မိသားစုစီမံကိန်း

မိသားစုစီမံကိန်း (Family Planning) ဟူသည်မှာ တစ်နည်းအားဖြင့် ခေါ်ရလျှင် သားဆက်ခြားခြင်း (Birth Spacing) ဟူ၍ ဖြစ်ပြီး အိမ်ထောင်စုတစ်ခုအတွင်း သားသမီး ရယူခြင်း သို့မဟုတ် ဇနီးဖြစ်သူအား ကိုယ်ဝန်ဆောင်စေခြင်းတည်းဟူသော ပြုလုပ်ဆောင် ရွက်မှုကို ထိန်းချုပ်ခြင်းဟု ဆိုနိုင်သည်။ ခင်ပွန်းနှင့် ဇနီးဖြစ်စေ လက်မထပ်ရသေးသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ဖြစ်စေ လိင်ဆက်ဆံမှု ပြုလုပ်ခြင်းကြောင့် အမျိုးသမီး၌ သန္ဓေတည်ခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများရှိနေသည် ဖြစ်ရာ ထိုနည်းလမ်းများကို သိရှိလိုက်နာကြခြင်းဖြင့် သားသမီးမယူချင်သေးသူများ၊ သားသမီးတစ်ဦး နှင့်တစ်ဦး အချိန်ကာလတစ်ခုအထိ ခြားပြီးမှ မွေးအောင် ပြုလုပ်ပေးခြင်းသည် သားဆက်ခြား ခြင်းပင်ဖြစ်ပါသည်။ ဝေါဟာရအသုံးအနှုန်းအရ ယဉ်ကျေးဖွယ်ရာဖြစ်အောင် မိသားစုစီမံကိန်း အကောင်အထည်ဖော်ခြင်းဟု ခေါ်ကြခြင်းလည်း ဖြစ်သည်။

ကိုယ်ဝန်မရှိအောင် ပြုလုပ်နည်းများ သို့မဟုတ် သန္ဓေတားနည်းများ


သတ္တလောကကြီးအတွင်းရှိ သက်ရှိတိုင်း လူ၊ တိရစ္ဆာန် စသည့် သတ္တဝါတိုင်း မျိုးဆက် ပွားနိုင်ရန်အတွက် သဘာဝတရားကြီးက ဖန်တီးပေးထားသည်။ အဆင့်မြင့်သတ္တဝါများဖြစ် သော လူများ၊ တိရစ္တာန်များသည် ဖိုနှင့် မ လိင်မတူသူချင်း ဆက်ဆံခြင်းဖြင့် အမဖြစ်သူ၌ သန္ဓေတည်သွားစေသည်။ အဖိုထံမှ ဖိုမျိုးစေ့ လူတွင် ယောက်ျားထံမှ သုက်ပိုးနှင့် အမ (မိန်းမ) ထံမှ မမျိုးဥတို့ တွေ့ထိကြပြီးနောက် သားအိမ်ဟုခေါ်သော နေရာထဲတွင် သန္ဓေအောင်ကာ ထိုသန္ဓေသားလောင်းက သားအိမ်ထဲတွင် မှီတွယ်နေထိုင်ဖွံ့ဖြိုးကြီးပြင်းကာ လူသားငယ်တစ် ဦးအဖြစ်သို့ ရောက်ရှိမွေးဖွားလာခြင်းဖြစ်သည်။
ဆေးသိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အကျိုးကျေးဇူးကြောင့် သုက်ပိုးနှင့် မမျိုးဥ တွေ့ထိပေါင်းစပ်ခြင်း၊ မဖြစ်နိုင်ရန် နည်းလမ်းများ ရှာဖွေတွေ့ရှိလာခဲ့ကြသည်။
သို့ဖြစ်ရာ ရှေးခေတ်အခါက မျိုးပွားနိုင်သည့် အရွယ်ရောက်လာသည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး အိမ်ထောင်ပြုကြလျှင် သို့မဟုတ် လိင်ဆက်ဆံကြလျှင် ကိုယ်ဝန်ရှိသွား ခြင်း၊ ထိုမှတစ်ဖန် ကလေးများအဖြစ် မွေးဖွားလာခြင်းကို ထိန်းချုပ်နိုင်ခြင်း မရှိရကား၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်း၊ မိသားစုအတွင်း သားသမီးဦးရေ များပြားလွန်းခြင်းတို့နှင့် အတူ နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာများကိုပါ မလွှဲမရှောင်သာ ကြုံတွေ့ကြရသည်။

