ဘယ်လမ်းကိုပဲ လျှောက်လျှောက် တစ်နေနေ့တစ်ချိန်ချိန် မှာ သည်စခန်းကိုတော့ ရောက်ပါတယ်၊ သည်စခန်းဆိုတာက ကျွန်တော်တို့အားလုံး ရှောင်လွဲလို့မရနိုင်တဲ့ သေခြင်းတရားကို ပြောချင်တာပါ။ ကျွန်တော်တို့ ဆရာဝန်တွေကတော့ သည်စခန်းကို ရောက်နိုင်တဲ့လမ်းတွေအကြောင်း လေ့လာကြရသလို သည်စခန်းနဲ့ ဝေးရာ လမ်းတွေကိုလည်း ရှာဖွေရ လမ်းညွှန်ရပါတယ်၊ တော်တော် များများကတော့ (ကျွန်တော် အပါအဝင် ) ဒီစခန်းကို မရောက်ချင် ကြဘူး။
ဆရာဝန် ဆိုတာကလည်း အခုမှသာ လူမှုရေး ပြဿနာတွေ ကိုဖြေရှင်းရတာ၊ အရင်တုန်းက ဆရာဝန်အလုပ် ဆိုတာ ဒီစခန်းဆီ လားရာလမ်းကြောင်း(ရောဂါဝေဒနာ တွေ)ကို ဖြတ်တောက် ဖယ်ရှားဖို့ ပါပဲ၊ ဆရာလေးတော့ မသိဘူး ကျွန်တော်တော့ သေခြင်းတရား ကို ဘယ်အရွယ်မှာ စသိတယ် ဆို တာ မမှတ်မိနိုင်အောင်ဘဲ၊ ပုရွက်ဆိတ် လေးတွေ သေတာကို တွေ့ပြီး သေတယ်ဆို တာကို နားလည်တာ လား လူကြီးတွေလို့ပဲ သေတယ် ဆိုတာကို ကြားပြီး သိရှိတာလား၊ ဆွေမျိုးမိတ်ဆွေ တစ်ယောက် ယောက်ရဲ့သေဆုံးမှုကို သိရပြီး တော့ပဲ နားလည်တာလား မမှတ်မိ ဘူး၊ နည်းနည်းလေး ကြီးလာ တော့ သတင်းစာက နာရေးကြော်ငြာ တွေကိုကြည့်ပြီးတော့ သင်္ခါရတို့ အနိစ္စတို့ကိုပါ သိလာတယ်၊ ခါချဉ် ကလေးတွေ ရေထဲကျနေတာကို ဆယ်ယူပြိး နင့်အသက် တစ်ခါ လွှတ် ငါ့အသက် ဆယ်ခါလွှတ် ဆိုပြီးလည်း ပြောခဲ့ဖူးတယ်၊
ကိုယ့်ကြောင့် သေကြေခဲ့ရတဲ့ သတ္တဝါလေးတွေလည်းရှိတယ်၊ ကလေးဘဝမှာ ပစ်ခတ် ဆော့ ကစားလို့ မထိတထိ မသေမရှင် ဖြစ်သွားတဲ့ပုတ်သင်ညိုကို ဝေဒနာ မခံစားစေချင်လို့ မသေသေ အောင် ထပ်သတ်ပြီး ဝမ်းနည်းနေ မိတာ၊ ကိုယ်လက်ဆော့ပြီး ဆင် ထားတဲ့ထောင်ခြောက် သုတ်ကိုင်း မှာ မိနေတဲ့စာကလေးကို ကိုယ် မတွေ့ခင်မှာ ခွေးကတွေ့ပြီးစား သွားတယ်၊ ကြိုးမှာပြတ်ပြီး ကျန် နေတဲ့ ပေါင်တစ်ချောင်းကို ကြည့် ပြီး၊ ငါအရင်တွေ့ခဲ့ရင် မင်းကို ပြန် လွှတ်ပေးမှာပါလို့ သေသွားတဲ့ စာကလေးကိုစိတ်မကောင်းစွာ ပြောနေမိခဲ့တာ၊ ကိုယ်မသေချင် သလို သူတို့လည်း သေချင်ရှာမှာ မဟုတ်ဘူးလို့ပဲ တွေးမိပြီး နောက် အဲလိုမဆော့ဖြစ်တော့ဘူး၊ မသတ် ဖြစ်တော့ဘူး၊ ကံအားလျော်စွာ ဆေးတက္ကသိုလ်ကို တက်ခွင့် ကြုံ တယ် သေခြင်းတရားကို ဆန့်ကျင် နိုင်တဲ့ နည်းလမ်းတွေ သေခြင်း တရားရဲ့ သဘောသဘာဝတွေကို ထိထိ မိမိ လေ့လာခွင့်ရပါတယ်။
