သင့်ရဲ့ ဇီဝနာရီကို နောက်ပြန်ဆုတ်ဖို့နဲ့ အသက်ရှည်ရှည်နေရဖို့ အတွက် သင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ သင့်အသက်က ၂၀ ကျော်၊ ၃၀ ကျော် ဒါမှမဟုတ် ၆၀ ကျော်၊ ၇၀ ကျော် စသည်ဖြစ် နေလျှင်လည်း အောက်မှာဖော်ပြ ထားတဲ့ ဖြတ်သင့်သော ကိစ္စတွေကို ဖြတ်တောက် လိုက်မယ်ဆိုရင် အသက်ရှည်ရှည်နေရနိုင်တယ်ဆိုတာ သုတေသနက သက်သေပြထားပြီး ဖြစ်ပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်တဲ့ အမူအကျင့်စတင်လိုက်နာဖို့
ဘယ်တော့မှ နောက်ကျ တယ်ဆိုတာ မရှိပါဘူးတဲ့။

၁။ အထိုင်များခြင်း အကျင့်ကို ရပ်လိုက်ပါတော့
သင့်မှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးလို့ စဉ်းစားနေမိရင် ဒီလိုလုပ်ကြည့်ပါ။ သင့်အနေနဲ့ တစ်ကမ္ဘာလုံးက ပြောနေကြသော တစ်နေ့လျှင် မိနစ် ၃၀ အနည်းဆုံး လေ့ကျင့်ခန်းလုပ်ရ မယ်ဆိုတဲ့ စံနှုန်းကို ပြည့်မီရန် မလိုပါ။ တစ်ပတ်လျှင် ၅ကြိမ်နှင့်အထက်လေ့ကျင့်ခန်းလုပ်နိုင် တယ်ဆိုရင်ပဲ အဆင်ပြေပါပြီ။ ၂၀၁၁ ခုနှစ်တွင် လေ့လာမှုအရ တစ်နေ့လျှင် အသင့်အတင့် ပြင်းထန်သော ကာယလေ့ကျင့်ခန်း ၁၅ မိနစ်ခန့် လုပ်ရုံနှင့် အသက် ၃နှစ် ပိုပြီး ရှည်နိုင်တယ်ဆိုတာ ထိုင်ဝမ်ကျွန်းမှာ လူ ၄ သိန်းကျော်အား ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ သက်သေပြပြီးဖြစ်တယ်။ တစ်နေ့လျှင် မိနစ် ၃၀ ရောက်အောင် လုပ်နိုင်ရင်တော့ အသက် ၄နှစ်အထိ ပိုပြီး ရှည်နိုင်ကြောင်း သိရတယ်။ လေ့ကျင့်ခန်းလုပ် တဲ့သူတွေမှာ နှလုံး သွေးကြောရောဂါဖြစ်ခြင်း၊ အဝလွန်ခြင်းစတဲ့ ပြဿနာတွေ ဖြစ်ပွားဖို့ နည်းသွားတယ်။ အသင့်အတင့်ပြင်းထန်သော လေ့ကျင့်ခန်း နမူနာ တစ်ခုကတော့ အမြန်လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းဖြစ်တယ်။ ထိုင်ဝမ်လေ့ လာမှုမှာ အမြန်လမ်းလျှောက်ခြင်းကို ပြုလုပ်ကြဖို့ လှုံ့ဆော်ထားတယ်။ သင် နေ့စဉ်လုပ်ဆောင်ရမဲ့ အလုပ်တွေထဲမှာ သတိရှိရှိနဲ့ ကြိုးစားအားထုတ်ပြီး လမ်းလျှောက်ခြင်းအလုပ်ကို ထည့်သွင်းထားပါ။ တစ်နေ့လျှင် ၁၅ မိနစ် အမြန်လမ်းလျှောက်ခြင်းကြောင့် အသက် ၃နှစ် ပိုရှည်နိုင်ကြောင်းလည်းတွေ့ ထားပါတယ်။


