🐢 လူတိုင်းရဲ့စအိုဝမှာ သွေးကြောလေးတွေရှိပါတယ်။ ရုန်းပြန်သတ္တိရှိတဲ့ တစ်သျှူးလေးတွေရှိပါတယ်။ အဲဒါက ဝမ်းအညစ်အကြေးကို ထိန်းထားပေးတာပါ။

🐢 အဲဒီသွေးကြောလေးတွေက ဖောင်းလာ၊ ကျယ်လာပြီး တစ်သျှူးတွေက စအိုဝမှာအလုံးအခဲဖြစ်လာပါတယ်။ အဲဒီထဲကနေ ဝမ်းညှစ်လိုက်တဲ့အခါ သွေးကြောလေးတွေပေါက်ပြီးသွေးထွက်လာပါမယ်။ တစ်သျှူးအလုံးကလည်းစအိုဝအပြင်ဘက်ကို ထွက်လာမယ်ဆိုရင် အဲဒါကို လိပ်ခေါင်းလို့ခေါ်ပါတယ်။

🐢 အပြင်ထွက်လာတဲ့လိပ်ခေါင်းဟာ ပြန်ဝင်လိုက်ထွက်လိုက်နဲ့မို့ လိပ်သတ္တဝါရဲ့ ဦးခေါင်းလို ဝင်လိုက်ထွက်လိုက် ပုံစံတူတာမို့လို မြန်မာလိုလိပ်ခေါင်းလို့ခေါ်ခြင်း ဖြစ်ပါတယ်။

လိပ်ခေါင်းဖြစ်တဲ့အခါ
——————-
😩 တချို့ကျတော့ သွေးကြောပေါက်ရင် သွေးတွေကျလာပါတယ်။
😩 သွေးခဲသွားရင် နာတတ်ပါတယ်။
😩 တချို့လိပ်ခေါင်းက အပြင်ကိုထွက်ပြီး ပြန်မဝင်ရင် နာတတ်ပါတယ်။

လိပ်ခေါင်းရောဂါ အဆင့်များ
—————————
လိပ်ခေါင်းရောဂါကိုအဆင့်(၄) ဆင့်ခွဲထားပါတယ်။

  • ပထမအဆင့်က သွေးကျရုံပဲဖြစ်ပါတယ်။ အပြင်ကို မထွက်ပါဘူး။
  • ဒုတိယအဆင့်က ဝမ်းသွားရင် အပြင်ကိုထွက်ပါတယ်။ ပြီးရင် သူ့ဘာသာသူ ပြန်ဝင်သွားပါတယ်။ သွေးကျချင်လည်းကျမယ်။ မကျချင်လည်းမကျပါဘူး။
  • တတိယအဆင့်က ဝမ်းသွားရင် အပြင်ကို ထွက်ပါတယ်။ ပြီးရင်လက်နဲ့ပြန်တွန်းတင်မှ ဝင်ပါတယ်။
  • စတုတ္ထအဆင့်ကတော့ ပြန်တွန်းတင်လည်း မဝင်တော့ပါဘူး။ အမြဲတမ်း အပြင်မှာ ထွက်နေပါတယ်။