ကားလမ်းတစ်လျှောက်တွင် မြို့ငယ်၊ ရွာငယ်လေးများ၊ လမ်းဆုံ များစွာကို ဖြတ်ကျော်ခဲ့ရပြီး နောက်ဆုံး ၌ အိုဆာကာမြို့၏ KANSAI နိုင်ငံတကာ လေဆိပ်သို့ သွားသည့် လမ်းပေါ် ရောက်လာသောအခါ လမ်းပေါ်တွင် ကားများစွာ စီတန်းလျက် မောင်းနှင်နေကြသည့် အနေ အထားသို့ ရောက်ရှိလာလေသည်။ အခြားသောမြို့များမှ လာကြဟန် တူသော ဘတ်စ်ကားအမျိုးမျိုး တက္ကစီကား၊ ကိုယ်ပိုင်ကား၊ ဆလွန်း မျိုးစုံကိုလည်း တွေ့ရသည်။ တော်တော်အဝေးကြီးကတည်းက တန်းစီပြီး မောင်းနေကြခြင်းဖြစ်ရာ ခရီးမတွင်လှတော့ချေ။ လေဆိပ် အနီးနား ရောက်လာလေ ကားတွေ ပိုကြပ်ပြီး နှေးလာလေဖြစ်သည်။ တဖြည်းဖြည်းနှင့် တရွေ့ရွေ့မျှသာ မောင်းနှင်နိုင်ကြသော အခြေအနေ သို့ရောက်လာ၏။
အကြောင်းကား လေဆိပ်သို့ ရောက်သည့် ကားများက ဂိတ်နံပါတ် Terminal အမျိုးမျိုးတွင် ဆိုက်ရောက်ရပ်နား တင်ချပြုလုပ် လျက်ရှိကြရာ တစ်ခါတစ်ရံ ရွေ့ တောင် မရွေ့တော့ဘဲ ခေတ္တရပ် ထားရတော့၏။ နောက်ဆုံးတွင် မိမိတို့ ဘတ်စ်ကားက ဂိတ်ဆုံးသို့ ရောက်ပြီဟုဆိုသောကြောင့် ကား ပေါ်ရှိ ခရီးသည်အားလုံး ဆင်းကြ ရလေသည်။ ကားအောက်ပိုင်းတွင် ထည့်ထားသော ခရီးဆောင် သေတ္တာများကိုလည်း အသီးသီး ထုတ်ယူကြရ၏။ မိမိတို့ ခရီးဆောင် သေတ္တာက တော်တော်နှင့် ထွက် မလာသဖြင့် ပါမှပါရဲ့လား၊ တစ်ယောက်ယောက် မှားဆွဲသွားမိ သလားဟုပင် တွေးပူမိလိုက်သေး၏။ နောက်ဆုံးတော့ မိမိတို့ ခရီး ဆောင်သေတ္တာများအလှည့်ရောက် လာပြီး ထုတ်ယူလိုက်ကြရ၏။

ဘတ်စ်ကားရပ်သည့် နေရာတွင် မိမိတို့ကား၏ ရှေ့မှာရော၊ နောက်မှာပါ အခြားဘတ်စ်ကား များက ရပ်နေကြပြီဖြစ်ပြီး ကား အသီးသီးပေါ်မှ ဆင်းလာကြသည့် ခရီးသည်များဖြင့်လည်း ရှုပ်ယှက် ခတ်နေရာ မိမိတို့ အချင်းချင်း လူ မကွဲအောင်ပင် မနည်းထိန်းထားရ သည်။ခရီးဆောင်သေတ္တာမပါသော ဂျပန်မလေးက စောစောကတည်း က ဆင်းသွားပြီဖြစ်ရာ နှုတ်တောင် မဆက်လိုက်ကြရတော့ပါ။
ကင်ဆိုင်းလေဆိပ် နိုင်ငံတကာ ထွက်ခွာဆောင်ထဲ၌ နိုင်ငံတကာ သို့ သွားမည့် ခရီးသည်များက ပြည့်ကျပ်လျက်ရှိ၏။ ကိုရီးယား လေကြောင်းလိုင်း Check-in Counter ရောက်အောင် မနည်းရှာ ဖွေပြီး တိုးဝှေ့သွားရသည်။

