မိမိတို့လည်း ဂျပန်အမျိုးသမီး လေး လုပ်သည့်အတိုင်း ကျည်ဆန် ရထားလက်မှတ်ဝယ်ပြီး အိုဆာကာ မြို့သို့ ထွက်မည့် ရထားပေါ်တွင် လိုက်ပါလာခဲ့ကြသည်။ ဂျပန် အမျိုးသမီးလေးနှင့် စကားစမြည် ပြောကြရင်း ၃ ယောက်သား အမှတ်တရ Selfie ဓာတ်ပုံပင် မိမိက ဆွဲလိုက်သေး၏။

မိမိကတော့ ကုန်ကြမ်းရှာဖွေ နေသည့် စာသမားပီပီ ဂျပန်မလေး နှင့် စကားပြောရင်း စပ်စုရသည်။ အိုကီနာဝါ ကျွန်းသူကျွန်းသားများ ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး ဖြစ်ကြောင်း သူတို့စားသောက်ကြ သည့် အစားအစာပုံစံနှင့် လူနေမှု စရိုက်ကြောင့်ဟု သိရကြောင်း ပြော ပြရသည်။ ဂျပန်မလေးကလည်း သူမယ သိသလောက် ပြောပြသည်။

ဤခရီးသွားဆောင်းပါးကို ပြန်ရေးသောအခါ အိုကီနာဝါ ကျွန်းသူ ဂျပန်မလေးအကြောင်း ပြန်တွေးရင်း အိုကီနာဝါကျွန်း အကြောင်းကိုပါ ဖြန်ဖတ်မိ၍ ဗဟု သုတ အနည်းငယ် ပြန်လည်မျှဝေ လိုပါသည်။ မိမိယခင်က ထင်ထား သည်က အိုကီနာဝါကျွန်းသည် ဂျပန် ကျွန်းတစ်ခုဖြစ်ရာ အခြား သော ဂျပန်ကျွန်းစုများနှင့် တစ်ဆက် တည်း အနီးကပ် တစုတဝေးတည်း ဟု ထင်ထားခဲ့သည်။ မဟုတ်လျှင် လည်း မိုင် ၄၀ဝ လောက် ကွာဝေး မည်ဟု ထင်မှတ်မထားခဲ့ပါ။ အလွန် ဆုံး မိုင်တစ်ရာလောက်ပဲ ထင်ထား ခဲ့၏။ ယခု သေသေချာချာ ဖတ် ကြည့်တော့မှ ဂျပန်ကျွန်းမကြီး (Main Land Japan) ၏ တောင်ဘက် မိုင် ၄၀ဝ ဟု သိရ၍ အနည်းငယ် အံ့ဩသွားမိ၏။ ပျမ်းမျှ အနံ ၇ မိုင်၊ အလျား ၆၆ မိုင်ရှိသော အိုကီ နာဝါကျွန်းပေါ်တွင် နေထိုင်ကြ သောဂျပန်နိုင်ငံသား ဦးရေက ၂၀ဝ၉ ခုနှစ်စာရင်းအရ ၁ သန်း ၃ သိန်း ၈ သောင်းကျော် ရှိနေတာ ဖြစ်သည်။ မိမိတို့ မြန်မာနိုင်ငံက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုတွင် ရှိသော လူဦးရေ ပမာဏ နှင့် အတူတူလောက် ဖြစ်၏။

အိုကီနာဝါကျွန်းကို မိမိ အပါ အဝင် နိုင်ငံတကာမှ လူများ ယခင်ကတည်းက ကြားဖူး၊ သိဖူး နေသည်မှာ အကြောင်းရင်းနှစ်ရပ် ကြောင့် ဖြစ်သည်။

ပထမအကြောင်းရင်းမှာ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာ့ အင်အားကြီးနိုင်ငံများအတွက် စစ်ရေးအရ မဟာဗျူဟာမြောက် အရေးပါသော နေရာ (Location) တစ်ခုဖြစ်လာခြင်းကြောင့်ဖြစ်သည်။ အမေရိကန်ဦးဆောင်သော မဟာ မိတ်တပ်များက ဂျပန်နိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြပြီးနောက် အိုကီနာဝါကျွန်းသည်လည်း အမေ ရိကန်စစ်တပ်များ အခြေစိုက်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အပါအဝင် အာရှ တိုက်အရှေ့ပိုင်းကို အလွယ်တကူ လက်လှမ်းမီ ထိန်းချုပ်နိုင်သော အကွာအဝေးမှာရှိသည့် စစ်အခြေ စိုက် စခန်းအဖြစ် အမေရိကန်တို့ က အသုံးချခဲ့သည်။

ယခုအခါ အမေရိကန် စစ် အခြေစိုက်စခန်း ၃၂ ခုနှင့် စစ်ရေး လေ့ကျင့်ကွင်း ၄၈ ခုအထိ ထားရှိ ကြောင်း သိရသည်။ အမေရိကန် စစ်သားအရေအတွက် စုစုပေါင်း ၂၆၀ဝ၀ ကျော်ရှိကြောင်းလည်း သိရသည်။

