ဟီရိုရှီးမား ငြိမ်းချမ်းရေးအမှတ်တရပြတိုက်ထဲတွင် ဟီရိုရှီးမားမြို့အား အဏုမြူဗုံးကြဲချခံရပြီးနောက် ထိခိုက်ပျက်စီးသေကြေခဲ့ကြရသည့် အကြောင်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအကြောင်း အမှတ် တရ ပြသမှတ်တမ်းတင်ထားသည်သာမက အဏုမြူဗုံးကမ္ဘာပေါ်တွင် ပထမဆုံးအသုံးပြုပြီးနောက် အဏုမြူခေတ်ကြီး သိပ္ပံနည်းကျပြောရလျင် နျူကလီးယားခေတ်ကြီး (Nuclear Age) အတွင်း ဝင်ရောက်လာပုံနှင့် ပတ်သက်၍လည်း သုံးသပ်ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
နျူကလီးယားခေတ်တွင် နျူကလီးယား စစ်လက်နက်ပစ္စည်း (Nuclear Weapons) များ ပေါ်ပေါက်ထွန်းကား ဖွံ့ဖြိုးတိုးတက်လာပုံ အကြောင်းကို လည်း ဗဟုသုတဖြစ်အောင် ရေးသားဖော်ပြထားသည်။
တကယ်တော့ အဏုမြူဗုံးကို အောင်မြင်စွာစမ်းသပ်ဖောက်ခွဲပြီး သည့်နောက် စစ်လက်နက်အဖြစ် စစ်ပွဲများတွင် အသုံးပြုမည့် အရေးကိစ္စကို တော့ အမေရိကန် နှင့် မဟာမိတ် ခေါင်းဆောင်များက အသေအချာ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်ခဲ့ကြတာဖြစ်သည်။


၁၉၄၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ယူကေနိုင်ငံတို့က နျူကလီးယားလက်နက်များကို သူတို့ နှစ်နိုင်ငံအကြား အသိပေးအပြန် အလှန် ဆွေးနွေး သဘောတူညီချက်မရှိဘဲ အသုံးမပြုရန် လက်မှတ်ရေးထိုးထားခဲ့ကြသည်။ ထို့ကြောင့် ဂျပန်နိုင်ငံအား အဏုမြူဗုံးကြဲမည့် အစီအစဉ်ကို ဗြိတိသျှတို့၏ သဘောတူခွင့်ပြုချက် ရရှိအောင် ပထမဦးစွာပြုလုပ်ခဲ့ကြရသည်။ ထိုစဉ်က အမေရိကန် ပြည်ထောင်စု၏ သမ္မတထရူးမန်းကလည်း သူ၏ နေ့စဉ်မှတ်တမ်းတွင် ရေးသားခဲ့ရာ၌ နျူကလီးယားလက်နက် (အဏုမြူဗုံး) ဖြင့် ဂျပန်နိုင်ငံအားတိုက်ခိုက်ရာတွင် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များ၊ စစ်သားများ၊ သင်္ဘောသားများကိုသာ ပစ်မှတ်အဖြစ်ထား၍ တိုက်ခိုက်ရမည်။ အမျိုးသမီးများနှင့် ကလေးများအား ရည်ရွယ်တိုက်ခိုက် ခြင်း မပြုရဟု ရေးသားထားသည်။ ဂျပန်စစ်တပ်သည် (ထိုစဉ်ကာလက) ကြမ်းတမ်းခြင်း သနားကြင်နာမှုကင်းမဲ့ခြင်း၊ စိတ်ရူးပေါက်သလိုလုပ်ခြင်း စသည်တို့ ပြုလုပ်လေ့ရှိတာမှန်သော်လည်း မဟာမိတ်ခေါင်းဆောင်များ အနေဖြင့် ဤကြောက်မက်ဖွယ်ရာကောင်းသော အဏုမြူဗုံးကို ဂျပန်နိုင်ငံ ၏ ရှေးဟောင်းမြို့တော် ကျိုတိုမြို့ကိုသော်လည်း ကောင်း မြို့တော်သစ် တိုကျိုမြို့ကို သော်လည်းကောင်း ကြဲချခြင်း မပြုနိုင်ကြောင်း ပစ်မှတ်သည် စစ်ရေးဆိုင်ရာ ပစ်မှတ်တစ်ခု စစ်စစ်သာလျှင်ဖြစ်ရမည်ဟု ရေးသားထား ခဲ့သည်။
