဖြင့် အလှည့်ဖြင့် နေ့ သို့မဟုတ် ညအလုပ်ဆင်းရသော အစီအစဉ်မျိုးကို လုပ်ခိုင်းလျှင်အခက်အခဲရှိကြောင်းသိရပါတယ်။ လေကြောင်းထိန်းအရာရှိ များအတွက် သူများတွေ အိပ်နေချိန်မှာ တစ်ညလုံး နိုးကြားစွာဖြင့် သတိရှိရှိနေရန် စိန်ခေါ်လျက်ရှိပါတယ်။ သူတို့ကိုအလှည့်နှင့်ခိုင်းလျှင် သူတို့ရဲ့ ကိုယ်တွင်းနာရီတွေက လုပ်ငန်းအစီအစဉ်များနှင့် ကိုက်ညီ အောင် ပြောင်းလဲဆောင်ရွက်ဖို့ ခက်ခဲလေ့ရှိပါတယ်။ သူ့ဘာသာသူ ညဆိုင်းအလုပ်ဆင်းရတာ အဆင်ပြေနေရဲ့သားနဲ့ နေ့ဘက်ကိုပြောင်းပြီး တာဝန်ချထားတာမျိုး၊ တစ်နည်းအားဖြင့် အပြောင်းအလဲလုပ်တာမျိုး မလုပ်သင့်ကြောင်း သိရပါတယ်။

(၂) အင်တာနက်မှတစ်ဆင့် စီမံခန့်ခွဲသူများ
အင်တာနက်မှတစ်ဆင့် စီမံခန့်ခွဲသည့်အလုပ် လုပ်ရတဲ့သူများ ဟာ တစ်နေ့လျှင် ၂၄ နာရီ ၇ ရက်လုံးလုံး အဆင်သင့်ရှိနေဖို့လိုအပ် တတ်ပါတယ်။ သူတို့ဟာလည်း ညဘက်တာဝန်ထမ်းနေကျသူတွေ၊ နေ့ဘက်သို့ ပြောင်းပြီးအလုပ်လုပ်ခိုင်းတဲ့အခါ အိပ်စက်ခြင်းပြဿနာ များ ကြုံရတတ်ပါတယ်။

(၃) အဆင့်မြင့်မန်နေဂျာများ
အကယ်၍ သင်ဟာ တာဝန် ကြီးကြီးယူထားရတဲ့ မန်နေဂျာ အဆင့်ဖြစ်လာပြီဆိုရင် အိပ်ချိန်နည်းလာခြင်းကလည်း တွဲ၍ ပါ လာတတ်တယ်။ အလုပ်လုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့လုံးကို ခြုံငုံရှုမြင်သုံး သပ်ရပြီး စိတ်ဖိစီးမှုတွေလည်း မကြာခဏ ကြုံရတတ်တယ်။ လေ့ လာမှုများအရ အလုပ်ချိန်ပိုများလေ အိပ်ချိန်နည်းလေပဲ။ လေ့လာမှုအရ အိပ်ရေးပျက်ခြင်းနှင့် လုပ်ငန်းခွင်ကျေနပ်မှုမရှိခြင်း ပြဿနာတို့ဟာ နှီးနွှယ်နေကြောင်း တွေ့ထားရပြီးဖြစ်တယ်။

(၄) ဘဏ္ဍာရေးဆိုင်ရာခွဲခြမ်းစိတ်ဖြာသူများ
နေ့ညအချိန်ပြောင်းပြီး တစ်လှည့်စီ အလုပ်ဆင်းရတဲ့ အလုပ် သမားများသာလျှင် အိပ်ရေးပျက်တာမဟုတ်ပါ။ အချို့သော နိုင်ငံ တကာဈေးကွက်မှာ အလုပ်လုပ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ခွဲခြမ်း စိတ်ဖြာလေ့လာသူများကလည်း အိပ်ရေးပျက်လေ့ရှိပါတယ်။ ဥရောပ တွင် နံနက်ပိုင်းဖြစ်နေပေမဲ့ အာရှမှာ ညပိုင်းဖြစ်နေတတ်တဲ့အတွက် အိပ်ရေးပျက်ခံပြီး အလုပ်လုပ်ရတတ်တယ်။ ဒီအလုပ်ကို လုပ်ကိုင်တဲ့ သူဟာ မိမိဒေသ၌ ညအချိန်ဖြစ်လာသော်လည်း အိပ်ရာဝင်လို့ မဖြစ်သေးတာ ကြုံရတတ်ပါတယ်။