ကိုရီးယားလေကြောင်းလိုင်း ကောင်တာတွင်လည်း ခရီးသွားတွေ တန်းစီနေကြသည်မှာ အရှည်ကြီး ဖြစ်၏။ ကောင်တာတိုင်းမှာပင် ခရီး သည်တွေ တန်းစီနေကြသည်ဖြစ်ရာ လူတန်းတွေက ကွေ့ကောက် ပြည့် ကျပ်လျက်ရှိသည်။ ခရီးဆောင် သေတ္တာတွေ၊ အထုပ်အပိုးတွေက ပါကြသေးရာ ခြေချစရာနေရာ မရှိလောက်အောင်ပင် ဖြစ်သည်။ ပုဂံက အာနန္ဒာဘုရားပွဲတော်တွင် ပွဲတော်လာ ပရိသတ်တွေနှင့် ညပ်သပ် ပြီး ကြက်ပျံမကျ စည်ကားလှသလို ပင် ဖြစ်ပေ၏။


အမှန်တကယ်တော့ ကင်ဆိုင် လေဆိပ်သို့ မိမိတို့ ရောက်သည့်အချိန် မှာ မိမိတို့လိုက်ပါမည့် ကိုရီးယား လေကြောင်းလိုင်းက လေယာဉ် ထွက်ခွာမည့် မူလသတ်မှတ်ပေး ထားသည့် အချိန်ထက် နာရီနှင့်ချီ ၍ ကျော်လွန်နေပြီဖြစ်သည်။ သို့သော် ဘတ်စ်ကားပေါ်မှာ ကတည်းက အင်တာနက်တစ်ချိန် လုံး ဖွင့်ကြည့်နေပြီး လေဆိပ်နှင့် ပတ်သက်သော သတင်းထူးတွေ ရှိလျှင် မိမိတို့နှစ်ဦးအား တစ်ချိန်လုံး ပြောပြပေးနေသော ဂျပန်မလေး၏ ကျေးဇူးကြောင့် ကင်ဆိုင်လေဆိပ်မှ ထွက်မည့်လေကြောင်းလိုင်းအားလုံး ထွက်ခွာချိန်ကို နောက်ဆုတ်ပေး ထားကြောင်း မိမိတို့နှစ်ဦးစလုံး သိ ထားပြီးဖြစ်ပါသည်။

အချိန်အတော်အကြာကြီး တန်းစီရပြီးမှ မိမိတို့အလှည့်သို့ ရောက်တော့၏။ ခရီးဆောင်သေတ္တာ တွေအပ်၊ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်များ ရယူပြီးသောအခါ လူဝင်မှုကြီးကြပ်ရေးဂိတ်သို့ လာကြ ရပြန်လေသည်။ လူအုပ်ကြီးမှာ လေဆိပ်တစ်ခုလုံး ပြည့်သိပ်နေရာ မနည်းတိုးဝှေ့ပြီး သွားရသည်။ သို့သော် ခရီးက မတွင်၊ လူဝင်မှု ကြီးကြပ်ရေးဂိတ်ပေါက်ရှိနေရာသို့ ရောက်ဖို့ရာ လူတန်းရှည်ကြီးက ကွေ့ကောက်လျက် တန်းစီနေကြ ပြန်လေသည်။ တောင်ကိုရီးယား နိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ ထွက်ခွာ မည့် မိမိတို့စီးမည့် လေယာဉ် အချိန်နောက်ကျပြီး ရွှေ့ပေးထား ပြီးဖြစ်သော်လည်း မိမိတို့လေဆိပ် ထဲ စတင်ဝင်ရောက်သည့်အချိန်မှ Check-in ဝင်ပြီးသည်အထိ တစ်နာရီကျော်လောက် ကြာမြင့်ခဲ့ ပြီဖြစ်သည်။