ဘယ်လိုနည်းလမ်းတွေရှိသလဲ
– အမျိုးသမီးများ ပြုလုပ်နိုင်သည့် နည်းလမ်းများ


(က) သန္ဓေတားဆေးများသုံးစွဲခြင်း
အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးသည် တစ်လလျှင် တစ်ကြိမ်သာလျှင် သားဥအိမ်မှ သားဥတစ်လုံး ကြွေသည်။ သားဥကြွေမည့်အဖြစ်ကို ဟန့်တားပေးနိုင်သောဆေးကို သိပ္ပံပညာရှင်များက တီထွင်ထားပြီး Contrapeptive pills ဟုခေါ်သော သန္ဓေတား သောက်ဆေးလုံးများ သတ်မှတ်ထားသည့်အတိုင်း သောက်စေခြင်း ဖြင့် ထိုဆေးသောက်နေသမျှ ကာလပတ်လုံး သားဥမကြွေသဖြင့် လိင်ဆက်ဆံသော်လည်း ကိုယ်ဝန်မရရှိနိုင်တော့ပေ။
အဆိုပါ သန္ဓေတားဆေးကိုပင် ထိုးဆေးအသွင် Injection အဖြစ် တီထွင်ထုတ် လုပ်ထားပြီး အမျိုးသမီးအား ပုံမှန်ထိုးပေးနေခြင်းဖြင့် ကိုယ်ဝန်မရအောင် တားနိုင်သည်။
အဆိုပါ ဆေးကိုပင် လက်မောင်း အရေပြားအောက်တွင် ထည့်သွင်း (Implant) ပေးထားခြင်းဖြင့် သန္ဓေတားနိုင်သည်။

(ခ) IUCD Intra Uterine Contrapeptive Device သန္ဓေတားကိရိယာ
သားအိမ်အတွင်းသို့ ထည့်ရသည့် ပလတ်စတစ်နှင့် ကော့ပါးသတ္တုတို့ဖြင့် ပြုလုပ်ထားသော T တီပုံသဏ္ဌာန်အခွေ (coil) လေးဖြစ်သည်။ ထိုကိရိယာမှ ကော့ပါးများ ထုတ်လွှတ်ပေးပြီး ကိုယ်ဝန်မရအောင် တားဆီးပေးသည့် ကိရိယာဖြစ်သည်။ ကျွမ်းကျင်သူများ က ထည့်ပေးရပါသည်။ ၅နှစ်မှ ၁၀ နှစ်အထိ ထားလို့ရသည်။ ဘေးထွက် ဆိုးကျိုးများလည်း ရှိသည်။

(ဂ) ကွန်ဒုံး (Condom)
အမျိုးသမီးသုံး ကွန်ဒုံးကို တပ်ဆင်ပြီးမှ လိင်ဆက်ဆံခြင်းဖြင့် သုက်ပိုး များ သားအိမ်အတွင်း မဝင်ရောက်နိုင်အောင် တားပေးခြင်းဖြစ်သည်။

(ဃ) သားကြောဖြတ်ခြင်း (Tubal Ligation)
သားဥအိမ်မှ ထွက်လာသော သားဥများ သားအိမ်အတွင်း မဝင်ရောက် နိုင်စေရန် သားဥပြွန်ကို ခွဲစိတ်ဖြတ်တောက်ခြင်းဖြစ်သည်။

– အမျိုးသားများ ပြုလုပ်နိုင်သော နည်းလမ်းများ

(က) ကွန်ဒုံး (Condom)
အမျိုးသားသုံးကွန်ဒုံးကိုစွပ်၍ လိင်ဆက်ဆံခြင်းဖြင့် သုက်ပိုးများ သားအိမ်အတွင်း မရောက်စေရန် ပြုလုပ်ပေးခြင်းဖြစ်သည်။

(ခ) သားကြောဖြတ်ခြင်း (Vasectomy)
ဝှေးစေ့အတွင်းမှ ထုတ်လုပ်သော သုက်ပိုးများ လိင်တံအတွင်း မရောက်လာ စေရန် သုက်ပိုးပြွန်ကို ခွဲစိတ်ဖြတ်တောက်ခြင်းဖြစ်သည်။

(ဂ) သုတေသနပြုလုပ်ဆဲ အမျိုးသားသုံးသန္ဓေတားဆေးများ
ကျန်းမာသော သုက်ပိုးများ ယာယီထုတ်လုပ်ခြင်းမပြုနိုင်အောင် ဟော်မုန်းဆေးအချို့ကို သုတေသနပြုလုပ်နေဆဲဖြစ်သည်။

