အာရှပစိဖိတ်ဒေသမျိုးဆက်ပွားကျန်းမာရေးနှင့် လိင်မှုဆိုင်ရာ အခွင့်အရေးများ (၁၀) ကြိမ်မြောက် ညီလာခံ 10 APCRSHR တွင် စတုတ္ထအကြိမ်မြောက် အွန်လိုင်းဆွေးနွေးပွဲ၌ ဒေသတွင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပါပူးဝါးနယူးဂီနိနိုင်ငံများအတွင်းရှိ လူငယ်များအတွက် လိင်ပိုင်းဆိုင်ရာ အခွင့် အရေးများရရှိ ရွေးချယ်ပိုင်ခွင့်နှင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေး ပြုစုစောင့်ရှောက်မှုများအား လက်လှမ်းမီနိုင်မှု ရရှိနိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကိုယ်စားလှယ် များက ဆွေးနွေးတင်ပြသွားခဲ့ကြသည်။ ထိုသို့ တင်ပြဆွေးနွေးခဲ့ရာတွင် လူငယ်များနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော အဖွဲ့ အစည်းများမှ သုတေသနပြုလုပ်ဆန်းစစ်ထားသော အတွေ့အကြုံများကို မျှဝေပေးခဲ့ကြသည်။

ဆယ်ကျော်သက်များ ကျော်လွှားရင်ဆိုင်နေရသည့် လိင်ပိုင်းဆိုင်ရာပြဿနာများ

ပြည်သူလူထုအဖွဲ့အစည်းများနှင့် ကျောင်းများ၌ ရှိနေကြသော ဆယ်ကျော်သက် လေးများအား ရည်မှန်းဦးတည်၍ ထိုအရွယ်များ ကြုံတွေ့နေကြရသည့် လိင်နှင့်ဆိုင်သည့် ကျန်းမာရေးပြဿနာများကို သိရှိဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ကြပုံများကို တင်ပြခဲ့သည်။ ဗီယက်နမ်မှ အဖွဲ့အစည်းတစ်ခုကဆိုလျှင် အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ “လူငယ်များအတွက် ဘေးကင်းသောလိင်ကိစ္စ (Safe sex in Youth)” ဟူသော ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ကစားပွဲများ (Games) ၊ သရုပ်ဆောင်ဖျော်ဖြေမှု (Play Roles)များ ပုံစံဖြင့်လည်းလက်တွေ့လေ့ကျင့် (Practice) မှုများ ပြုလုပ်စေခဲ့ကြောင်း တွေ့ရသည်။ တက္ကသိုလ်များကဲ့သို့ လူငယ်အများစုရှိရာ နေရာများတွင် ထိခိုက်စေမှုအန္တရာယ်လျှော့ချရေး (harm reduction) အတွက်ပါ ရည်ရွယ်သော ဆောင်ရွက် မှုများပါရှိခဲ့သည်ဟုဆိုသည်။

အပျိုပေါက်အရွယ်တွင် အိမ်ထောင်ကျသွားခြင်း

အရွယ်ရောက်လာရခြင်း၏ ကုန်ကျစရိတ် (The cost of growing up) ဟူသော ခေါင်းစဉ်ဖြင့် အိန္ဒိယနိုင်ငံရှိ နယ်တစ်နယ်မှ ဆန်းစစ်လေ့လာမှု တွေ့ရှိချက်များမှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ အိန္ဒိယတွင် အသက် ၂၀ မှ ၂၄ အတွင်းရှိပြီး လက်ထပ်ပြီး ဖြစ်သူ အမျိုးသမီးလူငယ်များ၏ ၂၇ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ် မပြည့်မီကတည်းက အိမ်ထောင်ကျခဲ့ရတာဖြစ်သော်လည်း (ကမ္ဘာ့နိုင်ငံအများစုတွင် အသက် ၁၈ နှစ်ပြည့်ပြီးမှ တရားဝင်လက်ထပ်ခွင့်ပြုကြသည်။) တင်ပြဆွေးနွေးခဲ့သော နယ်တွင် အသက် ၁၈ နှစ် မပြည့် သေးဘဲ အိမ်ထောင်ကျခဲ့ရသူ ၃၈ ရာခိုင်နှုန်းထိရှိနေကြောင်း တွေ့ရသည်။ အိန္ဒိယအစိုးရက အမျိုးသမီးလေးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ ကလေးအရွယ်သာသာ သို့မဟုတ် အပျိုပေါက်အရွယ်တွင် လက်ထပ်ကြရခြင်းများ အဆုံးသတ်သွားစေရန် ဆောင်ရွက်လျက်ရှိပါ သည်။

