၁၀ မိနစ်ကျော် ၁၅ မိနစ် နီးပါး အပြေးအလွှား လမ်းလျှောက် လာခဲ့ၾကရပြီးနောက် အဝေးပြေး ဘတ်စ်ကားဂိတ်တစ်ခုသို့ ရောက် လာကြ၏။ ဘတ်စ်ကားဂိတ်ထဲမှာ လည်း မိမိတို့လို ခရီးသည်များဖြင့် ပြည့်ကျပ်လျက်ရှိနေပြီး၊ နေရာ ဒေသအသီးသီးသို့ သည်နေ့မှ ခရီး ထွက်ရန် ကြိုတင်စီစဉ်ထားသူများ ဟုတ်ဟန်မတူဘဲ အရေးပေါ် ရောက်လာသော ခရီးသည်များ ဖြစ်ဟန်တူသည်။ ဘတ်စ်ကားဂိတ် ထဲမှာ တိုးဝှေ့ကြိတ်၍သွားရ၏။ ခရီးရောက်မဆိုက်ပင် ဂျပန်မလေး က ရှေ့ဆုံးမှ သွက်သွက်လက်လက် ဖြင့် ဘတ်စ်ကားလက်မှတ် အရောင်းကောင်တာသို့ရောက်သွားပြီး အိုဆာကာမြို့သို့ ထွက်ရှိပြီး၊ နိုင်ငံတကာ Kansai လေဆိပ်သို့ တိုက်ရိုက်ရောက်ရှိမည့် ဘတ်စ်ကား လက်မှတ်ကို ရွေးချယ်ဝယ်ယူပေး သည်။ မိမိတို့အလိုအတိုင်းဆိုလျှင် အိုဆာကာမြို့ကို ရောက်ရင် ပြီးပြီ ဟုမှတ်ကာ ရရာလက်မှတ် ဝယ်ယူ မိမည့်သဘောရှိသည်။ အကင်း ပါးပြီး လူရည်လည်သော ဂျပန်မလေး က အိုဆာကာသွားမည့် ခရီးသည် တင်ဘတ်စ်ကား နံပတ်အမျိုးမျိုး အနက် နိုင်ငံတကာလေဆိပ်တွင် ဂိတ်ထိုးပေးမည့် လက်မှတ်ကို သေသေချာချာ ရွေးချယ်ဝယ်ယူ ပေးခြင်းဖြစ်သည်။ လက်မှတ် ကိုယ်စီရရှိပါပြီ။ မိမိတို့ တက်ရမည့် ကားလေးလည်း အဆင် သင့်ပင် ရောက်နေရာ ကားပေါ် တွင်လည်း လူတွေ၊ ခရီးသည်တွေ ပြည့်လုနီးပါး ပင်ဖြစ်သည်။ ဝယ်ကတည်းက သုံးယောက်လုံးအတွက် ထိုင်ခုံမရ၊ နှစ်ယောက်စာသာ ရသည် ဖြစ်ရာ အလိုက်သိသော ဂျပန်မလေးက မိမိတို့နှစ်ယောက်အား ထိုင်ခုံများ ပေါ်တွင် ထိုင်စေပါသည်။ ကား နောက်ပိုင်းကျသော်လည်း ချေးများ လို့ မရပေ။ ဂျပန်မလေးကတော့ မိမိတို့နှင့် နီးနီးနားနား လူသွား လမ်းပေါ်မှာပင် မတ်တတ်ရပ်၍ လိုက်ရရှာသည်။ သူမတစ်ယောက် တည်းမဟုတ်ပါ။ မတ်တတ်ရပ်နေ သော မိန်းကလေးတွေ အများကြီး ပင်။ မိမိတို့လည်း မိန်းကလေးများ ကို ဦးစားမပေးနိုင်တော့ဘဲ မျက်နှာ ပူစွာနှင့်ပင် ထိုင်ရသည်။