သဘာဝနည်းလမ်းများ
(က) လိင်ဆန္ဒပြီးမြောက်သည့်အခါ အမျိုးသားထံမှ သုက်ပိုးပါသော သုက်ရည်များ ထွက်လာသည်။ ထိုအရည်များကို မိန်းမကိုယ်၏ အပြင်ဘက်၌ ထွက်စေခြင်း ဖြစ်သည်။ ပြီးကာနီးလျှင် လိင်တံကို မိန်းမကိုယ်အပြင်ဘက်သို့ ဆွဲထုတ်လိုက်ပြီးမှ သုက်ရည်များ ထွက်စေခြင်းဖြစ်သည်။
(ခ) သားဥကြွေမည့်အချိန်နှင့်တိုက်ဆိုင်မှုမရှိစေရန် ရက်တွက်ပြီးမှ လိင်ဆက်ဆံခြင်း
မျိုးပွားအသက်အရွယ်အတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လိင်ဆက်ဆံမှုပြုတိုင်း ကိုယ်ဝန်ရနိုင်တာမဟုတ်ပေ။ အမျိုးသမီး၏ ဓမ္မတာရာသီသွေးစတင် လာသည့် ရက်စွဲမှ ၁၅ ရက်မြောက်နေ့တွင် သားဥကြွေပါသည်။ ထိုရက်နှင့် တိုက်ဆိုင်နေမှသာ လျှင် သုက်ပိုးနှင့် သားဥထိတွေ့ သန္ဓေအောင်တာဖြစ်သည်။ ထို့ကြောင့် အဆိုပါ သားဥကြွေ သည့် ရက်ဖြစ်နိုင်သည့် ရက်သတ္တပတ်အတွင်း လိင်ဆက်ဆံခြင်းမပြုရန် ရှောင်ကြဉ်ပြီး ရက်တွက်၍ လိင်ဆက်ဆံခြင်းဖြင့် ကိုယ်ဝန်မရအောင်တားခြင်းဖြစ်သည်။
(ဂ) လိင်ထိုးသွင်းဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း
မိန်းမကိုယ်အတွင်းသို့ လိင်တံထိုးသွင်းခြင်းမပြုဘဲ လိင်ဆန္ဒဖြေဖျောက် ခြင်းဖြစ်သည်။ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းဟု ခေါ်နိုင်ပါသည်။
အဆိုပါသဘာဝနည်းလမ်းများသည် စိတ်ချရခြင်းမရှိပါ။

သားဆက်ခြားခြင်းအကြောင်း ပညာပေးခြင်း


လူဦးရေထိန်းချုပ်ရန် မူဝါဒ ချမှတ်ထားခြင်းကြောင့်ဖြစ်စေ၊ မိသားစုတစ်ခုအတွင်း သားသမီးအရေအတွက် ကန့်သတ်ရယူနိုင်ရန်ဖြစ်စေ သန္ဓေတားနိုင်သည်။ သန္ဓေတားခြင်းဖြင့် မိသားစု စီးပွားရေး အဆင်ပြေနိုင်ရန်ဖြစ်စေ သားသမီးတစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၂နှစ်ခန့်ခြားပြီး ရယူခြင်းဖြင့် မွေးလာသည့် သားသမီးတိုင်းကို အနည်းဆုံး ၂နှစ်ခန့်ခြားပြီး ရယူခြင်းဖြင့် မွေးလာသည့် သားသမီးတိုင်းကို အစစအရာရာ ပိုမိုပြုစုစောင့်ရှောက် ပျိုးထောင်နိုင်ခြင်းကြောင့် ဖြစ်စေ သားဆက်ခြားခြင်းကို ပြုလုပ်ကြသည်။
ခေတ်သစ်ကမ္ဘာကြီးတွင် မျိုးပွားအရွယ်ရောက်လာသော ဆယ်ကျော်သက်တိုင်း၊ လူငယ်အမျိုးသားအမျိုးသမီးတိုင်း လိင်မှုဆိုင်ရာ အခွင့်အရေးများ ရရှိလာပြီဖြစ်သည်။ တရားဝင်လက်ထပ်ထားခြင်း မရှိသေးသော်လည်း လိင်ဆက်ဆံမှုပြုကြသော အလေ့အထ ကား နိုင်ငံတကာတွင် စံနှုန်းတစ်ခုသဖွယ် ဖြစ်လာနေပါပြီ။ တကယ်တော့ ယခင်ကလည်း လူမသိသူမသိ လိင်ဆက်ဆံကြမှုများ ရှိနေခဲ့ကြတာဖြစ်ပြီး မတော်တဆ ကိုယ်ဝန်ရသွား တော့မှ ဖျက်ချကြခြင်းများ ရှိနေသည်မှာ အားလုံးအသိပင် ဖြစ်သည်။
သားဆက်ခြားနည်းလမ်းများကို အသုံးပြုခြင်းကြောင့် လိင်မှတစ်ဆင့် ကူးစက်တတ် သော ရောဂါများ နမူနာအားဖြင့် ကာလသားရောဂါ HIV ရောဂါ စသည်တို့ မဝင်အောင်လည်း ကာကွယ်နိုင်ပေသည်။
သို့ဖြစ်ရာ လူငယ်များအပါအဝင် မျိုးဆက်ပွားအရွယ်အတွင်းရှိနေသူများ၊ အထူးသဖြင့် အိမ်ထောင်သည်များကို သားဆက်ခြားခြင်းအကြောင်း သိရှိနားလည်လာအောင် ပြုလုပ်ရပါသည်။
တစ်ဆက်တစ်စပ်တည်းပြောရလျှင် မိခင်သေဆုံးရခြင်းအကြောင်းရင်းများထဲတွင် ကိုယ်ဝန်ဖျက်ချခြင်းလည်း ပါဝင်နေရာ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရမှုများ နည်းပါးသွားစေ ခြင်းဖြင့် ကိုယ်ဝန်ဖျက်ချခြင်းလည်း နည်းပါးနိုင်ရန် သားဆက်ခြားနည်းများကို သိထားရန် လိုပါသည်။

