သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော အစားအစာ ရွေးချယ်စား သုံးခြင်း ဆိုတာကတော့ ပိုမိုကျန်းမာပြီး ပိုမိုရိုးရှင်းသော အစားအစာ များ ရွေးချယ်ခြင်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှုခြေရာ (Carbon Footprint) လျှော့ချနိုင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးထံမှ ဘာတွေရယူပြီး ကမ္ဘာမြေကြီးကို ဘာတွေ ပြန်ပေးမလဲလို့ ဆုံးဖြတ်တဲ့အခါ အစားအစာနှင့်ပတ်သက်ပြီး ရရှိသည့် အရင်းအမြစ် မှသည် ချက်ပြုတ်စားသောက်သည်အထိ ဆုံး ဖြတ်ချက်တိုင်း၊ အပြုအမူတိုင်း သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီ နေဖို့ လိုအပ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီစွာ စားသောက်ချင်တယ်။ ဒါပေမဲ့ ဘာက စလုပ်ရမှန်းမသိဘူး ဆိုသူတွေလည်း ရှိနိုင်ပါတယ်။ အောက်ပါ အခြေခံအချက် ၄ ချက်နှင့် စတင်ပါ-
(၁) Carbon Footprint နည်းတဲ့ အစားအစာကို ရွေးချယ်ပါ။
(၂) ဒေသတွင်းမှာ ထွက်တဲ့ အစားအစာကို ရွေးချယ်စားသုံးပါ။
(၃) ထိရောက်မြန်ဆန်တဲ့ ချက်ပြုတ်နည်းစနစ်တွေ သုံးပါ။
(၄) အစားအစာ အလေအလွင့်နှင့် အမှိုက်လျှော့ချပါ။

(၁) Carbon Footprint နည်းသော အစားအစာများ
– အသားနှင့် နို့ထွက်ပစ္စည်းများ လျှော့စားပါ။
– ရာသီပေါ် သီးနှံများကိုသာ စားသုံးပါ။
– ဖန်တီးပြုပြင်ထားသော အစားအစာများ (Processed Foods) ကို လျှော့စားပါ။
၎င်းအစားအစာများထဲမှာ ပုန်းကွယ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေ ရှိနေပါတယ်။

(၂) ဒေသတွင်းမှာထွက်တဲ့ အစားအစာကို ရွေးချယ်စားသုံးပါ
မိမိနေတဲ့ ဒေသနဲ့ အနီးဆုံးမှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ ဒေသထွက် စားစရာတွေကို ဝယ်ယူပါ။ အစားအစာထုတ်လုပ်မှုများမှ ထုတ်လွှတ်တဲ့ Carbon Footprint ဟာ တစ်ကမ္ဘာလုံးရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၁၉ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်း အထိ ရှိပါတယ်။ အစားအစာ ထုတ်လုပ်မှုဟု ဆိုရာတွင် ဓာတ်မြေဩဇာများ၊ လယ်ယာသုံးကိရိယာများ၊ ရေအသုံး ပြုမှု၊ မြေဆီလွှာတိုက်စားမှု၊ အစားအစာ အမှိုက် များအား စွန့်ပစ်ဖျက်ဆီးခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း စတဲ့ အရာတွေ ပါဝင်ပါတယ်။
– ဒေသထွက် လယ်သမားများထံမှ ဝယ်ယူပါ။
– အစားအစာ ဝယ်ယူကာနီးတိုင်း ဘယ်ဒေသက ထုတ်တာလဲ ကြည့်ပြီးမှ ဝယ်ပါ။

(၃) ထိရောက်မြန်ဆန်တဲ့ ချက်ပြုတ်နည်းစနစ်တွေ သုံးပါ
အစားအစာကို ဝယ်ယူပြီးတဲ့အခါ သိုလှောင်ခြင်း၊ ချက်ပြုတ် ခြင်း၊ ဆေးကြောသန့်စင်ခြင်းနှင့် မီးဖိုဆောင်ရှိ ဓာတ်အားသုံးစွဲ ခြင်း စတာတွေဟာ ကာဗွန်ထုတ်လွှတ်ခြင်းနှင့် စွမ်းအင်အသုံးပြု ခြင်းတို့ ဖြစ်စေပါတယ်။
– အသုံးမဝင်တော့တဲ့ ရေခဲသေတ္တာအဟောင်းတွေကို စွန့်လွှတ်ပါ။
– မလိုအပ်တဲ့ မီးဖိုဆောင်က လျှပ်စစ်ခလုတ်တွေ ပိတ်ထားပါ။ ဥပမာ- မလိုအပ်ဘဲ ရေနွေးကျိုစက်ကို တောက်လျှောက်ဖွင့်ထားတာမျိုးပေါ့။

(၄) အစားအစာလေအလွင့်နှင့် အမှိုက်ကို လျှော့ချပါ
– စတိုးဆိုင် မသွားခင်မှာ အစားအစာ စာရင်းကို အရင်စီစဉ်ပါ။ အိမ်မှာ ရှိပြီးသား အရာတွေကို စာရင်းပြုစုပါ။
– ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဆေးပြီး မကြာခင် ပျက်စီးတော့မယ်လို့ ယူဆရင် မုန့်ဖုတ်တာပဲဖြစ် ဖြစ်၊ အအေးဖျော်ရည် လုပ်တာဖြစ်ဖြစ် စီမံစား သောက်ပါ။
– ကုန်သလောက်ပဲ ချက်ပြုတ်စားသောက်ပါ။

ခိုင်မွန်ကျော်