အချိန်တိတိကျကျ မမှတ်မိ တော့သော်လည်း ရွှေ့ပေးထား သည့် လေယာဉ်ထွက်ခွာချိန်သို့ ရောက်ရန် ၁၅ မိနစ်ကျော်ကျော် ခန့်သာ ကျန်တော့တာဖြစ်သည်။ ယခုမှ လူဝင်မှုကြီးကြပ်ဂိတ်သို့ နောက်ဆုံးမှ တန်းစီပြီး အလှည့် ရောက်အောင် စောင့်နေလျှင် ဘယ်လိုမှ လေယာဉ်ထွက်ချိန် မီတော့မှာမဟုတ် ချေ။ ကြားဖြတ် ပြီး တန်းစီရအောင်ကလည်း ကျင့်ဝတ်နှင့် မကိုက်ညီသော ကြောင့် မလုပ်ချင်။ ကျန်သည့်ခရီး သည်များကလည်း ကျေနပ်ကြမှာ မဟုတ်၊ ရန်ဖြစ်နေရဦးမည်။ သို့နှင့် သည်အတိုင်းတော့ မဖြစ်ဘူးဟု ဆုံး ဖြတ်ကာ လေဆိပ်ဝန်ထမ်းဝတ်စုံ ဝတ်ထားသော ဂျပန်မလေးတစ်ဦး ကို ပြောပြပြီး အကူအညီတောင်းဖို့ စကားစလိုက်ရာ ထိုဂျပန်မလေးက “I can’t speak English” ဟူသော စကားကိုပြောပြီးသာငြင်းဆန်ခေါင်း ခါလိုက်လေသည်။ ထိုဂျပန်မလေး မှာ ပညာတတ်ဖြစ်ဟန်တော့ မတူ၊ မိမိတို့ကဲ့သို့ပင် လာမေးသော အခြား သော နိုင်ငံခြားသားများကိုလည်း အိုင်ကဲန့်ထ် စပိခ် အင်းဂလစ်ရှ် ဟုသာ တွင်တွင်ပြောပြီး ခေါင်းခါ လျက် ရှိသည်။

သို့နှင့် မိမိတို့လည်း အကူ အညီပေးနိုင်မည်ထင်သည့် နောက် တစ်ယောက်ကို ရှာကြရပြန်သည်။ သည်တစ်ခါတွင်တော့ ပညာတတ် ပုံပေါက်ပြီး နည်းနည်းပိုပြီး အဆင့်မြင့်သော ကြီးကြပ်သူ အဆင့်လောက် ရှိဟန်တူသော လေဆိပ်ဝန်ထမ်း အမျိုးသမီးလေး တစ်ဦးဖြစ်သည်။ မိမိတို့၏ လေယာဉ် ပေါ်တက်ခွင့် လက်မှတ်များကို လည်း ပြကာ လေယာဉ်ထွက်ချိန် အလွန်နီးနေပြီဖြစ်၍ လူဝင်မှု ကြီးကြပ်ရေးဂိတ်ကို အထူးခွင့်ပြု ချက်ဖြင့် ရှေ့ဆုံးမှ ဖြတ်သန်းခွင့် ရရန် အကူအညီတောင်းပါ ကြောင်း ပြောပြရသည်။ ဤတော့ မှ ထိုအမျိုးသမီးလည်း သူ့လက်ထဲ မှ လက်ကိုင်စကားပြောစက် (Walkie-Talkie) ဖြင့် တစ်နေရာသို့ ဂျပန်ဘာသာဖြင့် လှမ်းပြောသည်။ ဘာတွေပြောနေမှန်းတော့ မသိ။ အချီအချ အပြန်အလှန် ပြောနေကြပြီး နောက်ဆုံးတွင် မိမိတို့နှစ်ယောက်ကို ခေါ်သွားကာ သူမ၏ ဦးဆောင်မှုဖြင့် တစ်နေရာ သို့ ရောက်လာသည်။ ထိုနေရာ တွင် ကိုရီးယားလေကြောင်းလိုင်း လေယာဉ်ပေါ်တွင် တာဝန်ထမ်း ဆောင်သူတွေဟူ၍ နောက်မှ သိရ၊ သဘောပေါက်ရသည့် လေယာဉ်မယ် ကိုရီးယားသူလေးနှစ်ယောက် ထံသို့ မိမိတို့နှစ်ဦးကို အပ်နှံလိုက်သည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)