၂။ စည်သွတ်ဘူး အစားအစာတွေ အဓိကထားစားနေခြင်း
အသားတွေပဲဖြစ်ဖြစ်၊ ဒိန်ခဲပဲဖြစ်ဖြစ်၊ အသီးအနှံ သစ်သီးဝလံပဲ ဖြစ်ဖြစ် တာရှည်ခံအောင် ပြုပြင်ပြီး စည်သွတ်ဘူးနှင့်ထည့်ကာ ရောင်းချသော စားစရာမှန်သမျှကို သင့်ရဲ့ အဓိကစားစရာအဖြစ် (ဆိုလိုတာကနေ့တိုင်း လိုလို စားနေခြင်း) ကနေ ရပ်လိုက်ပါတော့။ အကြောင်းကတော့ တာရှည်ခံအောင် စီမံပြုလုပ်ရတဲ့အခါ ဆိုဒီယမ်တွေ၊ ဆားတွေ၊ ပြည့်ဝဆီတွေ၊ သကြားအချိုဓာတ်တွေ ပိုပြီး ထည့်ပေးရလေ့ရှိတယ်။ အမျှင်ဓာတ်တွေကျတော့ နည်းနိုင်သမျှနည်းအောင် ထည့်ရတယ်။ ရလဒ်က ဘာလဲ။ နှလုံးသွေးကြောရောဂါတွေ၊ သွေးတိုးရောဂါတွေ၊ ကင်ဆာနှင့် ဆီးချို သွေးချိုရောဂါတွေ ပိုဖြစ်လာတယ်ပေါ့။ ဆိုဒီယမ် သို့မဟုတ် ဆားကို တစ်နေ့လျှင် ၂.၄ ဂရမ်ထက် (လက်ဖက်စားဇွန်း တစ်ဇွန်းစာထက်) ပိုမစားဖို့ ပညာရှင်များက လမ်းညွှန်ထားတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ တချို့သော ရောဂါခံစားနေရတဲ့သူတွေ သွေးတိုးရောဂါရှိတယ်ဆိုရင် ပိုပြီးတော့တောင် ရှောင်ဖို့လိုတယ်။ စားသောက်ဆိုင်များမှရောင်းသော အစားအစာများ၊ အမြန်စာရောင်းသော စတိုးဆိုင်မှ ရောင်းချတဲ့အစားအစာ များ စသည်တို့ဟာ ဆားများစွာ ပါလေ့ရှိတယ်။ သင်နေ့စဉ်စားတဲ့ အစားအစာထဲမှာ အမျှင်ဓာတ် ပို၍ထည့်ပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ် အား သန့်ရှင်းရေးလုပ်ပေးရာမှာ များစွာအထောက်အကူပြုနိုင်တယ်။ ဟင်းချက်ဖို့ အချိန်မရှိဘူးဆိုရင် ဝယ်စားမဲ့အစားအစာထဲမှာ ဆား၊ ဆိုဒီယမ်နှင့် သကြား ဓာတ် ပါဝင်မှုနည်းပြီး လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားတာတွေကို ရွေးချယ်ဝယ်ပါ။

 


၃။ စိတ်ဆိုးဒေါသများ ထိန်းချုပ်ပါ
ဒေါသထွက်လွယ်ခြင်းသည် အလွန်ကြမ်းတမ်းသော စိတ်ခံစား မှုဖြစ်ပြီး ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်းတွေ ထွက်လာစေတယ်။ စိတ်ဖိစီးမှု ဆိုင်ရာ ဟော်မုန်းဖြစ်တဲ့အတွက်ကြောင့် ကော်တီစော ပမာဏ သင့်ခန္ဓာကိုယ်ထဲမှာ တက်လာပြီဆိုလျှင် သင့်နှလုံးနှင့် ဇီဝရုပ်ဖြစ်ပျက် စနစ်အပြင်ခုခံအားစနစ်တို့အပေါ် မှာလည်း အနုတ် လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာတယ်။ ကော်တီစောပမာဏ များခြင်းနှင့် သေဆုံးနိုင်ခြေ အခွင့်အလမ်းပိုများခြင်းတို့ ဆက်စပ်နေတာကို တွေ့ရှိထားပြီးဖြစ်တယ်။

၄။ ဆေးလိပ်ဖြတ်ပါ
သင်ဟာ ဆေးလိပ်သောက်သူတစ်ဦးဖြစ်နေလျှင် ဆေးလိပ်ဖြတ်ရတာ ဘယ်လောက် ခက်သလဲဆိုတာ သင်အသိဆုံးပါ။ ဒါပေမဲ့ စေ့ဆော်မှုလေး တွေ ရှိပါတယ်။ အဲဒါကတော့ အသက်သေဆုံးခြင်းကို ကာကွယ်နိုင် ဆုံးသောအကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးက ရှိနေတဲ့ အချက်ကတော့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု ဖြတ်တောက် ခြင်းပဲဖြစ်ပါတယ်။ အချို့ခန့်မှန်းမှုများအရ ဆေးလိပ်သမားများဟာ သာမန်လူတစ်ယောက် ထက် အသက်၁၀ နှစ်ပိုပြီး တိုစေနိုင်တယ်တဲ့။
ဆေးလိပ်ဖြတ်လိုက်တာနဲ့ ချက်ချင်းလိုလိုပဲ အံ့ဩဖွယ်ရာ ကောင်းလောက်အောင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ချက်ချင်းရလာနိုင်တယ်။ သွေးဖိအား ကျသွားနိုင်တယ်။ ခန္ဓာကိုယ်ထဲမှာ သွေးများ လှည့်ပတ်စီးဆင်းမှု ပိုကောင်းလာတယ်။ ကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်းလည်း ပိုပြီး နည်းလာတယ်။ မိသားစုဝင်တွေအားလုံး အတွက်လည်း ဆေး လိပ်ငွေ့ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ရနိုင်တယ် ဆိုတာကိုလည်း မမေ့နဲ့ဦး။ သူတို့လည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရတဲ့ အန္တရာယ်တွေ ထိတွေ့နေခြင်းမှ ကင်းလွတ်သွားမယ်။ သင်ဟာ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ပိုပြီးတော့ နုပျိုငယ်ရွယ် သွားတာလည်း တွေ့ရမယ်။

မောင်