ဘယ်လိုပညာပေးမလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နှီးနွှယ်နေသော လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်း များ၊ စေတနာရှင် ဖောင်ဒေးရှင်းများက သက်ဆိုင်ရာနိုင်ငံများရှိ အစိုးရနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မိသားစုစီမံကိန်းများကို အကောင်အထည် ဖော်ပေးလျက်ရှိသည်။ သားဆက်ခြားသည့်နည်းလမ်းများ ပညာပေးဖြန့်ဝေခြင်း၊ သားဆက် ခြားသည့်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိသည်။ သားဆက်ခြားခြင်းအပါအဝင် မျိုးပွားကျန်းမာရေး လိင်မှုဆိုင်ရာ အခွင့် အရေးနှင့် ရွေးချယ်ပိုင်ခွင့်များ စသည့်ခေါင်းစဉ်များပါဝင်သော ညီလာခံကြီးများကို အခါအား လျော်စွာ ကျင်းပလျက်ရှိသည်။
ထိုညီလာခံများတွင် မိသားစုစီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုကို တိုင်းတာ သုံးသပ်လေ့လာမှုများ၊ အစီရင်ခံစာ တင်သွင်းခြင်းများ ဆွေးနွေးခြင်းများ ပြုလုပ်ပေးလျက်ရှိ သည်။ အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်မှုဆိုင်ရာ အခွင့်အရေးများ (၁၀) ကြိမ်မြောက် ညီလာခံ 10 APCRSHR (Asia Pacific Conference on Reproductive and Sexual Health and Rights) ကို အွန်လိုင်းဆွေးနွေးပွဲအဖြစ် ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအထိ ၂ ပတ်လျှင် တစ်ကြိမ် ဆွေးနွေးထုတ်လွှင့်လျက်ရှိပါသည်။
တတိယအကြိမ်မြောက် ဆွေးနွေးထုတ်လွှင့်မှုကို လွန်ခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့ရာ အာရှပစိဖိတ်ဒေသ အတွင်း နိုင်ငံများမှ ကျွမ်းကျင်ပညာရှင် (၅) ဦးက ဆွေးနွေးခဲ့သည်။
စီမံကိန်းများကို သုံးသပ်ဆွေးနွေးသည့်အခါ တိုင်းတာသည့် စံညွှန်းကိန်းများရှိရာ အာရှပစိဖိတ်ဒေသအတွင်း စံညွှန်းကိန်းများကိုလည်း ဖော်ထုတ်တွက်ချက်အစီရင်ခံခဲ့ကြသည်။

