မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသည့် နေရာ
တစ်ခုဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ဖောင်တော်ဦးဘုရားနယ်မြေကို ဆေးလိပ်ငွေ့ကင်း စင်သော ယဉ်ကျေးမှုအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။
ထိုသို့သတ်မှတ်ခြင်းအခမ်းအနားနှင့်အတူ ၂၀၁၉ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်တွင် ၄-၆-၂၀၁၉ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပထမပိုင်းအစီအစဉ်အဖြစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားကို ကျင်းပရာ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်မိန့်ခွန်းပြော ကြားပြီးနောက် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က အမှာစကားပြောကြားသည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က “အင်းလေးဒေသဖောင်တော်ဦးဘုရား နယ်မြေကို ဆေးလိပ်ငွေ့ကင်းစင်သော ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ခြင်း” နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဖော်တော်ဦးဘုရား ဂေါပကအဖွဲ့ဝင် ဦးစိုးအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဒုတိယအစီအစဉ်ဖြင့် “ဆေးလိပ်ငွေ့ကင်းစင် ဖော်တော်ဦးတစ်ခွင်” အထိမ်းအမှတ်မော်ကွန်းကျောက်စာအား ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ အင်းတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီးဒေါက်တာထွန်းလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာ သူဇာချစ်တင်၊ ဂေါပကအဖွဲ့ဝင် ဦးစိုးအောင်၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒေါက်တာတင်ကျော်ဦးတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကာ မော်ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

မောင်