ဆေးကျောင်းတက်နေစဉ် ကာလ တစ်လျှောက်မှာလည်း အဖွားက Stroke နဲ့ဆုံးတယ် ၊ အဖေက Ca Pharynx ( အစာလေ မျိုပြွန်ကင်ဆာ)နဲ့ဆုံးတယ်။အဒေါ်က နဒီဧရာ နှစ်ထပ် သင်္ဘော နစ်တာမှာ ပါသွားလို့ ဆုံးတယ်၊ အရင်းနှီးဆုံးမိသားစုဝင်တွေ သေ ခြင်းတရားရဲ့ ပုံစံအမျိုးမျိုးနဲ့ ပညာပေးတာကို ခံလိုက်ရတာပဲ၊ ဆေးကျောင်းမှာ မရဏမင်းရဲ့ အနိုင်ကျင့်မှုမျိုးစုံကို P.M ခေါ်တဲ့ သေပြီးလူနာကို ရင်ခွဲရုံထဲမှာ ခွဲစိတ် ရောဂါရှာဖွေခြင်း သင်တန်း မှာ ထပ်တွေ့ခဲ့ရတယ် ၊ မှတ်မှတ် ရရကတော့ အလေးမ လေ့ကျင့် ရာမှာအစွန်းရောက်သွားတာကြောင့် နှလုံးရောဂါနဲ့ သေဆုံးခဲ့ရတဲ့ အား ကစားသမားတစ်ယောက်ရယ်၊ ပထွေးကမုဒိန်းကျင့်တာ အမေကို ပြန်တိုင်မယ် ပြောပြီးထွက်အပြေးမှာ ပထွေးက နောက်ကလိုက် ဓား နဲ့ထိုးလို့ သေသွားရတဲ့ ၁၈ နှစ် သမီးလေးတစ်ယောက်ရယ်ပေါ့။ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ ဦးခေါင်းတွင်းရောဂါတွေ ကတော့ များမှများ၊
သေမင်းနဲသူနိုင် ကိုယ်နိုင် အပြိုင်ဆွဲကြရတဲ့ ခွဲစိတ်ခန်းထဲက အဖြစ်တွေ၊ အရေးပေါ်ခန်းထဲက တိုက်ပွဲတွေ၊ မထင်မှတ်ဘဲ ရုတ်တ ရက် သေဆုံးကြတဲ့ သာမန်အတွင်း လူနာဆောင်က အကြောင်းတွေ၊ ဘယ်တော့မှမဆုံးနိုင်တဲ့ ကိုယ် မနိုင် နိုင်တဲ့တိုက်ပွဲအတွက် လေ့ လာသင်ကြားခဲ့ရတာတွေပေါ့၊ သင်သာ သင်ကြားရတယ် တချိူ့ သော အကြောင်း တရားတွေက ဘယ်လိုမှ နားမလည်နိုင် လက် မခံနိုင်အောင် ပုစ္ဆာဆန်တာတွေ နဲ့လည်း ကြုံရပါရဲ့၊ နေ့လယ် ခင်းမှာ ရယ်ရယ်မောမော စကား တွေ ဖေါင်ဖွဲ့နေတဲ့ ကလေး အမေ တစ်ယောက် မနက် မိုးလင်း မထ လို့ ကြည့်လိုက်တော့ မနိုးသော အိပ်ခြင်းနဲ့ အိပ်ပျော်သွားတာ လည်းရှိတယ်။
အလုပ်သင် ဆရာဝန်ဘဝမှာ နဖူးတွေ့ဒူးတွေ ကြုံပါတယ်၊ နင် လားကွဲ့သေမင်း အားတင်းပြီး နွှဲရ ပေမဲ့ ကိုယ့်ဘက်က အလိုလိုစိုးရွံ့ နေမိသား၊ ဆရာသမားတွေ သင် ကြားမှုကတော့ အကျိုးများပါ့။ တစ်ခါပေါ့ ခွဲစိတ်ခန်းက ထွက်လာ တဲ့ကလေး ခပ်သေးသေးပဲ။ လ မစေ့ဘူးနဲ့ တူပါတယ် ဆရာလေး ရယ် ပြာနှမ်းနေသမို့၊ ကလေး ကောက်တာဝန်အရ အသက်မရှူ တဲ့ကလေးကို ပါးစပ်ချင်းတေ့မှုတ် ရပါတယ်၊ ပြီးတော့တစ်ခါ ရင် ဘတ်ကို စည်းချက်ညီညီ ညှစ်ရ ပြန်ရော၊ ကိုယ်တော်ချောက အီး အီးနဲ့သာ အသံလာတယ် မငိုဘူး၊ မငိုရင်အသက် စမရှူနိုင်တာ ကြောင့် ငိုအောင် ခပ်ကြမ်းကြမ်း လေးလှုပ်ပေမဲ့ သူကတော့ အင် အင်တောင်အသံမထွက်တော့၊ လက်လျှော့ရတော့မလား ဘာ လုပ်ရမှန်းမသိတဲ့အချိန်။ အဲဒီ အချိန်မှာ ခွဲလူနာ (ကလေးအမေ) နဲ့ အလုပ်ရှုပ်နေတဲ့ မေ့ဆေးပါရဂူ ဗိုလ်မှူးကြီး အုန်းမြင့် (ကွယ်လွန်) ရယ် လွှားကနဲ ရောက်လာပြီး ကျွန်တော့်ကို ဆူလည်းဆူကူလည်း ကူရင်း ကျွန်တော်လုပ်တာ အား သွန်ခွန်စိုက် မရှိဘူးလို့ ထင်တယ် နဲ့တူပါတယ်၊ ဒါအသက်ကွ အား လေးထည့်ပြီး ဟောဒီလိုလုပ်ရ တယ် ဆိုပြီး ဝင်လုပ်ပြပါတယ်။ ကျွန်တော်က နံရိုးတွေ ဘာတွေ များ ကျိုးသွားမလား ထင်နေတဲ့ အချိန်မှာ ကလေးပါးစပ်က အိအိ နဲ့ ၂ ကြိမ်မြည်ပြီး ဝါးကနဲထအော် လိုက်ပါတော့တယ်။ နောက်တစ် ခါကတော့ မှတ်မှတ်ရရ ကလေး ပိစိကစ်ကစ်လေး တစ်ယောက်၊ အိမ်မှာ တက်လို့ဆိုပြီး ကလေး O.P.D မှာ တာဝန်ကျနေတဲ့ ကျွန်တော့်ဆီကိုရောက် လာတယ်၊ ကျွန်တော်လည်း အဲဒီအချိန်က စံချိန်မီသင်ကြားထားရသမျှ ပညာ နဲ့ စမ်းသပ်စစ်ဆေးပါတယ်၊ ပြစ် ချက်မတွေ့ဘူး။ ကလေးက လန်း လန်း ဆန်းဆန်း ရယ်မောနေပါ တယ်၊ ဝမ်းသွားတာတို့ အန်တာ တို့မရှိတဲ့အပြင် ဒီလိုမျိူးတက်ဖူးတဲ့ရာဇဝင်၊ ပြာတာ၊ နှမ်းတာ၊ ဇက် ခိုင်တာတွေလည်းမရှိ ပါဘူး။ မေးရင်းနဲ့ ကလေးအမေက တက်သလိုလိုပဲဆိုပြီး ဇဝေဇဝါ ပြောပါ တယ်၊ တော်တော်ကြာတဲ့အထိ ကလေးကလည်း ဘာမှမဖြစ်တာနဲ့ သင့်တော်မယ်ထင်တဲ့ ဆေး နည်းနည်းပေးပြီးပြန်ခိုင်းလိုက်တယ်။ နောက် ၁ နာရီလောက်ကြာတော့ ကလေးတက်လို့ဆိုပြီး ပြန်လာပြ တယ်။ အသက်မပါတော့ဘူး Brought dead ပဲ၊ ကလေးအဖေ က တပ်ကြပ်ကြီးထင်ပါတယ်၊ သူက မကျေနပ်ဘူး။ တာဝန်ကျတဲ့ အထူးကုဆီကိုသွားပြီး complaint တက်တယ်၊ ဆရာမကြီးက ကျွန် တော့်ကို သူ့ရှေ့မှာတင် ခေါ်မေးတယ်၊ ဘာတွေညာတွေ စမ်း မကြည့်လိုက်ဘူးလားပေါ့။ ပြီးတော့ ကျွန်မသာဆိုရင်လည်း ဒီလိုပဲကု မှာပါပဲ ဖြစ်တတ်ပါတယ်တဲ့၊ ကျေးဇူးတင်ရပါတယ်၊ကျွန်တော့်အတွက်တော့ သေခြင်းတရားကို မပေါ့ဆဖို့သင်ခန်းစာတွေရယ်ပါ။
ရေးစရာနည်းနည်း ကျန်သေးလို့ နောက်တစ်ပတ်မှ ဆက်မယ် ဆရာလေးရေ။

 

အမ်ဇော်