မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါအမျိုး မျိုး ဖြစ်ပွားမှုမှာ ပိုမိုများပြားလာလျက်ရှိရာ အမျိုးသား ၅ဦးလျှင် ၁ဦးနှင့် အမျိုးသမီး ၆ဦးလျှင် ၁ဦးမှာ ၎င်းတို့ ဘဝသက်တမ်း တစ်ချိန်တွင် ကင်ဆာရောဂါ ဖြစ်ပွား နိုင်သည်ဟု International Agency for Research on Cancer (IARC) နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီမှ ခန့်မှန်းထားကြောင်း ၂၂-၆-၂၀၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ဆူး လေရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေး ပညာရှင်များအဖွဲ့၏ပထမအကြိမ် အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောကြားသွားခဲ့ပါတယ်။
ဒေါက်တာမြင့်ထွေးက “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနဲ့ ဈေးနှုန်းမြင့်မားတဲ့ ကင်ဆာရောဂါကုသမှုဆိုင်ရာ ဓာတ် ရောင်ခြည်စက်ကြီးများနဲ့ ဆက်စပ်ကိရိယာများကို အာရှဖွံ့ဖြိုးရေး ဘဏ်က ချေးငွေနဲ့ အမြန်ဆုံး ထပ်မံဝယ်ယူဖြည့်ဆည်းပေးဖို့ စီစဉ်ထားရှိပြီးဖြစ်လို့ နောင်ဆိုရင် ဓာတ်ရောင်ခြည်ကုသမှု ခံယူဖို့ လူနာတွေတန်းစီ စောင့်ဆိုင်းရတဲ့ ကာလကိုလည်း လျှော့ချနိုင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်အမေရိကန် နိုင်ငံအခြေစိုက် Direct Relief အဖွဲ့နဲ့ချိတ်ဆက်ပြီး အဲဒီအဖွဲ့က ဈေးနှုန်းကြီးမားတဲ့ ကင်ဆာရောဂါ ဆေးဝါးတွေကို ၆လတာ ကာလ အတွင်းမှာ အမေရိကန်ဒေါ်လာ (၃)သန်းဖိုးလောက်ပေးအပ် လှူဒါန်းခဲ့ပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနား၌ မြန်မာ နိုင်ငံဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြနှင့်မြန်မာ နိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ် ရောင်ခြည်ဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ခင်ချိုဝင်းတို့ကလည်း ကြိုဆိုနှုတ် ခွန်းဆက်စကားများ ပြောကြားခဲ့ ကြပါတယ်။ ထို့ပြင် Federation of Asian Organization for Radiation Oncology (FARO) မှProfessor Shyam Kishore Shrivastava က FARO အဖွဲ့နှင့် ပတ်သက်၍လည်းကောင်း၊ South East Asia Radiation Oncology Group (SEAROG) ဥက္ကဋ္ဌ Professor Enrico Tangco u SEAROG အဖွဲ့နှင့် ပတ်သက်၍ လည်းကောင်း အသီးသီးမိတ်ဆက် ပြောကြားခဲ့ပါတယ်။
အဆိုပါ နှီးနှောဖလှယ်ပွဲမှာ သားအိမ်ခေါင်းကင်ဆာကုသမှု အကြောင်းကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပြီး နှီးနှောဖလှယ်ပွဲသို့ မြန်မာ၊ ဂျပန်၊ အိန္ဒိယ၊ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကင်ဆာ ရောဂါ ဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာရှင် ၁၁၅ဦးတက်ရောက်ခဲ့ ကြောင်းသိရှိရပါတယ်။
မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေး ပညာရှင်များအဖွဲ့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂ နှစ်တာ ကာလအတွင်း ပထမအကြိမ် နှီး နှောဖလှယ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါအသင်းဝင် ဓာတ်ရောင်ခြည်ပညာရှင် ၆၀ ဦး ခန့်ရှိပြီဖြစ်ကြောင်းသိရပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးပြည်သူ့ ဆေးရုံကြီး နှင့်နေပြည်တော်ပြည်သူ့ဆေးရုံကြီးတို့တွင် ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည် ဆေးပညာဌာနများ ထားရှိကာကုသမှုပေးလျက်ရှိ ကြောင်းသိရှိရပါတယ်။

အိ