အဏုမြူဗုံး မကြဲချမီကတည်းက ဂျပန်နိုင်ငံအတွင်း လေကြောင်း စစ်ဆင်ရေးဖြင့် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များက အကြီး အကျယ် တိုက်စစ်ဆင်နေခဲ့တာဖြစ်သည်။ အဏုမြူဗုံးမချမီအထိ ဂျပန် နိုင်ငံတွင် ကြဲချခဲ့သော သမားရိုးကျဗုံးတန်ချိန် စုစုပေါင်း ၁၅၇ယဝဝဝ ကြဲချခဲ့ပြီးဖြစ်သည်။
ဂျပန်မြို့တော်များအား လေကြောင်းစစ်ဆင်ရေးဖြင့် ဗုံးများ ကြဲချခြင်း မပြုမီ အမေရိကန်လေတပ်က သတိပေးနှိုးဆော်သော စာရွက်ခေါက်များ ကို ဂျပန်မြို့တော်များပေါ်တွင် ရက်အနည်းငယ် ကြိုတင်၍ ကြဲချသည်။ ထိုစာခေါက်ထဲတွင် ဗုံးချမည့်အကြောင်း ဂျပန်ပြည်သူပြည်သား အရပ်သား များအား ရှောင်ပြေးကြရန် သတိပေးခြင်း ဖြစ်သည်။
အဏုမြူဗုံးမကြဲချမီက ထိုစာခေါက်များထဲတွင် အထူးသတိပေး နှိုးဆော်ချက်ရေးပြီး သတိပေးခြင်းနှင့် အဏုမြူဗုံး၏ အဖျက်စွမ်းအား ကြီးပုံကို သရုပ်ပြဖောက်ခွဲမှုပြုလုပ်ပြဖို့ သင့်မသင့် စဉ်းစားခဲ့ကြသေးသည် ဟုဆိုသည်။ သို့သော် အကယ်၍ သရုပ်ပြဖောက်ခွဲမှုတွင် စနက်တံ အောင် မြင်ချောမောစွာ အလုပ်လုပ်နိုင်မှု မသေချာခြင်းနှင့် ဂျပန်စစ်ခေါင်းဆောင် များအား အကြီးအကျယ် အရှိုက်ထိသွားစေလိုသော ရည်ရွယ်ချက်များ ကြောင့် ဟီရိုရှီးမားမြို့နှင့် နာဂါဆာကီမြို့တို့အပေါ် အဏုမြူဗုံး ကြဲချမည့် အကြောင်း ကြိုတင် သတိပေးမှုမျိုး မပြုလုပ်ဖြစ်ခဲ့ကြချေ။ သို့သော် ၁၉၄၅ ခု ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သော ပိုစ့်ဒမ် ကြေငြာချက် Potsdam Declaration တွင်မူ ဂျပန်တို့အား အကြွင်းမဲ့ လက်နက်ချရန် ရေးသားထား ပြီး လေယာဉ်ပေါ်မှကြဲချခဲ့သော စာခေါက်များထဲတွင် ဂျပန်လက်နက် မချပါက အြွကင်းမဲ့ လုံးဝဥသုံဖျက်ဆီးမှုကို မဆိုင်းမတွ ချက်ချင်း ပြုလုပ်မည် (Prompt and utter destruction) …ဟူ၍ အရိပ်အမြွတ် ရေးသားသတိပေးခဲ့သည်။


ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးဖြင့် ဖျက်ဆီးတိုက်ခိုက် ပြသခဲ့သော်လည်း ဂျပန်စစ်ခေါင်းဆောင်များက ကန့်သတ်ချက် အခွင့်အရေးပါသော လက်နက်ချမှုကိုသာ တောင်းဆိုနေဆဲ သဘောမျိုး သက်ရောက်သည့် အနေအထား၌ရှိနေဆဲ ဖြစ်သောကြောင့် မဟာမိတ်တို့ လိုလားသော အြွကင်းမဲ့လက်နက်ချခြင်း (Unconditional surrender) ရရှိစေရန်အတွက် ဟီရိုရှီးမားကို