သဘာဝတရားရဲ့ အသံတွေကို ကြားရဖို့ဆိုတာ နားတွေရှိမှ ကြားရတာ မဟုတ်ပါဘူး။ အလွန်တိတ်ဆိတ်တဲ့ နေရာမှာတောင်မှ ငှက်ကလေး တွေရဲ့ အသံ၊ သစ်ရွက်ကို လေတိုးသံ၊ အင်းဆက်ပိုးမွှားတွေရဲ့ ဘာသာဘာဝ မြည်သံတွေ ရှိကြပါတယ်။ သက်ရှိရယ်လို့ ဖြစ်လာကတည်းက အသံတွေကို ကြားနိုင်စွမ်းဟာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် တစ်နည်းတစ်ဖုံ အရေးပါနေတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လူနဲ့ တိရစ္ဆာန်တွေဟာ အစာ ရှာဖို့ပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝရဲ့ အသက်ရှင်နေထိုင်ဖို့ပဲဖြစ်ဖြစ် အသံတွေကို ကြားဖို့ လိုအပ်တယ်ဆိုရင် သစ်ပင်တွေရော မလိုအပ်ပေဘူးလား။ စိတ်ဝင်စားစရာပါပဲ။

သစ်ပင်တွေဟာ ကြားနိုင်သလား ဆိုတဲ့ ထင်မြင်ယူဆချက်ကို လေ့လာစမ်းသပ်ကြသူများထဲက သုတေသီ Lilach Hadany ရဲ့ စမ်းသပ်ချက်တွေအရ အပင်တွေက ကြားနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ Hadany နဲ့ အဖွဲ့ဟာ Evening Primrose လို့ခေါ်တဲ့ ပန်းပင်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ပျားကောင်တွေရဲ့ တောင်ပံ ခတ်သံ၊ အော်မြည်သံတွေကလာတဲ့ တုန်ခါမှုတွေကို ပန်းပွင့်တွေက အာရုံခံစားမိတဲ့အခါ ရုတ်တရက်ချက်ချင်း သူတို့ပန်းပွင့်တွေထဲက ဝတ်ရည်ထဲမှာ သကြားပါဝင်မှု မြင့်တက်သွားတာ တွေ့ရှိရပါတယ်။ ပျားကောင်တွေရဲ့ တောင်ပံခတ်သံမဟုတ်ဘဲ လေတိုးသံလိုမျိုး အခြားအသံတွေကို ကြားတဲ့အခါ ဝတ်ရည်ထဲက သကြားပါဝင်မှု မပြောင်းလဲတာကို တွေ့ရှိရပါတယ်။ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်တဲ့အခါ Evening Primrose ပန်းပွင့်တွေကို တိတ်ဆိတ်ခြင်း၊ ပျားကောင်တွေရဲ့ အသံကို ၄ လက်မအကွာအဝေးမှ အသံသွင်းထား တဲ့ ရီကောဒင်းဖွင့်ပြခြင်း၊ ကွန်ပျူတာမှထုတ်လွှတ်သောအသံ စသဖြင့် အသံအမျိုးမျိုးဖြင့်ပြောင်းလဲစမ်းသပ်ပြီး ဝတ်ရည်ထဲမှာ ပါဝင်တဲ့ Sugar concentration ကို တိုင်းတာတဲ့အခါ ပျားကောင်ရဲ့ အသံကို တုံ့ပြန်တာဖြစ်ပါတယ်။
တကယ့်ကွင်းပြင်ထဲမှာ တကယ့်ပျားနဲ့ စမ်းသပ်တဲ့အခါ အခြားအသံတွေ ထက် ပျားကောင်အသံကို ကြားတဲ့အခါ ရုတ်တရက် ယာယီမြင့်တက်လာတဲ့ သကြားပါဝင်မှု ပြင်းအားဟာ ၉ ဆ မြင့်တက်ခဲ့ကြောင်း သုတေသီတွေက ပြောဆိုခဲ့ပါတယ်။ သဘာဝတရားကြီးဟာ မြတ်နိုးဖွယ်ရာ အံ့ဩမှုတွေ အပြည့်ပါပဲ။
Ref: Nationalgeographic.com (Michelle Z. Donah—)

ခိုင်မွန်ကျော်