ရာသီသွေးဆင်းခြင်းကို ပြဿနာတစ်ခုသဖွယ် ရင်ဆိုင်နေရမှု

မိန်းကလေးငယ်များ အပျိုဖော်ဝင်၍ ရာသီသွေးလာခြင်းကိစ္စနှင့် ပတ်သက်၍လည်း ပြဿနာတစ်ခုသဖွယ် ရင်ဆိုင်တွေ့ကြုံနေကြရပုံကိုလည်း ဆွေးနွေးဖော်ပြထားသည်။ ကျောင်းတက်နေကြသော ဆယ်ကျော်သက်အပျိုရွယ် မိန်းကလေးများ၏ ၄၀ ရာခိုင်နှုန်းမှာ ရာသီလာခြင်းတည်းဟူသော သဘာဝကိစ္စတစ်ရပ်ကြောင့် ကျောင်းတက် ပျက်နေကြ-ခွင့်ယူနေကြရကြောင်း သိရသည်။ ဤသို့ဖြစ်ရခြင်းမှာ ရာသီသွေးဆင်းခြင်းနှင့် ပတ်သက်၍ မှန်ကန်သော ကျန်းမာရေးဗဟုသုတ မရှိကြခြင်းကြောင့်ဖြစ်သည်။ ရှေးရိုးအစဉ် အဆက်မှားယွင်းစွာ လက်ခံထားကြသော အယူအဆမှားများကြောင့်ဖြစ်ကြောင်း တွေ့ရ သည်။ ရာသီသွေးဆင်းသည်ဆိုသည်မှာ ခန္ဓာကိုယ်အတွင်း၌ ရှိသော မသန့်သည့်သွေးများ (dirty blood) ဖြစ်သည်ဟု ၈၂ ရာခိုင်နှုန်းက ယုံကြည်ကြသည်။ ရာသီလာစဉ် ခံစားရတတ် သော ဝေဒနာများ လက္ခဏာများ မခံစားရအောင် လုပ်ဆောင် (နမူနာအားဖြင့် ဆေးသောက် ခြင်း) နည်းများ မသိရှိကြခြင်းကြောင့် ကိုက်ခဲနာကျင်ကာ ကျောင်းမသွားနိုင်ဘဲ ဖြစ်ရသည်။ သင့်လျော်သော ရာသီထိန်းအတွင်းခံအဝတ် (pad) သုံးစွဲရကောင်းမှန်းမသိ၍ ထမီ၊ လုံချည်၊ အဝတ်များ ရာသီသွေးစွန်းပေမည်ကို ရှက်ကြောက်၍ ကျောင်းမသွားခြင်း၊ လူတောထဲမသွားရဲ ခြင်းများဖြစ်ရသည်။ ဘာသာရေးပွဲများ တက်ရောက်နိုင်ခြင်းမရှိ ဖြစ်ရသည်။ ရာသီသွေးဆင်း ခြင်းကြောင့် စိတ်ဓာတ်ကျဝေဒနာခံစားရသူ ၃၁ ရာခိုင်နှုန်းရှိသည်။ ရာသီလာမည့်ရက်ကို စိုးရိမ်ကြောက်ရွံ့နေသူ ၂၆ ရာခိုင်နှုန်းခန့်ရှိသည်။ တက်ရသည့်ကျောင်းက အိမ်နှင့် ဝေးလွန်းသောကြောင့် ရာသီလာစဉ် အတွင်းခံအဝတ် စသည့် အိမ်ပြန်လဲလှယ်ဝတ်ဆင်ရန် ခက်ခဲသောကြောင့်ဟုလည်း အကြောင်းပြကြသူ ရှိသည်။ သို့မဟုတ်လျှင်လည်း ကျောင်းတွင် အဝတ်သွားလဲစရာ နေရာ သို့မဟုတ် ခဏခဏ သွားရသည့်အခါ အရှက်ရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှာ ကြောက်ခြင်း၊ လိင်ကိစ္စ အသားယူခြင်း ပြောဆိုပြုမူခြင်း (sexual harassment) ခံရမှာ ကြောက်ခြင်းတို့ကြောင့်လည်း ကျောင်းမသွားချင်ကြခြင်းဖြစ်သည်။

မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရမှု

ယနေ့ကဲ့သို့ ခေတ်ကာလတွင် သန္ဓေတည်ခြင်း ကိုယ်ဝန်ဆောင်ခြင်းဆိုသည်မှာ ကြိုတင်ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း ပြုလုပ်နိုင်ကြသည့် ကာလဖြစ်သော်လည်း အာရှပစိဖိတ် ဒေသတွင်မူ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရသည့်နှုန်းက များနေဆဲဖြစ်၏။ ကိုယ်ဝန်သန္ဓေတားဆေး လက်လှမ်းမီသည့်နှုန်း သန္ဓေတားလိုပါလျက် တားနည်းမသိ သို့မဟုတ် ဆေးလက်လှမ်းမမှီ၊ မရရှိသည့်နှုန်းများက များနေဆဲဖြစ်သည်။ အမျိုးသမီးလေးများအနေနှင့် သန္ဓေတားနည်းအကြောင်းနှင့် ပတ်သက်၍ ဗဟုသုတ မရှိကြ၊ မိသားစုအတွင်းမှာလည်း ဆွေးနွေးပြောဆိုခြင်းမရှိ၊ ကျောင်းမှ ဆရာမများထံမှ လေ့လာသင်ယူရရှိမှုကလည်း အလွန်နည်းသည်။ ခင်ပွန်း/လင်ယောက်ျားက သန္ဓေတားနည်း အကြောင်း ပထမဦးစွာ စတင်ပြောဆိုမှသာ ဇနီးဖြစ်သူက ပြန်လည်ဆွေးနွေးခွင့်ရှိတာများ သည်။ သတင်းအချက်အလက်ရရှိနိုင်မှု အလွန်နည်းသည်။ သည်အကြောင်းအရာတွေ ပြောဆိုဆွေးနွေးလျှင်လည်း ယဉ်ကျေးမှုထုံးစံနှင့်မညီဟုဆိုကာ အပြောအဆိုခံရလေ့ရှိတတ် သည်။ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်သည့်နေရာလည်း ရှားပါးသည်။
အဆိုပါအကြောင်းအချက်များကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရမှုကို နည်းသွား အောင် မလုပ်နိုင်ဘဲ ဖြစ်နေကြရသည်။

