ဟီရိုရှီးမား၏ နာမည်အကြီး ဆုံး စားစရာနှင့် ကိုကာကိုလာတစ် ခွက်သောက်ပြီးသွားသောအခါဗိုက် လေးသွားကြပြီး နောက်လူတွေ တန်းစီနေသေး၍ ဆိုင်မှာ ဇိမ်နှင့် ထိုင်နားမနေနိုင်တော့ဘဲ ထလာခဲ့ ကြရ၏။
အိုကာယားမသို့ ထွက်မည့် ကျည်ဆံရထားက အချိန်အနည်း ငယ်လိုသေး၍ အချိန်ရှိခိုက် လုံ့လ စိုက်ကာ လျှောက်ကြည့်ရသည်။ ဟီရိုရှိးမားဘူတာရုံအပြင်ဘက် ပြန်ထွက်ကာ ဘူတာရုံနောက်ခံနှင့် ဓာတ်ပုံတစ်ပုံရိုက်လိုက်သေးသည်။ ဘူတာရုံမှာ ဈေးဆိုင်တန်းတွေ မြောက်မြားစွာဖွင့်လှစ်ထား၍ Window Shopping လုပ်ကြသည်။ အမှတ်တရ ဓာတ်ပုံတွေ ထပ်ရိုက် ကြသည်။ ရှုမငြီးနိုင်သော ကျည် ဆံရထားဝင်လာ ထွက်ခွာပုံတွေ၊ ရပ်နားနေပုံတွေ နောက်ခံထားပြီး ဓာတ်ပုံတွေ ထပ်ရိုက်သည်။ (ဤ နေရာတွင် သတိတရဖြစ်မိသော အကြောင်းအရာလေးကို ဖော်ပြလို သေး၏။ မိမိ မန္တလေးဆေးကျောင်း တက်နေစဉ် ဒုတိယနှစ်၌ ပထမ အမ်ဘီကျောင်းသားအသစ်များ ဝင်ရောက်လာကြသည်။ ထိုအထဲ တွင် ပခုက္ကူသားတစ်ဦးလည်း ပါ သည်။ အဆောင်တွင်နေရင်းမိမိတို့ ခင်မင်သွားကြသည်။ သူက ရိုး လည်းရိုးသည်။ အမှန်အတိုင်း ဟုတ်တိုင်းမှန်ရာကိုပြောလေ့ရှိသူ လည်းဖြစ်သည်။ ထိုစဉ်က ပခုက္ကူ တွင် မီးရထားမရှိ။ မီးရထားဘူတာ ရုံမရှိ။ ထို့ကြောင့် သူ မီးရထားကို တစ်ခါမျှ လုံးဝ မမြင်ခဲ့ဘူးခဲ့ချေ။ မန္တလေးဆေးကျောင်းရောက်သော အခါဆေးကျောင်းသားများအတွက် ထားသောအဆောင်က မန္တလေး ဘူတာကြီးနှင့် ၁၅မိနစ်ခန့် လမ်း လျှောက်သွားရုံနဲ့ရောက်သော အကွာအဝေးမှာရှိသည်။ နံပါတ် (၁) ဘတ်စ်ကားအပြာစီးသွားရင် လည်း ၂မှတ်တိုင်လောက်ပဲ စီးရပြီး ဆယ်ပြားလောက်နှင့်ရောက်သည်။ ထိုသူငယ်ချင်းကျောင်းသားက မီး ရထားတစ်ခါမျှ မမြင်ဘူး၍ ညနေ ကျောင်းချိန်ပြီးလို့ အဆောင်ပြန် ရောက် ရေမိုးချိုး ညနေစာ စော စောစားပြီး မန္တလေးဘူတာကြီးသို့ လမ်းလျှောက်သွားကာ မီးရထား များ ဝင်ပုံထွက်ပုံ ဆိုက်ကပ်ထားပုံ တွေကို နေ့တိုင်းနီးပါး သွားပြီးငေး မောကြည့်ရှုသည်ဟု ဆိုသည်။ မီး ရထားကို အားရအောင် တစ်ဝကြီး ကြည့်ပြီးပီတိဖြစ်ရသည်ဟုဆိုသည်။ ရိုးသားပွင့်လင်းစွာဖြင့်သူ့ခံစားချက် ကို ပြောပြခဲ့၏။ မိမိတို့က သူ့အား ဝိုင်း၍ဟားခဲ့လှောင်ခဲ့ကြ၏။ ယခု လည်း ဂျပန်နိုင်ငံ ဟီရိုရှီးမား ဘူတာ ရုံတွင် ကျည်ဆံရထားတွေကို တစ်ဝပြီးကြည့်ပြီး ဓာတ်ပုံတွေ ရိုက် နေမိသော မိမိလည်း သူနှင့် မခြား ပါကလားဟု တွေးတောမိရင်း ကြိတ်ပြုံးမိသေး၏။)


အရောင်းဆိုင်ခန်းတွေက လည်း စုံလှသည်။ မြန်မာကျပ်ငွေ နှင့် မြှောက်ကြည့်သောအခါ သုံးစွဲ နိုင်သည့်ပမာဏထက် များနေတာ တွေ များ၍ ဘာမျှ မဝယ်ဖြစ်ပါ။
