၂၀၁၈ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံး သွားသူ လူနာများအား ဆန်းစစ် ကြည့်ရာ သေဆုံးသူများ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ပြင်ပဆေးခန်း များသို့ ဖျားနာပြီး တစ်ရက်အတွင်း သွားရောက်ပြသခဲ့ကြသည်ကို တွေ့ရကြောင်း ၁၈-၆-၂၀၁၉ ရက်နေ့က ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ပြုလုပ်ခဲ့သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးအသိပေးတင်ပြခြင်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ရန်ကုန် တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာထွန်းမြင့်၏ ပြောကြားမှုမှ သိရပါတယ်။
ထို့ကြောင့် သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးမှုကို လျှော့ချ နိုင်ရေးအတွက် ပြင်ပဆေးခန်းများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုမှာ အလွန်အရေးကြီးကြောင်းလည်း ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့ ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁၄၄ ဦး ရှိခဲ့ပြီး ထိုအထဲမှ ၁၂ ဦး သေဆုံးသွားပြီဖြစ် ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားသေဆုံးမှု အများဆုံး တိုင်းဒေသကြီးဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ဒုတိယပတ် အထိ ဆေးရုံတက်ရောက်ကုသခဲ့ သော သွေးလွန်တုပ်ကွေးလူနာ စုစုပေါင်း ၇၃၄ ဦးရှိပြီး၊ ထိုအထဲမှ ၈ ဦးသေဆုံးသွားပြီဖြစ်ကြောင်း လည်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရန်အတွက် ကိုယ်ပိုင်ခြင်ဆေးမှုတ်စက်များဖြင့် ခြင်ဆေးမှုတ်ပေးနေကြသော နိုင်ငံ ရေး၊ လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် ခြင်ဆေးမှုတ်ခြင်းဆိုင်ရာ မူဝါဒနှင့် ကိုက်ညီမှုရှိ/ မရှိ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများ၏ အကြံဉာဏ်ကို ရယူရန် လိုအပ်ကြောင်းလည်း ဒေါက်တာ ထွန်းမြင့်က အကြံပြုပြောကြား သွားခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါမှာ ယခင်က မိုးရာသီတွင်သာ ဖြစ်ပွား လေ့ရှိသော်လည်း ယခုနောက်ပိုင်း နှစ်များတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွား မှုရှိလာပြီး ဖြစ်ပွားမှုအများဆုံး အချိန်မှာ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများဖြစ်ကြောင်း သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ အတွက် ကာကွယ်ဆေး၊ ကုသဆေးများ တိတိကျကျမရှိသေးသော ကြောင့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းသည်သာ အလွန်အရေးပါ ကြောင်းလည်း အဆိုပါ ဆွေးနွေးပွဲ၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဒေါက်တာဖေသက်ခင်က ပြောကြားသွားခဲ့ပါတယ်။
ထိုနေ့ နေ့လယ်ပိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

အိ