ဗုံးကြဲပြီးနောက် သုံးရက်အကြာတွင် နာဂါဆာကီ မြို့ကိုပါ ထပ်မံ၍ အဏုမြူဗုံးချခဲ့ရခြင်း ဖြစ်လေသည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် မူလက ဂျပန်ပြည်မကြီးအား သမားရိုးကျ စစ် တပ်ဖြင့် ဝင်ရောက်တိုက်ခိုက်ရန် ကြံရွယ်ထားသော်လည်း သမ္မတထရူးမန်းအား အကြံပေးအရာရှိများက သမားရိုးကျစစ်ပွဲဖြင့် ဂျပန်နိုင်ငံအတွင်း ဝင်ရောက်ရန် ကြိုးစားလျှင် အမေရိကန်စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအရေအတွက် ကြောက် မက်ဖွယ်ရာကောင်းအောင် များပြားလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့ကြပြီး ဒုတိယကမ္ဘာစစ်ကြီး စောစောပြီးဆုံးသွားစေရန်ရည်ရွယ်လျက် အဏုမြူဗုံး များ သုံးလိုက်ရခြင်း ဖြစ်လေသည်။ နာဂါဆာကီကို အဏုမြူဗုံး ကြဲချသည့် နေ့၌ အမေရိကန် ဗုံးကြဲလေယာဉ်ကြီးများက ဂျပန်မြို့ကြီးများပေါ်တွင် စာခေါက်ပေါင်း သုံးသန်းကြဲချခဲ့သေးသည်။ ထိုစာခေါက်ထဲတွင်တော့ ဂျပန်ဘုရင်က စစ်ကို အဆုံးမသတ်လျှင် ဂျပန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များ အားလုံးကို အဏုမြူဗုံးများ ထပ်မံကြဲချဦးမည်ဟု ရေးသားထားသည်။
အကယ်၍သာ ဂျပန်သည် လက်နက် မချသေးခဲ့လျှင် တတိယ မြောက် အဏုမြူဗုံးတစ်လုံးကို ကြဲချနိုင်ရန် စီစဉ်ထားသည်။ ထိုအဏုမြူဗုံး ကို ဩဂုတ်လ ၁၇ သို့မဟုတ် ၁၈ တစ်ရက်ရက်တွင် ကြဲချနိုင်ရန် အဆင် သင့် ဖြစ်မည်ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စုက မက်ဟန်တန် စီမံချက်ဖြင့် ထုတ်လုပ်လျက်ရှိသော အဏုမြူဗုံးများက ၁၉၄၅ နိုဝင်ဘာလ ကုန်တွင် နောက်ထပ် ၈ လုံး အဆင်သင့် ဖြစ်လိမ့်မည်ဟုလည်း သိရ၏။
ဂျပန်အစိုးရက လက်နက်ချရန် ဆုံးဖြတ်ချက်ချပြီးနောက် ရက်သတ္တ ပတ်များအတွင်း အမေရိကန်လေတပ်မှ လေယာဉ်များသည် ဂျပန်နိုင်ငံ အတွင်း ပျံသန်းဝင်ရောက်ကာ စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်နေ သေးသည်ဟုလည်း သိရသည်။ နမူနာအားဖြင့် အမေရိကန် လေတပ် မှလေယာဉ်များက မဟာမိတ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံ အတွင်းရှိ အကျဉ်းစခန်းများသို့ ရိက္ခာပစ္စည်းများချပေးလျက်ရှိကြသည်။ အမေရိကန်လေတပ်က အဏုမြူဗုံး ကြဲချမှုများ အပါအဝင် လေကြောင်း တိုက်ခိုက်မှုကြောင့် ဂျပန်နိုင်ငံသား စုစုပေါင်း ၃၃၃,ဝဝဝ အသက်ဆုံးရှုံး ခဲ့ရသည်။ ၄၇၃,ဝဝဝ ဒဏ်ရာရခဲ့ကြသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)