နောက်ဆုံးတော့ မိမိတို့စီးရ မည့် ကျည်ဆံရထားရောက်လာ၍ တက်လိုက်ကြပြီး အိုကာယားမမြို့ သို့ ပြန်လာခဲ့ကြသည်။
အိုကာယားမဘူတာရုံသို့ ရောက်ရှိလာကြသောအခါ မိမိ သတိရသွားသည်မှာ ထိုနေ့က ဂျပန်တွင် နောက်ဆုံးနေရမည့် ရက်ဖြစ်သည်။ နောက်တစ်နေ့ နံ နက်စောစော ဘတ်စ်ကားစီး၍ အိုဆာကာမြို့သို့သွားပြီး ကင်ဆိုင် လေဆိပ်မှတစ်ဆင့် ကိုရီးယားလေ ကြောင်းလိုင်း လေယာဉ်ကိုစီးကာ ရန်ကုန်သို့ ပြန်ကြရတော့မှာဖြစ် သည်။ အိမ်အတွက် မိသားစုနှင့် ရင်းနှီးသောဆွေမျိုးမိတ်ဆွေများ အတွက် ဘာလက်ဆောင်မျှ မဝယ် ရသေး။ ထိုနေ့ညနေပိုင်းတွင်လည်း ညစာစားပွဲတစ်ခုသွားရန်ရှိ၍ ဈေး ဝယ်ဖို့ ဆိုင်တွေသွားရန် အချိန်က မရှိတော့။ သို့ဖြစ်၍ အိုကာယားမ ဘူတာရုံအတွင်းရှိ ဈေးဆိုင်များ တွင်သာ သင့်လျော်မည် ထင်တာ ဝယ်ဖို့ ဆုံးဖြတ်ရတော့သည်။
ဆရာကျော်စိုးလွင်ကိုလည်းပြော ပြီးအမှတ်တရလေးတွေဝယ်ဖို့ ဆိုင် တွေကို လျှောက်ကြည့်ကြရသည်။ စုံအောင်လျှောက်ကြည့်ကြပြီး နောက်ဆုံးတော့ စားစရာပဲ ဝယ် ဖြစ်သည်။ဈေးနှုန်းလည်းသက်သာ၊ ဂျပန်ရိုးရာစားစရာလည်းဖြစ်သော မုန့်တစ်မျိုးကိုပဲ ရွေးဝယ်လိုက်ရ သည်။ မိသားစုစားရန်နှင့် လုပ် ဖော်ကိုင်ဖက်များ ကျွေးရန် ၂မျိုး ဝယ်လိုက်သည်။ ထို့နောက် မိမိတို့ နှစ်ယောက် မိမိတို့တည်းခိုရာ Benefit Hotel ဟိုတယ်သို့ ပြန်လာ ကြသည်။ မိမိတို့ကို ပါမောက္ခ အိုခါးဒါးရောက်သည့်နေ့က လာ ကြိုစဉ်က ကားနှင့်ဖြစ်၍ မဝင်ရ လမ်း တစ်လမ်းမောင်းများဖြစ်၍ ကွေ့ပတ်ပြီးမောင်းရသောကြောင့် ကြာပြီးဝေးသည်ဟု ထင်ခဲ့ရသော် လည်း ဖြတ်လမ်းတိုလေးများတိုင်း လမ်းလျှောက်၍ပြန်လာကြသော အခါ ၁၀ မိနစ်လောက်နှင့်ပင် ဟိုတယ်သို့ ရောက်ကြလေသည်။ ဆရာကျော်စိုးလွင်က ဟိုတယ် Car parking မြေအောက်ခန်းထဲ တွင် ထိုးထားခဲ့သော သူ့စက်ဘီးကို ပြန်ယူပြီး မိမိတို့နှုတ်ဆက်ကြကာ သူပြန်သွား၏။ ယခု ဟီရိုရှိးမားသို့ ရှင်ကန်ဆန်ကျည်ဆံရထားဖြင့် သွားကြသည့် ခရီးစရိတ်ကို ဆရာ ကျော်စိုးလွင်က Credit card ဖြင့် ပေးချေထားခြင်းဖြစ်ရာ ၂ဦးလုံး အတွက် ကျသင့်ငွေ ဂျပန်ယန်း ငွေစက္ကူများကို မိမိက ဆရာကျော် စိုးလွင်ကိုပေးရသည်။ ဆရာကျော် စိုးလွင်က သူ့အတွက် ခရီးစရိတ်ကို သူ့ဘာသာသူပဲ ခံပါမည်။ မိမိထံမှ မယူပါရစေနှင့် ပြောသော်လည်း မိမိက ဇွတ်အတင်းပင် သူ့လက် ထဲသို့ ထည့်ပေးလိုက်သည်။ မိမိ အနေဖြင့် နိုင်ငံခြားရောက် မြန်မာ နိုင်ငံသားများ၏ (အထူးသဖြင့် ပညာတော်သင်ကျောင်းသားများ) အခြေအနေကို နားလည်ကိုယ်ချင်း စာသည်။ အပိုဝင်ငွေ ရှိကြတာ မဟုတ်ဘဲ သူတို့အတွက် ကိုယ်ပိုင် ငွေကို