ဘတ်စ်ကားပေါ်တွင် လိုက်ပါ လာသူ ခရီးသည်အများစုမှာ သက်ကြီးရွယ်အို သိပ်မတွေ့ရ။ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းအရွယ် ပျိုအိုအရွယ်များဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လှပါသည်ဆိုသော ဂျပန်နိုင်ငံကြီးလည်း သည်တစ်ခါ တွင်တော့ အရေးပေါ်အခြေအနေ နှင့် ကြုံရသည်ဖြစ်ရကား ဘတ်စ် ကားစီးသူ ခရီးသည်တိုင်းအတွက် ချောင်ချောင်ချိချိ သက်သက်သာ သာ မဖြစ်စေနိုင်တော့ပေ။ သင်္ခါရ တရားပါပေ။ မိမိတို့နှစ်ဦးကတော့ ဤကဲ့သို့ ကျပ်ကျပ်တည်းတည်းဖြင့် ဘတ်စ်ကား တိုးဝှေ့စီးရသော ဘဝ မျိုးကို အမိရွှေမြန်မာနိုင်ငံတော်ကြီး တွင် မိမိတို့ အသက်အရွယ် သက် တမ်းတစ်လျှောက်လုံးလိုလိုပင် ကြုံ တွေ့ရင်ဆိုင်ဖြတ်သန်း ခဲ့ကြရဖူးသူ များ ဖြစ်ရကားသည်လောက်တော့ မမှုပါ။ သို့သော် တစ်ခုတော့ရှိသည်။ ဤကဲ့သို့ ဘဝမျိုးမှ ကြီးပြင်းလာခဲ့ရ သော်ငြား သည်အသက်အရွယ် ရောက်မှတော့ ကိုယ့်ရွှေမြန်မာနိုင်ငံ မှာ ဘတ်စ်ကားတိုးဝှေ့စီးရသော အဖြစ်မျိုးက လွန်မြောက်ခဲ့ကြပြီး ဖြစ်သော ကာလနှင့် အခြေအနေ အသက်အရွယ်သို့ ရောက်နေကြပြီ ဖြစ်ပါသည်။ သို့သော်ငြားလည်း ကံကြမ္မာဝဋ်ေြွကးက မကုန်သေး၍ ထင့်၊ ခေတ်မီတိုးတက်သည့် ကမ္ဘာ့ ထိပ်တန်းစာရင်းဝင် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သော ဂျပန်နိုင်ငံတွင် ရောက် နေတာတောင် အရင်လိုဘဝမျိုး ပြန်ရောက်ကြရ ရှာလေသည်တစ်မုံ့။

ဘတ်စ်ကား ကင်ဆိုင်းနိုင်ငံ တကာလေဆိပ် ရောက်ပြီးလျှင် မိမိတို့ ခွဲခွာကြရမှာဖြစ်ရာ ဂျပန် အမျိုးသမီးလေးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ကြိုတင်နှုတ်ဆက် ရသည်။ တော်သေးသည်။ ခရီး ဆောင်သေတ္တာများကို ဘတ်စ်ကား အောက်ပိုင်း အခန်းထဲမထည့်မီ ဆရာဦးမျိုးခင်က သူ့သေတ္တာကို ခဏဖွင့်ပြီး မြန်မာလွယ်အိတ်လေး လားမသိ၊ မြန်မာ့ရိုးရာ အမှတ်တရ လက်ဆောင်အဖြစ် ဂျပန်မလေးကို ပေးလိုက်နိုင်သည်။ မိမိက ခရီး သွား ဆောင်းပါးရေးမှာဖြစ်၍ သူမ ကူညီပေးခဲ့သော ဤအကြောင်း အရာ အတွေ့အကြုံများကို ထည့် ရေးသွားမည်ဖြစ်ကြောင်း၊ သုံးယောက် သား ရိုက်ကူးထားသည့် ှ Selfie ဓာတ်ပုံကိုလည်း ထည့်သွင်းဖော်ပြသွားမှာဖြစ်ကြောင်း ပြောပြရသည်။ သူမအမည်ကိုပင် မေးခဲ့သေးသည်။ စာရွက်ပေါ် ရေးမှတ် ထားခဲ့သော်လည်း ယခု ရှာမရတော့။ အခြားဘာမျှတော့ မိမိက အမှတ်တရလက်ဆောင်ပေးစရာ မရှိတော့။