ဖို-မအခြေခံ အကြမ်းဖက်ခံရမှု

ယေဘုယျအားဖြင့် သတ္တလောကကြီးတွင် ဖိုသတ္တဝါက အားကြီးသူများဖြစ်ကြပြီး မသတ္တဝါများက အားနည်းသူများ (weaker sex) ဖြစ်ကြရာ အားကြီးသူက အာနည်းသူအပေါ် လွှမ်းမိုးမှုရှိသည်မှာ သဘာဝတော့ ကျပါ၏။ သို့သော် အသိဉာဏ်ရှိသော သတ္တဝါများဖြစ်သည့် လူသားတို့အဖို့မူ အားကြီးသည်ဆိုတိုင်း အားနည်းသူများအပေါ် အနိုင်ကျင့်အကြမ်းဖက်မှုများ ပြုလုပ်သင့်တာမဟုတ်ပေ။
သို့သော် ဖို-မ အခြေခံ၍ အကြမ်းဖက်မှုများကို လူငယ်များအတွင်း တွေ့နေရဆဲဖြစ်၏။ အာရှပစိဖိတ်ဒေသတွင်လည်း ဖို-မ အခြေခံ အကြမ်းဖက်မှုများနေသေးကြောင်း တွေ့ရသည်။ ပါပူးဝါး နယူးဂီနိနိုင်ငံအတွင်း အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက် တင်ပြဆွေးနွေးသွားရာ ၆၆ ရာခိုင်နှုန်းသော အမျိုးသမီးများသည် ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု ကြုံတွေ့ခံစားခဲ့ကြရကြောင်းတွေ့ရသည်။
၄၁ ရာခိုင်နှုန်းသော အမျိုးသားများက မုဒိမ်းမှုကျူးလွန်ခဲ့ဖူးသည်ဟု ဝန်ခံခဲ့ကြကြောင်း သိရသည်။ အမျိုးသမီးများအားလုံး၏ သုံးပုံနှစ်ပုံခန့်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ကြရ ကြောင်း သိရသည်။ အဆိုပါ ဖို-မ အခြေခံ အကြမ်းဖက်ခံရမှုများ ဖြစ်ပေါ်လာစေနိုင်ရန် အကြောင်းခံလာစေဖို့ဖြစ်နေသော ရိုးရာယဉ်ကျေးမှုစံနှုန်းများ ပယ်ဖျောက်သွားစေရန် အပေါင်း လက္ခဏာဆန်သော ပြောင်းလဲမှုများလုပ်ပေးရန် လိုလားဆန္ဒရှိနေကြသည်ကို လေ့လာခံ လူငယ်များက ထုတ်ဖော်ပြသခဲ့ကြကြောင်း သိရသည်။

အရှေ့တောင်အာရှဒေသမှ အလွန်အမင်းကာကွယ်ပေးမှုများ

လိင်မှုရေးရာနှင့် ပတ်သက်လျှင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၌ လူငယ်များ အား အလွန်အမင်း ကာကွယ်ပေးနေမှုများနှင့် လုံလောက်မှုမရှိသော ဝန်ဆောင်မှုများဖြစ်နေ သေးသည်ဟုဆိုသည်။ တစ်နည်းအားဖြင့် လူငယ်များအနေနှင့် လိင်မှုရေးရာနှင့် ပတ်သက် သော ဝန်ဆောင်မှုများရရှိနိုင်မှုကို တရားဝင် ဥပဒေကြောင်းအရဟု တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ခံနေကြရသည်ဟုဆိုသည်။
ဘာသာရေးနှင့် လူမှုရေးစံနှုန်းများ၊ ယဉ်ကျေးမှုအစဉ်အလာဓလေ့ထုံးစံများအပြင် ဥပဒေအရပါ တားဆီးပိတ်ပင်ခံနေကြရသည်။
ထိုသို့ တားဆီးခံရခြင်းကြောင့်
(၁) ပြီးပြည့်စုံသော လိင်ပညာပေးခြင်း (CSE = Comprehensive Sex Education)
ကို လက်လှမ်းမမှီနိုင်ကြ။
(၂) မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရမှုကို ကာကွယ်ပေးမည့်သန္ဓေတားနည်းများ သန္ဓေ
တားဆေးများကို မရရှိကြ။
(၃) မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်ရနှုန်းမြင့်တက်ခြင်း၊ ပိုးဝင်ခံရသော ကိုယ်ဝန်ပျက်
ကျမှုများနှင့် မိခင်သေဆုံးနှုန်းများမြင့်တက်ခြင်း HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုများလာခြင်းတို့ပါ ဖြစ်လာနိုင်ခြင်း
(၄) တစ်ဆက်တည်းမှာပင် အထွေထွေကျန်းမာရေးအခြေအနေ၊ လူမှုစီးပွားရေး အခြေအနေတို့ပေါ်မှာပါ ထိခိုက်ကာ ဆင်းရဲသံသရာလည်ခြင်း
စသည်တို့ ဖြစ်လာနိုင်ပေသည်။

