မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်တဲ့ ချင်းတိုင်းရင်းသူလေး အကယ်ဒမီ သက်မွန်မြင့်ကို ယခုတစ်ပတ်ရဲ့ မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ သက်မွန်မြင့်ဟာ ခုတော့ ချစ်စရာ ကောင်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ် ယောက် ရရှိထားပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ သက်မွန်မြင့်နဲ့ တွေ့ဆုံခိုက် သူရဲ့ကျန်းမာရေးအကြောင်းလေးတွေ မေးမြန်းဖြစ်ခဲ့ တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သက်မွန် ခုဘာတွေ လုပ်နေလဲ
ကြော်ငြာတွေရိုက်တယ်။ အခမ်းအနားတွေတက်တယ်။ အခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်တော့နည်းပါတယ်။ သက်မွန်ကလည်း ဇာတ်လမ်းတွေ နည်းနည်း ရွေးလာတယ်။ ကိုယ်ကလည်း ချေးများလာတာပါပါတယ်။

သက်မွန်ရဲ့ကျန်းမာရေး အခြေအနေလေးပြောပြပါဦး
ရှေ့ရက်က တော်တော်နေမကောင်းဖြစ်သွားတယ်။ အရေးပေါ်ဆေးကု ဌာနရောက်သွားတဲ့ အထိဖြစ်သွားတယ်။

ဘာဖြစ်သွားလို့လဲ
ပထမတော့ ဆင်တုပ်ကွေးပုံစံမျိုးဖြစ်တာ။ ဆင်တုပ်ကွေးလောက် တော့မပြင်းဘူး။ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်ပဲ။ စကားပြောဖို့ ထထိုင်လိုက်တဲ့အချိန်မှာ ရင်ဘတ်ကအောင့်သွားတာ။ ပထမတော့ လေအောင့်တယ်ထင်ပြီး လေဆေးသောက်လိုက်တယ်။ ညအိပ်ခါနီးတော့ တော့လည်း လေဆေးထပ်သောက်တယ်။ မနက် ၂နာရီလောက်ကျတော့ နာတာက ဘယ်လိုမှမခံနိုင်တော့ဘူး။ အသက်ရှူပါမမှန်တော့ဘူး။ အသက်ရှုရင်တောင် ရင်ဘတ်ကအောင့်လာ တယ်။ အဲဒီအချိန်မှာ ငါ့ကလေးတွေကငယ်သေးတယ်။ ငါသေလို့မဖြစ်သေး ဘူးဆိုပြီး ယောကျာ်းကိုနှိုးပြီး ဆေးရုံအရေးပေါ်ဌာနကိုပြေးရတာ။ ဆေးရုံရောက်တော့ ECG လည်းရိုက်အဖြေရှာတော့ ရင်ညွန့်က အရိုးနုရောင်တာလို့သိရတယ်။

အခုရောဆေးတွေ သောက်နေရလား
မသောက်ရတော့ဘူး။ ဒါပေမဲ့ ဂရုစိုက်နေထိုင်ရတယ်။ အလေးအပင် မ မရဘူး။ ကလေး ၂ ယောက်ကို ချီလို့မရတော့ဘူး။

သက်မွန်အနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖြစ်လား
သက်မွန်ကျန်းမာရေးကိုဂရုစိုက်ပါတယ်။ အခုလိုဖြစ်လိုက်တော့ အတွေ့အကြုံရသွားပြီး နောက်ကိုကျန်းမာရေးဂရုစိုက်ရတော့မယ်ဆို တဲ့အသိဝင်လာပါတယ်။ ပြီးတော့ ဘာသာရေးအရကြည့်ရင် ဖြစ်ချိန်တန်ရင်ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်။ အချိန်မရွေးသေသွားနိုင်တယ်။ ကိုယ်နောက်ဆုံးအချိန်ရောက်ရင် မိဘတွေအပေါ်ရော၊ သားသမီးတွေအပေါ်ရော သံယော ဇဉ်ဖြတ်ရမယ်။ တရားလေးမှတ်ရမယ်ပေါ့။ သက်မွန်အတွက် တော်တော်လည်း အတွေ့အကြုံရသွားပါတယ်…
လို့ပြောပြသွားခဲ့ပါတယ်။

ရင်ဘတ်အောင့်ခြင်းဝေဒနာ ဖြစ်ရခြင်းအကြောင်းရင်းတွေ အများကြီးရှိရာ ရင်ဘတ်ရှိ ကြွက်သားအရိုးများကို အခြေခံသော နာကျင်မှုများနှင့် အစာအိမ်နှင့် အစာရေမျိုပြွန်ရောဂါတွေ၊ အဆုတ်အခြေခံဝေဒနာတွေ၊ နှလုံးတိုက်ခိုက်ခံခြင်းကဲ့သို့ နှလုံးအခြေခံ ဝေဒနာတွေ စသည်ဖြင့်ရှိပါတယ်။ အဖြစ်များလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ ရင်ညွန့်ရိုးနှင့် နံရိုးထိတွေ့ထားသော အရိုးနု နေရာမှာ ရောင်ရမ်းခြင်း Costochondritis လည်း ပါဝင်ပြီး အထူးသဖြင့် ကလေးနဲ့လူငယ်ပိုင်းမှာ တွေ့ရလေ့ရှိပါတယ်။ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဖြစ်လေ့ရှိပါ တယ်။ အမျိုးသမီးတွေက ပိုပြီး ဖြစ်လေ့ရှိတယ်။ ဗက်တီးရီးယား၊
ဗိုင်းရပ်စ်နှင့်မှိုပိုးကူးစက်ခံရခြင်းကြောင့်ရောင်ရမ်းခြင်းဖြစ်ပါတယ်။ သက်လတ်အရွယ်နောက်ပိုင်း ရင်ဘတ် အောင့် တာဆိုရင်တော့ နှလုံးတိုက်ခိုက်ခံရခြင်း ဟုတ်၊ မဟုတ် သိရှိရန် အရေးကြီးပါတယ်။ တတ်ကျွမ်း နားလည် သူနှင့် ပြတိုင်ပင်သင့်သောဝေဒနာတစ်ခုဖြစ်ပါတယ်။

Photo : thet mon myint facebook (Dress : Sweet & Smart , MUA : Hello T Cho T Khine , Photo : Amazing Grace)