မလိုအပ်ဘဲ မည်သူမျှ သုံး ချင်ကြမှာ မဟုတ်။ မိမိအတွက် အဖော်ရအောင် လိုက်ပို့ပေးတာ ကပင် ကျေးဇူးတင်စရာကောင်းလှ သည်။ ကျောင်းပိတ်ရက်၊ ရုံးပိတ် ရက်ဖြစ်စေကာမူ သူတို့မှာလည်း ကိုယ်ပိုင်အစီအစဉ်တွေရှိမှာ အမှန် ဖြစ်သည်။ ထိုအစီအစဉ်ကို ဖျက်၍ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီလိုသော စိတ်စေတ နာသန့်သန့်ဖြင့် လိုက်ပို့ပေးခြင်း ဖြစ်သည်။ ဆရာကျော်စိုးလွင်က အချိန်သာရလျှင် သည့်ထက်မက သွားစရာနေရာတွေ (နမူနာအား ဖြင့် တိုကျိုမြို့၊ ကာမာကူရဘုရား၊ ဖူဂျီတောင် စသည်တို့)ကိုပင် လိုက် ပို့ပေးချင်ကြောင်း မိမိတို့ ၂ဦးလုံး အချိန်မပေးနိုင်၍ စိတ်မကောင်း ကြောင်း ပြောသေးသည်။ မိမိ အတွက်လည်း ဂျပန်ရောက်ခိုက် ရသလောက်လည်မည်၊ သွားမည် ဟု မှန်းထားရာ ဟီရိုရှီးမားရောက်ခဲ့ သောကြောင့် မိမိဆန္ဒပြည့်မြောက် သွားသဖြင့် အကြီးအကျယ် ဝမ်းသာနေမိသည်။


ဆရာကျော်စိုးလွင်လည်း မိမိ ကို နှုတ်ဆက်ပြီးပြန်သွားသည်။ (ဤနေရာတွင် ကြိုတင်ကြား ဖြတ်၍ ဖော်ပြလိုသည်မှာ ဆရာ ကျော်စိုးလွင်၏ သာဓုခေါ်စရာ ကောင်းသော လုပ်ရပ်ဖြစ်သည်။ မိမိတို့ အပြန်စီးလာသော ကိုရီး ယားလေယာဉ် တောင်ကိုရီးယား နိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်သောအခါ wifi ရ၍ Viber မှတစ်ဆင့် ဆရာကျော် စိုးလွင်နှင့် စကားပြောဖြစ်သည်။ ခရီးစဉ်အကြောင်း မာကြောင်း၊ သာကြောင်း အနည်းငယ်ပြောပြ ပြီးနောက် သူက ပြောပြသည်မှာ မိမိဇွတ်အတင်းပေးလိုက်သော သူ့ အတွက် ဟီရိုရှီးမားသွားသည့် ကျည်ဆံရထားခရီးစရိတ်ငွေများကို သူ့ကိုယ်ကျိုးအတွက်မသုံးကြောင်း၊ ထိုနေ့ညမှာပင် မြန်မာနိုင်ငံ မန္တလေးရှိ လူငယ်ပရဟိတကျောင်း တစ်ခုသို့ online မှတစ်ဆင့် လှူ ဒါန်းလိုက်ပြီဖြစ်ကြောင်း ဖြစ်လေ သည်။ မန္တလေးနန်းရှေ့ ဒေါနဘွား ရပ်ကွက်ထဲတွင် Hope Center ဟူသောအမည်ဖြင့် ဖွင့်လှစ်ထား သော ကျောင်းမှာ ဆင်းရဲနွမ်းပါး ကလေးငယ် ၆၀ ကျော်ကို စာသင် ပေးနေသော နေရာဖြစ်သည်။ ဆရာကျော်စိုးလွင်၏ ညီမကလည်း အဆိုပါကျောင်းတွင် လုပ်အားပေး ကျောင်းဆရာမ ၇ ဦးထဲတွင် ၁ဦး အပါအဝင်ဖြစ်ပြီး ကလေးများအား စေတနာပေါက်လာသောကြောင့် မန္တလေးဆောင်းဒဏ်ကို ခံနိုင်ရန် ကလေးများအတွက် အနွေးထည် အသစ် ကျပ် ၁သိန်းဖိုး လှူဒါန်း လိုက်ခြင်းဖြစ်ကြောင်းပြောပြသည်။ စေတနာသဒ္ဓါအား ထက်သန်သော ဆရာကျော်စိုးလွင်အား ဝမ်းမြောက် ကြောင်း သာဓု အကြိမ်ကြိမ်ခေါ် မိကြောင်း ထိုစဉ်ကလည်း ပြောခဲ့၊ ယခုလည်း ထပ်မံ၍ ပြောလိုက်ရပါ သည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)