လိင်အမျိုးအစားနှင့် လိင်ဆက်ဆံချစ်တင်းနှီးနှောမှုဆိုင်ရာ ရွေးချယ်ပိုင်ခွင့်များ

လူတစ်ယောက်သည်၊ အဖို (ယောက်ျား)လား၊ အမ (မိန်းမ) လား စသည့် လိင်အမျိုး အစား (Gender Identity) သတ်မှတ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ကြီးက (ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ) ၂၀၀၈ ခုနှစ် အထွေထွေညီလာခံ၌ LGBT rights (လိင်အမျိုးအစား သတ်မှတ်ရွေးချယ်ပိုင်ခွင့်) ကို ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်အရ
L = Lesbian – မိန်းမချင်းလိင်တူဆက်ဆံသူ G = Gay – ယောက်ျားချင်းလိင်တူဆက်ဆံသူ
B = Bisexual လိင်တူလိင်ကွဲနှစ်မျိုးစလုံးဆက်ဆံသူ T = Transgender ယောက်ျား သို့မ ဟုတ် မိန်းမအဖြစ် လိင်ပြောင်းလဲခွဲစိတ်ခံယူထားသူများ၏ ရွေးချယ်ပိုင်ခွင့်ကို အသိအမှတ် ပြုခဲ့သည်။ ထိုကြေညာချက်ကို (က) ထောက်ခံသူများ (ခ) ကန့်ကွက်သူများ၊ (ဂ) ထောက်ခံ သည်လည်းမဟုတ်၊ ကန့်ကွက်သည်လည်းမဟုတ် ကြားနေသူများ ဟူ၍ နိုင်ငံများရှိခဲ့သည်။ မြန်မာနိုင်ငံက (ဂ) အုပ်စုတွင် ပါဝင်ပြီး အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း ထောက် ခံသည့် နိုင်ငံအချို့မှာ နမူနာအားဖြင့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ နီပေါ စသည်တို့ဖြစ်ပြီး ကန့်ကွက်သည့်နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒက်ရှ် စသည်တို့ဖြစ်၏။ ယခုဆို လျှင် နောက်ထပ်ကြေညာချက်များအရ I = Intersex သို့မဟုတ် Q = Questioning သို့မဟုတ် Queer မွေးကတည်းက ယောက်ျားမိန်းမ မကွဲပြားသူ စသည်ဖြင့် ထပ်တိုး၍ အသိအမှတ်ပြုထားသည်။ ဒေသတွင်းအမျိုးမျိုးရှိနေသည့် လိင်အမျိုးအစား ကိုယ်ပိုင်ရွေးချယ်ခွင့်မှာ အာရှပစိဖိတ် နိုင်ငံနှင့် လူမျိုး ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ စံနှုန်းများအတိုင်း လက်ခံကျင့်သုံးလျက် ရှိကြရာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပါ။ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချင်း ဆက်ဆံမှုကို ယခင်တုန်းက မမှန်ကန်သော လုပ်ဆောင်မှုအဖြစ် သဘောထားခဲ့သော်လည်း ၁၉၉၄ ခုနှစ်မှစ၍ နိုင်ငံတကာ ရောဂါအမျိုးအစားသတ်မှတ်မှုစာရင်းတွင် ထည့်သွင်းထားရာမှ ပယ်ဖျက်ပေးခဲ့သည်။ သို့သော် အာရှပစိဖိတ်နိုင်ငံအချို့တွင် လိင်ဆက်ဆံချစ်တင်းနှီးနှောမှု အပြုအမူများနှင့် ပတ်သက်၍ ရာဇဝတ်မှုမြောက်သည်ဟု သတ်မှတ်ထားဆဲဖြစ်သည်။ လိင်တူဆက်ဆံခြင်း စအိုဝအတွင်း ထိုးသွင်းဆက်ဆံခြင်း၊ ပါးစပ်အတွင်း ဆက်ဆံခြင်း၊ လိင်လုပ်သား အလုပ်လုပ် ကိုင်ခြင်းတို့ကို ဥပဒေအရ အရေးယူမှုများ ရှိနေဆဲဖြစ်သည်။