ဂျပန်နိုင်ငံသား အိုကီနာဝါ ကျွန်းသူကျွန်းသားများက အမေ ရိကန်စစ်စခန်းများ ပြန်လည်ရုပ် သိမ်းသွားရန် တောင်းဆိုဆန္ဒပြမှု များ မကြာခဏ ပြုလုပ်ခဲ့ရာ ယခု အချို့သော ကျွန်းအစိတ်အပိုင်း နေရာများမှ အမေရိကန် စစ်စခန်း များ ပြန်လည်ရုပ်သိမ်းပေးထားပြီး ဖြစ်ကြောင်း သိရ၏။

အိုကီနာဝါကျွန်းကို လူသိများ ရသည့် ဒုတိယအကြောင်းတစ်ရပ် မှာ အိုကီနာဝါကျွန်းသည် ကမ္ဘာ ပေါ်တွင် အသက်အရှည်ဆုံး လူများ နေထိုင်ရာေ ဒသဖြစ်သော ကြောင့် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ပျမ်းမျှမျှော်မှန်း အသက် (Life Expectancy) အရှည်ဆုံးနိုင်ငံမှာ ဂျပန်နိုင်ငံ ဖြစ်၏။ ဂျပန်အမျိုးသမီးများ အတွက် နှစ် ၉၀ ဖြစ်ပြီး၊ ဂျပန် အမျိုးသားများအတွက် ၈၄ နှစ် ဖြစ်၏။ [မြန်မာက ၂၀၁၈ စာရင်း အရအမျိုးသားများအတွက် ၆၄.၆ နှစ်နှင့် အမျိုးသမီးများအတွက် ၆၈.၉ နှစ်အသီးသီးဖြစ်၏]

အိုကီနာဝါ စားသောက်မှုပုံစံ ကြောင့် သူတို့အသက်ရှည်ကြခြင်း ဖြစ်သည်ဟု ဆေးပညာရှင်များက မှတ်ချက်ပေးထားကြသည်။ အိုကီ နာဝါစားသောက်မှုပုံစံဆိုသည်မှာ အဓိကအားဖြင့် အသီးအရွက် များများစားခြင်း၊ ဖြူဖွေးနေအောင် ဖွပ်မထားသော ဂျုံကြမ်း၊ ဆန်ကြမ်း စသည့် နှံထွက် စားစရာများ စားသုံးခြင်း၊ ဆားအငန်ဓာတ် နည်း ပါးခြင်း၊ အဆီပါဝင်မှု နည်းပါးခြင်း စသည်တို့ ဖြစ်ကြသည်။

အိုကီနာဝါ ကျွန်းသူကျွန်း သားတို့သည် ပင်မ ဂျပန်ကျွန်းကြီး များ နှင့် မိုင် ၄၀ဝ ခန့်ကွာဝေး သော နေရာတွင် နေထိုင်ကြသည် ဖြစ်ရာ အိုကီနာဝါ စားသောက်မှု ပုံစံအပြင် သူတို့၏ လူနေမှုစရိုက် ကလည်း စိတ်ဖိစီးမှု နည်းပါးပြီး စိတ်ချမ်းသာ ပျော်ရွှင်စွာ နေထိုင် ကြသူများဖြစ်သည်။ ထို့အပြင် နောက်ထပ်ထူးခြားသည့် အချက် တစ်ခုမှာ ကျွန်းသူကျွန်းသားအချင်း ချင်း လူမှုရေးအရ ရင်းနှီးဆက်ဆံ ခြင်း၊ အချင်းချင်း ပြုစုစောင့်ရှောက် ဂရု စိုက်ခြင်း၊ ကူညီခြင်း စသည့် လူနေမှုစရိုက်များကြောင့် အသက် ရှည်ကြရခြင်းဖြစ်သည်ဟုဆိုသည်။
ယခုဆိုလျှင် ၂၀ဝ၂ ခုနှစ် စာရင်းအရ အသက် ၁၀ဝ ကျော်သော အဘိုးအဘွား လူဦးရေ တစ်သိန်းလျှင် ၃၄.၇ ရာခိုင်နှုန်း အထိ ရှိကြောင်း သိရှိရသည်။

ယခု မိမိတို့အား ကူညီပေးနေ သော အိုကီနာဝါကျွန်းသူ ဂျပန် မလေးမှာလည်း သူမ၏ မျက်နှာက အမြဲတမ်းလိုလို ပြုံးရွှင်နေပြီး ယခု မှ စတွေ့ကြရသည့် မိမိတို့ နှစ်ယောက်အား ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆက်ဆံကာ လိုအပ် သမျှ ပြောပြ လမ်းညွှန်ပေးနေပုံမှာ အိုကီနာဝါ ကျွန်းသူကျွန်းသား တစ်ဦး၏ နမူနာပြယုဂ်တစ်ခု ဟု ပင် ထင်မိပါသည်။
ဆက်လက်၍ မိမိတို့ ကျည်ဆန် ရထားခရီးစဉ်နှင့် ပတ်သက်၍ ကြုံတွေ့ရသော အခက်အခဲများ၊ ဖြေရှင်းရသော ပြဿနာများကို ပြုံးပြုံးလေးရင်ဆိုင်၍ ဖြေရှင်းသွား ပုံမှာ နမူနာယူဖို့ ကောင်းသည်။ အဆိုပါ အကြောင်းအရာများကို ရှေ့တစ်ပတ်တွင် ဆက်လက် ဖော်ပြပါမည်။ ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)