(၅) စက်ရုံအလုပ်သမားများ
စက်ရုံအလုပ်ရုံများတွင် ကုန်ထုတ်လုပ်မှုကို နေ့ညမပြတ်ဆောင်ရွက် နေတဲ့အခါ နေ့ဆိုင်းညဆိုင်းများနဲ့ တာဝန်ချရလေ့ရှိတယ်။ အဲဒီလို အဆိုင်းပြောင်းပြီး အလုပ်လုပ်ရတဲ့သူများဟာ ပုံမှန်လုပ်ငန်း လုပ်ရတဲ့ တစ်နည်းအားဖြင့် နေ့ခင်းရုံးချိန်မှာသာလုပ်ရတဲ့ အလုပ်သမားများနှင့် နှိုင်းယှဉ်လျှင် အိပ်ရေးပျက်မှု ပိုပြီးများကြောင်း လေ့လာတွေ့ရှိထား ရပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ငိုက်မျည်းခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်းကြောင့် မတော်တဆဖြစ်မှုတွေလည်း မကြာခဏကြုံရလေ့ရှိတယ်။ သွေးဖိအားတက်ခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း ရောဂါများလည်း ဖြစ်နိုင်ခြေ ပိုများတတ်တယ်။

(၆) သူနာပြု
ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်ရတဲ့ သူနာပြုများ ကလည်း အလှည့်နဲ့နေ့ သို့မဟုတ် ညတာဝန်ထမ်း ဆောင်ရတာဖြစ်တယ်။ လူနာများအား စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် သူနာပြုအများစုဟာ အလုပ်ချိန်နာရီ အများကြီး လုပ်ပေးလိုက်ရခြင်းနှင့် အဆုံးသတ်ရလေ့ရှိပါတယ်။ ၁၂ နာရီလျှင် တစ်ဆိုင်း သတ်မှတ်ပြီး အလုပ်ဆင်းရတဲ့ သူနာပြုများဟာ နောက် ဆုံး ၄နာရီ ရောက်လာလျှင် သူ့အလုပ်ထဲကို အာရုံစူး စိုက်နိုင်စွမ်းမရှိတော့တာ သုတေသနပြုလုပ်တွေ့ရှိထားရ တယ်။

(၇) သတင်းထောက်များ
သတင်းလုပ်ငန်းမှာ ပါဝင် ပတ်သက်နေသော သတင်းထောက်များ၊ ထုတ်လုပ်ရေးမှူး များ၊ ကင်မရာမန်းများဟာ Live show တွေ အစီစဉ်ခံရတတ်ပါတယ်။ နေ့ညမရှောင် အလုပ်လုပ်ရပါတယ်။ ဒီလိုအလုပ်မျိုးကလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်နိုင် သောအလုပ်ဖြစ်ပါတယ်။

(၈) ရဲအရာရှိ
ပြည်သူများအား အကာအကွယ်ပေး ရန်နှင့် ဝန်ဆောင်မှုပေးရန်အတွက် နေ့ရော ညပါ တာဝန်ရှိတဲ့သူတွေဟာ ရဲအရာရှိတွေ ဖြစ်ပါတယ်။ ရဲဌာနတွေမှာ ၂၄ နာရီ အတွင်း အလှည့်ကျ တာဝန် ချထားလေ့ရှိ တယ်။ နေ့ဆိုင်းနှင့် ညဆိုင်း ခဏခဏ ပြောင်းရတဲ့အခါ အလေ့အကျင့်ချက်ချင်း မရနိုင်လို့ အိပ်ရေးပျက်မှုတွေ ကြုံရလေ့ရှိသော အလုပ်ဖြစ်ပါတယ်။
ဆက်ရန်

မောင်(ဆေးတက္ကသိုလ်)