သမီးလေးဆောင်းနှင်းမြူ …

မိခင်လောင်းတစ်ယောက်မှာ နဂိုကတည်းက ရောဂါအခံ တစ်ခုခုရှိတယ်ဆိုပါတော့ သူ့ခမျာ ခံစားနေရတဲ့ ဒီရောဂါကြောင့် နေထိုင်မကောင်း ကျန်းမာရေးနဲ့ မပြည့်စုံရတဲ့ကြားထဲ ဗူးလေးရာ ဖရုံဆင့်ဆိုတဲ့ စကားလေးလိုပဲ ကိုယ်ဝန်ဆောင်လို့မှ ဖြစ်ပါ့မလား။ ကိုယ်ဝန်ဆောင် မိခင်ဆိုတာ အန္တရာယ်များပါဘိသနဲ့။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ တစ်နေ့ကို သင်္ချီင်းကုန်းကို ၃ခါလောက်တောင် မျက်စောင်းထိုးတယ်လို့တောင် ကြားဖူးရဲ့။ ‘ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ’ ဆိုတဲ့စကားလိုပဲ မိခင်လောင်းဘ၀ ကြောက်စရာ အန္တရာယ်များတဲ့အကြောင်း ခြောက်လန့်ခဲ့ကြတယ်မဟုတ်လား။ အဲဒီတော့ နဂိုရောဂါအခံတစ်ခုခုရှိတဲ့ မိခင် လောင်းတွေကို ကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်တွေ နှစ်ဆတိုးပြီး ကြုံရတော့ မယ်လို့ စိုးရိမ်ပူပန်စရာတွေ ဖြစ်လာနိုင်တာပေါ့။ ခုလို တိုးတက်နေတဲ့ ခေတ်သစ်ကမ္ဘာကြီးမှာ အဲဒီအတွက် အရမ်းကာရော စိုးရိမ်ပူပန်ဖို့ မလိုတော့တဲ့အကြောင်း သတင်းကောင်းပါးချင်တယ်သမီးရယ်။ အရေးကြီးတာက ကိုယ်မယူခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ သေချာပြသစစ်ဆေးခဲ့ပြီး ရောဂါအခံကြောင့် ရိုးရိုးသာမန်မိခင်လောင်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ပိုပြီးအန္တရာယ်များနိုင်တယ်။ ပိုပြီးအလုပ်ရှုပ်နိုင်တယ်။ စိတ်ရှုပ်ရနိုင်တယ်။ ပိုပြီးတော့လည်း ဂရုတစိုက်နဲ့ နေထိုင်စောင့်ရှောက်ဖို့လိုတယ်။ အဲဒီရောဂါကြောင့် သောက် နေရတဲ့ဆေးတွေကို လိုအပ်သလို ပြောင်းလဲပစ်ရတယ်။ ဆေးပမာဏကို အတိုးအလျှော့လုပ်ရတယ်။ ရောဂါ အခြေအနေကို စနစ်တကျ စောင့်ကြည့်ရတယ်။ ဒီလိုမျိုး စနစ်တကျ လုပ်သွားနိုင်ရင် ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးကို ချောချောမောမော အန္တရာယ်ကင်းကင်း မွေးဖွားနိုင်မှာဖြစ်တယ်သမီးရယ်။ မိမိရဲ့ ရောဂါ အခြေအနေပေါ်မူတည်ပြီး ဆောင်ရန် ရှောင်ရန် အချက်တွေ သိဖို့လိုပါတယ်။ ဥပမာ ဆီးချိုရောဂါရှင် မိခင်လောင်းတစ်ယောက်ဆိုပါတော့။ ဒီမိခင်လောင်းဟာ ကလေးပျက်ကျနိုင်ခြေ ကလေးမှာ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းချက် ဖြစ်နိုင်ခြေတွေ ပိုပြီး များတတ်တယ်။ ဒါကြောင့် ဒီလိုမိခင်မျိုးဟာ ကိုယ်ဝန်ယူတော့မယ်လို့ စိတ်ကူးမိတာနဲ့ ဆရာဝန်နဲ့ စောစောစီးစီး ပြသတိုင်ပင်ရမယ်။ သူ့ရဲ့ ရောဂါအခြေအနေကို ဆန်းစစ်ရမယ်။ သောက်နေရတဲ့ ဆေးတွေကို ပိုပြီးအန္တရာယ်နည်းမဲ့ဆေးတွေနဲ့ ပြောင်းလဲ ပစ်ရမယ်။ ရောဂါအခြေအနေက ကိုယ်ဝန်ဆောင်ဖို့ မသင့်အောင် ဆိုးဝါးပြင်းထန်နေလျှင်လည်း ကလေးကို ချက်ချင်းမယူသင့်သေးဘဲ ရောဂါကို သေချာထိန်းချုပ်ဆေးကုဖို့ လိုတာပေါ့။ ဆေးတွေဆိုရင်လည်း ရိုးရိုး သွေးချိုကျဆေးတွေအစား အင်ဆူလင်ထိုးဆေးကို ပြောင်းပြီးသုံးတာမျိုးတွေ လုပ်ရနိုင်တယ်။ ဒါတက်မက သေးဘူး မိခင်တွေမှာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်တွေ တခြားမိခင်တွေထက် ပိုပြီးအန္တရာယ်ရှိတာမို့ ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်တဲ့နေ့ကစပြီး ဖောလစ်အက်စစ် ဗီတာမင် ဆေးပြားလေးတွေကို သောက်ရမယ်။ ရိုးရိုးသာမန်မိခင်တွေရဲ့ လိုအပ်ချက်ထက် ဆယ်ဆ ပိုပြီးသောက်ရမယ်။ (ရိုးရိုးမိခင်ရဲ့ လိုအပ်ချက်က ၄၀၀ မိုက်ခရိုဂရမ်ဆိုရင် ဒီမိခင်တွေက ၄၀၀၀ မိုက်ခရိုဂရမ်လိုတာပေါ့။) ဆီးချိုရောဂါရှင် မိခင်တစ်ယောက်အတွက် အဓိကအကျဆုံး အရေးကြီးဆုံး သတိပြုရမဲ့အချက်ကတော့ ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အစားအသောက်ရယ်၊ လိုအပ်တဲ့ဆေးဝါးရယ်ကို စနစ်တကျ သုံးစွဲပြီး သူ့ရဲ့ သွေးထဲက သကြားဓာတ်ကို ကိုယ်ဝန်စယူချိန်ကစပြီး မွေးတဲ့အချိန်အထိ ပုံမှန်အနေအထားမှာပဲရှိအောင် ထိန်း ချုပ်ထားနိုင်ဖို့ဖြစ်တယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်မျိုးစုံရဲ့ အဓိကတရားခံဟာ သွေးချိုဆီးချို သကြားဓာတ် ပမာဏကို မထိန်းနိုင်ဘဲ များလွန်းတာ၊ နည်းလွန်းတာတွေပဲ ဖြစ်တယ်။ တကယ်လို့ မိခင်လောင်းဟာ (Epilepsy) တက်ချက်တတ်တဲ့ အရင်က ဝက်ရူးပြန်ရောဂါလို့ခေါ်တဲ့ ရောဂါမျိုးရှိတယ်ဆိုရင်လည်း ကလေးယူဖို့ အစီအစဉ်ရှိတာနဲ့ ဆရာဝန်နဲ့ သေချာပြသပြီး တိုင်ပင်ဆေါးနွေဖို့ လိုအပ်တာပေါ့။ ဒီရောဂါကိုယ်၌ကလည်း ဒီရောဂါအတွက် သောက်ရတဲ့ဆေးတွေကလည်း မိခင်နဲ့ ကလေးကို အန္တရာယ်တွေ ရှိနိုင်တယ်ဆိုပေမဲ့ ဒီအန္တရာယ်ကို အတတ်နိုင်ဆုံး အတတ်နိုင်ဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပြီ။ ဒီရောဂါအတွက် သောက်ရတဲ့ဆေးတွေကြောင့် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပိုပြီးဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်မှာပဲကြောက်ပြီး ဒီဆေးတွေကို လုံးဝမသောက်ဘဲ ရပ်ပစ်လိုက်မယ်ဆိုရင် “ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး” ဆိုတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရတတ်တယ်။ သဘောကတော့ကွယ် ဒီဆေးရဲ့ အန္တရာယ်ကို ကြောက်လို့ဆိုပြီး ဆေးတွေကို လုံးဝမသောက်ဘဲ ရပ်ပစ်လိုက်ရင် မိခင်လောင်းဟာ အချိန်မရွေး ရုတ်တရက်လဲကျပြီး သတိလစ် တက်ချက်တတ်တယ်။ အဲဒီလိုမျိုးဖြစ်လာရင် မိခင်ရော ဗိုက်ထဲက ရင်သွေးလေးတွအတွက်ပါ အသက်အန္တရာယ်ရှိလာနိုင်တာပေါ့။ ဒါကြောင့် ဆေးတွေကိုလည်း ရပ်မပစ်ရဘူး။ ဆေးတွေထဲက ကလေးပုံမှန်ဖြစ်စေတဲ့ အန္တရာယ်အနည်းဆုံးဆေးကို တတ်နိုင်သလောက် အနည်းဆုံးပမာဏနဲ့ ချင့်ချိန်ပြီး ပြန်ပေးရတယ်။ ဒါတင်မကဘူး။ ဆီးချိုသွေးချိုရောဂါရှင် မိခင်လောင်းတွေလိုပဲ ဒီလူနာတွေမှာလည်း ကလေးပုံမမှန်ဖြစ်နိုင်တဲ့ အန္တရာယ်နည်းအောင် ဖောလစ်အက်စစ်ကို တစ်နေ့ ၄၀၀၀ မိုက်ခရိုဂရမ် သောက်ရမယ်။ ဒီလိုပုံစံမျိုး စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး ဆေးကုသမှုခံနိုင်တယ်ဆိုရင် အန္တရာယ်အနည်းဆုံးနဲ့ မိခင်ရော ကလေးမှာ ကျန်းမာစွာ မွေးဖွားပေးနိုင်မှာဖြစ်တယ်သမီးရယ်။

ဒေါက်တာစိုးလွင်