သားဆက်ခြားခြင်းဆိုင်ရာ စံညွှန်းကိန်းများ


အများသိမှတ်သင့်သော သိရှိသင့်သော အညွှန်းကိန်းအချို့မှာ CPR (Contraceptive Prevalane Rate) အသက် (၁၅ မှ ၄၉ နှစ်ကြား) အမျိုးသမီးအားလုံးအရေအတွက်နှင့် အချိုးချလျှင် သန္ဓေတားဆေးအသုံချနိုင်သော (အမျိုးသမီးများအနေနှင့် ကိုယ်တိုင်မသုံးသော် လည်း လိင်ဆက်ဆံဖော်ကသုံးလျှင်လည်းရသည်) နှုန်းဖြစ်သည်။
mCPR = modern (ခေတ်မီသန္ဓေတားနည်းများ) သုံးနိုင်သည့် ရာခိုင်နှုန်းဖြစ်သည်။ (ရှေ့ပိုင်းတွင် ဖော်ပြထားသည့်နည်းများတွင် သဘာဝနည်းမဟုတ်သော၊ ရိုးရာနည်းမဟုတ် သော နည်းများကို ခေတ်မီသန္ဓေတားနည်းများဟု ခေါ်သည်။)
unmet need ဆိုသည်မှာ မျိုးပွားအရွယ်အတွင်းရှိ အမျိုးသမီးများ (လက်ထပ် ထားသည်ဖြစ်စေ လူလွတ်ဖြစ်စေ) နှင့် အချိုးကျတွက်ထားသော ကိုယ်ဝန်မလိုချင် သို့မဟုတ် ကိုယ်ဝန်တားချင် သားဆက်ခြားချင်ပါလျက်နှင့် သန္ဓေမတားနိုင်သော အမျိုးသမီးရာခိုင်နှုန်း ကို နှိုင်းယှဉ်တွက်ချက်ထားခြင်းဖြစ်သည်။
အဆိုပါ စံညွှန်းကိန်းများက သက်ဆိုင်ရာဒေသနိုင်ငံများအလိုက် ကွဲပြားကွာခြားမှုရှိနေ ပြီး ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (SDGs-Sustainable Development Goals) တွင် မည်မျှအထိ ရောက်အောင် လုပ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ကို သတ်မှတ်ပေးခဲ့သည်။
မိသားစုစီမံကိန်း ၂၀၂၀ FP 2020 ဟူသော စီမံကိန်းကို WHO က ချမှတ်ခဲ့သည်။ ကမ္ဘာ့အဆင်းရဲဆုံး (၆၉) နိုင်ငံတွင် သန္ဓေတားနည်းသုံးစွဲနိုင်သူ သန်း ၁၂၀ ထိ တိုးတက်များ ပြားလာစေရန် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်စေခဲ့သည်။
10 APCRSHR ညီလာခံတတိယမြောက် ဆွေးနွေးမှုတွင် အာရှပစိဖိတ်ဒေသ၏ အညွှန်းကိန်းများနှင့် အခြေအနေကို ဆွေးနွေးပေးသွားသည်။
၂၀၁၆ စာရင်းအရ မြန်မာနိုင်ငံတွင် CPR ၄၆ ရာခိုင်နှုန်းရှိနေသည်။ unmet need ခေါ် ကိုယ်ဝန်တားချင်လျက်နှင့် သန္ဓေတားရန် လက်လှမ်းမမှီသည့်နှုန်းက ၂၀၁၆ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းခန့်ရှိနေသည်။
ယခုအခါ မြန်မာနိုင်ငံ၏ CPR က ၆၀ ရာခိုင်နှုန်းထိရှိနိုင်သည်ဟု မှန်းဆထားပြီး unmet need နှုန်းက ၈ ရာခိုင်နှုန်းဖြစ်သည်။
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များထဲတွင် ကမ္ဘာပေါ်ရှိအမျိုးသမီးများ၊ ဆယ်ကျော်သက်များ၊ လူငယ်များ အားလုံးကို သန္ဓေတားဆေးနှင့် ပတ်သက်သည့် ရွေးချယ်ပိုင်ခွင့်နှင့် လက်ခံသဘောတူညီမှုရှိစွာနှင့် သန္ဓေတားပိုင်ခွင့် ရရှိအောင် ပြုလုပ်ပေးရန် ချမှတ်ထားသည်။ ကမ္ဘာပေါ်ရှိ သန္ဓေတားဆေး လက်လှမ်းမမှီသောသူအရေအတွက်မှာ ၂၁၄ သန်းခန့် ရှိနေပါသည်။
မိသားစုစီမံကိန်းကို အဓိက တာဝန်ယူအကောင်အထည်ဖော်ပေးလျက်ရှိသည့် UNFPA ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ကြီးက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်ရောက်ရှိစေရေးအတွက်၂၀၃ဝပြည့်နှစ်အရောက်တွင် ကမ္ဘာ့နိုင်ငံအားလုံး၌ကိုယ်ဝန် တားချင်ပါလျှက်မတားနိုင်ဖြစ်နေသူလုံးဝမရှိစေရေး unmet need zero ဖြစ်အောင်ဆောင် ရွက်လျှက်ရှိပါကြောင်းနှင့်မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ တင်ပြလိုက်ရပါသည်။

#ဒေါက်ထွေး (ဆေး/မန်း)