ကိုဗစ် ၁၉ ၏ ရိုက်ခတ်မှုနှင့် ပတ်သက်သည့် အယူအဆအမှားများနှင့် အမှန်များ

ကိုဗစ် ၁၉ တားဆီးကာကွယ်ရေးတွင် အဓိကကျသော နည်းလမ်းများဖြစ်သည့် တစ်ဦးနှင့် တစ်သီး အနည်းဆုံး ၆ ပေခွာ၍ ဝေးဝေးနေခြင်း၊ အိမ်မှာပဲ နေရခြင်းတို့ကြောင့် လူငယ်များအနေဖြင့် ထိတွေ့မှုမရှိတော့ဘဲ လိင်ပိုင်းဆိုင်ရာ အပြုအမူများ နည်းပါးသွားကြမည် ဟု ထင်စရာရှိသည်။ ထို့ပြင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုတွေလည်း လျော့နည်းသွားကြမည်။ ကွန်ဒုံးကဲ့သို့ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု ကာကွယ်ပေးသော ပစ္စည်း များရရှိနိုင်မှုလည်း နည်းသွားကြမည်ဟု ထင်မှတ်ကြသည်။ တကယ့်အဖြစ်မှန်မှာမူ လူငယ်များအတွက် ဆက်သွယ်မှုဆိုင်ရာ ပိတ်ပင်တားဆီးခံရ ခြင်းဖြစ်နေသည်။ ထို့ပြင် ဖျော်ဖြေရေးတစ်စုံတစ်ရာမပါဘဲ မရရှိဘဲ အိမ်တွင်းအောင်းရန် အပြင်မထွက်ရန် တားခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ လိုအပ်ချက် sexual demands က ပိုတောင် များလာနိုင်ခြေ ရှိနေသည်။ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးမှုနှင့် အလှမ်းဝေးသွားသဖြင့် ကွန်ဒုံးကဲ့သို့ ကာကွယ် ရေးဆိုင်ရာ ပစ္စည်းများ ရရှိနိုင်မှုလည်း အကန့်အသတ်နှင့် ဖြစ်သွား၍ ရောဂါကူးစက်နိုင်သော လိင်အပြုအမူများ ဆောင်ရွက်စေရန် တွန်းပို့လိုက်သလို ဖြစ်သွားသည်။ သို့ဖြစ်ရာ ခပ်ဝေးဝေးနေခြင်း Physical distancing သည် ကောင်းသောဆောင်ရွက်မှု ဖြစ်သော်လည်း ကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့် ဆက်သွယ်ခြင်းကို အစားထိုးနိုင်သော နည်းဗျူဟာတစ်ခုမဟုတ်ကြောင်းကို သတိပြု၍ လိုအပ်ချက်များ ဖြည့်စွမ်းနိုင်အောင် ချင့်ချိန် ဆောင်ရွက်ကြဖို့ လိုပေသည်။

နိဂုံးအကြံပြုချက်

လူ့အခွင့်အရေးကို တန်ဖိုးထားသော လိင်ပိုင်းဆိုင်ရာ အခွင့်အရေးများ ရွေးချယ်ခွင့် ရှိရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးအတွက် ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ရေး၊ လူငယ်များအတွက် အသက်အရွယ်အလိုက် သင့်လျော်မည့် ပြီးပြည်စုံ သော လိင်ကျန်းမာရေးပညာ (Comprehensive Sexual Education) ကို ကျောင်းများတွင် ကော ပြင်ပ လူ့အဖွဲ့အစည်းများပါ သင်ယူရရှိနိုင်ရေးတို့ကို ဆောင်ရွက်ကြဖို့ သင့်ပြီဖြစ်ပါ ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

#ဒေါက်ထွေး (ဆေး/မန်း)