အဲ့သလိုပါပဲကွယ် နှလုံးရောဂါရှိတဲ့ မိခင်လောင်းဆိုရင်လည်း သဘောတရားချင်းကတော့ အတူတူပါပဲ။ ကလေးယူတော့မယ်လို့ ဆုံးဖြတ်ပြီဆိုရင် ပထမဆုံး မိမိရဲ့ နှလုံးရောဂါရဲ့ အခြေအနေ ပြင်းထန်မှုကို ဆရာဝန်နဲ့ သွားရောက်စစ်ဆေးပြီး ကိုယ်ဝန်ဆောင်ဖို့ သင့်တော်တဲ့အနေအထား ရှိ-မရှိ။ ရှိရင် ဘယ်လိုတွေ ကြိုတင် ပြင်ဆင်ရမယ်ဆိုတာ တိုင်ပင်ရမယ်ပေါ့။ တစ်ခါတလေ နှလုံးရောဂါက ပြင်းထန်ဆိုးဝါးနေတဲ့အခါ ကိုယ့်ဘာသာ ကိုယ်တောင် အနိုင်နိုင်လို့ပြောရအောင် အလကားနေအောင် ဟောဟဲလိုက်အောင် မောပန်းနေရင် ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ဆောင်ဖို့ သင့်တော်ပါ့ မလဲကွယ်။ ကလေးယူဖို့ စဉ်းစားတဲ့အခါ ကိုယ်ဝန်ဆောင်ရုံ ကလေးမွေး ရုံလေးတင်မဟုတ်ဘူး။ ဒီကလေးလေး ကို ကြီးပြင်းအရွယ်ရောက်လာအောင် ပြုစုစောင့်ရှောက်ရမဲ့ တာဝန်ဝတ္တရားတွေရှိနေသေးတယ်ကိုပါ ထည့်တွက်ရလိမ့်မယ်။ နှလုံးရော၈ါတွေကလည်း မျိုးစုံရှိတာ။ ခွဲစိတ်ကုသဖို့ လိုမဲ့နှလုံးရောဂါမျိုးဆိုရင်လည်း ကြိုကြိုတင်တင် စောစောစီးစိး ခွဲစိတ်ပြီး ကျန်းမာရေးကောင်းသွားပြီဆိုမှ ကလေးယူရင် ပိုကောင်းတာပေါ့။ သွေးတိုးရောဂါရှိတဲ့သူဆိုရင်လည်း ဒီလိုပါပဲ။ သူ့ရဲက သွေးတိုးက ဘယ်လောက်ဆိုးသလဲ။ ဘယ်လိုဆေးတွေ သောက်နေသလဲ။ ကလေးယူဖို့ သင့်တော်ရဲ့လား စသည်ဖြင့် ဆရာဝန်နဲ့ ပြသစစ်ဆေးရမယ်။ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ သွေးပေါင်ကျဆေးတွေကို အူဝဲလေးကို မထိခုက်စေတဲ့ ဆေးတွေနဲ့ လိုသလို ပြောင်းပေးဖို့လိုတယ်။ ကိုယ်ဝန်တစ်လျှောက်လုံးမှာလည်း သွေးပေါင်ကို မှန်မှန်ချိန်ပြီး ဆီးထဲ အသားဓာတ် ပါ-မပါ ကိုယ်ဝန်ဆိပ်တက် ရောဂါ ဝင်-မဝင်ကို စစ်ဆေးနေဖို့လိုတယ်။ ပန်းနာရင်ကျပ်ရောဂါရှိတဲ့ မိခင်လောင်းတွေလည်း ကလေးယူတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ဖို့ လိုတာပဲ။ အရမ်းကာရောကြီး အပြင်းအထန် မောကျပ်နေလောက်ရအောင် ရောဂါဆိုးဝါးနေရင်တော့ ကလေးမယူသင့် သေးဘူး။ ဆေးကုပြီး ရောဂါကို သေချာထိန်းချုပ်ဖို့လိုတယ်။ ပန်းနာရင်ကျပ်ရောဂါမှာပေးတဲ့ ဆေးဝါးတွေ Salbutamol တို့ စတီးရွိုက်ပါတဲ့ ရှူဆေးတွေအားလုံးက ကလေးကို မထိခိုက်တတ်တာမို့ စိတ်ချလက်ချ သုံးနိုင် ပါတယ်။ ကိုင်း သမီးလေး နှင်းရယ်။ ရောဂါရှိတဲ့ မိခင်လောင်းတွေအနေနဲ့ ကလေးယူမယ်ဆိုရင် ဘယ်လိုပြင်ဆင် ရမယ်ဆိုတာ ပြောပြခဲ့ပြီးပြီနော်။ မိခင်ဆိုတာဟာ သိပ်ကို ထူးခြားအံ့သြဖွယ်ကောင်းတာ သမီးရေ။ ဟိုတလောက ဦးတွေ့ခဲ့ဖူးတဲ့ ဆရာဝန်မလေးတစ်ယောက်ဆိုရင် သူ့မှာ တော်တော်ကို ပြင်းထန်ဆိုး ဝါးတဲ့ နှလုံးရောဂါကြိးတစ်ခုကို ခံစားနေရရှာတယ်။ နိုင်ငံခြားထိတောင် သွားပြီးဆေးကုရတယ်။ ဆေးကုအပြီးမှာ အဲဒီက နှလုံးအထူးကုဆရာဝန်ကြီးတွေက သေချာမှာလိုက်သတဲ့။ သူ့ရဲ့ ရောဂါအခြေအနေ က သားသမီးယူလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့အကြောင်း၊ အသက်အန္တရာယ်ရှိတဲ့အကြောင်း ဒီဆရာဝန်မလေး ပဲ ဦးဦးဆီ ကိုယ်ဝန်လာအပ်တော့ စိတ်ပူပန်စရာတွေ ဖြစ်လာရတော့တာပေါ့ကွယ်။ ဦးဦးလည်း တအံ့တအားနဲ့ မေးမိတယ်။ မတော်တဆ မလိုချင်ဘဲ ရသွားတာလားလို့ပေါ့။ ဘယ်ဟုတ်ရမလဲ။ သူကိုယ်တိုင်က ဆရာဝန် တစ်ယောက်ပဲ။ သူ့ရဲ့ အန္တရာယ်ကို မသိဘဲ နေပါ့မလား။ ဒါပေမဲ့ သူက ဒါတွေကို လုံး၀ မမှုဘူး။ ဒီကလေးလေး ကို ရဖို့ သူ့အသက်သေချင်သေပါစေ စွန့်စားပြီးတော့ ယူမှာတဲ့။ သူ့အသက်နဲ့ အလောင်းအစားလုပ်ပြီးတော့ကို ဒီကလေးလေးကို မွေးမှာတဲ့။ အံ့သြစရာမကောင်းပေဘးလား။ မိခင်စိတ်ဆိုတာ ဒီလိုမျိုးကို ခေါ်တာလို့ ဦးဦးနား လည်သဘောပေါက်ပြီ။ မိခင်တွေကို လေးစားစွာ ဦးညွတ်မိတော့တယ်။ မေမေတွေအားလုံး ကျန်းမာချမ်းသာ ကြပါစေလို့ ဆုမွန်တောင်းလိုက်ရပါတော့တယ်။

ဒေါက်တာစိုးလွင်