ဘတ်စ်ကားပေါ်မှာ လိုက်လာရင်း အပြင်ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မုန်တိုင်းဝင်တော့မှာဖြစ် ၍ ကောင်းကင်တစ်ခုလုံး တိမ်ညို တိမ်မဲများနှင့် ပြိုတော့မလို ထင်ရသည်။လေပြင်းတွေလည်း ခပ်ကြမ်းကြမ်းတိုက်ခတ်နေရာ မြင်ရသရွေ့ သစ်ပင်အနည်းငယ်မျှမှာ ရိုက်ခတ် လှုပ်ရှားနေကြ၏။ မြို့ငယ်၊ ရွာငယ် လေးများကို ဖြတ်သန်းသွားသောအခါ လမ်းတွေက ကျဉ်းသည်။ သို့သော်လည်း နိုင်လွန်ကတ္တရာ ခင်းထားသည်။ နှစ်ထပ်တိုက် ပါးပါး လေးတွေ ဆောက်လုပ်ထားသည်။ အိမ်ဘေး ရသမျှ မြေကွက်လပ် ကျဉ်းကျဉ်းလေးထဲတွင် ပိန်းပင် လိုလို အရွက်ကြီးကြီး စိမ်းစိမ်း ဖားဖားပင်များ အပြည့်စိုက်ပျိုး ထား၏။

ဘတ်စ်ကားမှာ အလတ်စား ဖြစ်၍တစ်ကြောင်း၊ လူသွားလမ်း ပေါ်မှာလည်း မတ်တတ်ရပ်သူတွေ နှင့်အပြည့်ဖြစ်၍တစ်ကြောင်း ပြည့် ညပ်သပ်နေ၏။

သွားရသည့်ခရီးက အရှည်ကြီး ရှိသေးသည့်အပြင် လမ်းတွေပေါ် မှာလည်း အခြားသော ဘတ်စ်ကား များ၊ ကိုယ်ပိုင်ကားများဖြင့် ထူထပ် လျက်ရှိနေရာ ခရီးမတွင်လှချေ။ မီးပွိုင့်များရောက်လျှင် အချိန် အကြာကြီးစောင့်ရသည်။ ကြက်ခြေ ခတ်လမ်းဆုံတွင် လမ်းတိုင်း၌ ကား များဖြင့် ပြည့်သိပ်လျက်ရှိ၏။ အကြာကြီး ထိုင်နေရသောကြောင့် အပေါ့အပါး သွားလိုသည့်အခါ ဘတ်စ်ကားပေါ်ရှိ အိမ်သာသို့ ရောက်အောင် တိုးဝှေ့သွားကြရ၏။ ခရီးသည်အများစုမှာ လူငယ်ပိုင်း အမျိုးသမီးလေးများဖြစ်ပြီး အား မနာနိုင်ဘဲ တိုးဝှေ့ဖယ်ရှားသွားရ တော့သည်။ သန့်စင်ခန်းဝင်ချင် သည့် သူကလည်း များလှရာ အနားရောက်မှ အပေါက်ဝတွင် တန်းစီစောင့်ရသေး၏။ ဤအသက် အရွယ် ကာလပိုင်းတွင် ဤကဲ့သို့ သော ဆင်းရဲဒုက္ခမျိုးကို မကြုံရ သည်မှာ ကြာပေပြီ။ သည်တစ်ခါ တော့ မှတ်မှတ်ရရ ကြုံလိုက်ရ သည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)