ဟီရိုရှီးမားမြို့ကို အဏုမြူဗုံး ကြဲချပြီးနောက် သုံးရက်အကြာ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စုက နာဂါဆာကီမြို့ပေါ်တွင်လည်း ဒုတိယမြောက် အဏုမြူဗုံးကိုကြဲချ လိုက်ကြသည်။ နာဂါဆာကီမြို့မှာ ဂျပန်နိုင်ငံတောင်ပိုင်းတွင် အကြီး ဆုံးသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး စက်မှုလက်မှုထွန်းကားခြင်း၊ သင်္ဘောများတည်ဆောက်ခြင်း၊ စစ်ဘက်ဆိုင်ရာလက်နက်ပစ္စည်း ကိရိယာများ ထုတ်လုပ်ခြင်းတို့ ထွန်းကားသည့်မြို့ဖြစ်သောကြောင့် ဂျပန်တပ်မတော်အတွက် အရေးပါသောနေရာတစ်ခုဖြစ်သည်။ နာဂါ ဆာကီမြို့က တကယ်တော့ ကံဆိုး သွားခဲ့ခြင်းဖြစ်သည်။ ဒုတိယ မြောက်အဏုမြူဗုံးကို ကြဲချရန် စီစဉ်သတ်မှတ်ထားသော ရက်စွဲ နှင့် နေရာမှာ ဩဂုတ်လ ၁၁ ရက် ဖြစ်ပြီး ကိုကူရာ (Kokura) မြို့ ဖြစ်သည်။ တိုက်ဆိုင်သွားသည်မှာ ဩဂုတ်လ ၁၀ ရက်မှစ၍ ၅ ရက် ကြာ ရာသီဥတုအခြေအနေ ဆိုးဝါးနေမည်ဟု မိုးလေဝသသတင်းကြေ ညာချက်အရ ဗုံးကြဲမည့်နေ့ကို ဩဂုတ်လ ၉ရက်နေ့သို့ ရွှေပြောင်း လိုက်ရသည်။ ဩဂုတ်လ ၉ ရက် နေ့ နံနက် ၃ နာရီ ၄၉ မိနစ်တွင် ဒုတိယမြောက် အဏုမြူဗုံးကို သယ်ဆောင်လာသော ဘောစကာ (Bockscar) အမည်ရှိ လေယာဉ်ကြီးက လေယာဉ်ကွင်းမှ ပျံတက် လာခဲ့သည်။ ဤတစ်ကြိမ်တွင် ကြဲချမည့် အဏုမြူဗုံးအမည်ကို လူဝကြီး (Fat Man) ဟု အမည်ပေးထား၏။ ပထမဦးစားပေးပစ်မှတ်က စီစဉ်ထားသည့်အတိုင်း ကိုကူရာမြို့ဖြစ်သည်။ မိုးလေဝသ ကင်း ထောက်လေယာဉ် ၂စီးက တစ်နာရီခန့်ကြို၍ ထွက်ခွာပျံသန်းသွားခဲ့သည်။

အဏုမြူဗုံး သယ်ဆောင်လာသည့် ဘောစကာ လေယာဉ်ကြီးပျံသန်းလာ စဉ် ယခင်နေ့က ကိုကူရာမြို့အနီးရှိ ပစ်မှတ် တစ်ခုကို အမေရိကန်လေတပ်က ရိုးရိုး ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မီးလောင် ကျွမ်းမှုများမှ မီးခိုးငွေ့ တိမ်ထုကြီးဖြစ်ပေါ်လျက်ရှိသည်။ ပို၍ဆိုးသည်မှာ ထိုမြို့တွင် သံမဏိ လုပ်ငန်းများလည်းရှိရာ Coal Tar ခေါ် ကျောက်မီးသွေးကတ္တရာစေးများ လောင်ကျွမ်းမှုကြောင့် မည်းမှောင်နေသော မီးခိုးငွေ့များဖြစ် နေသည်။ မီးခိုးတိမ်ထုကြီးက ကိုကူရာမြို့၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဖုံးလွှမ်းလျက်ရှိရာ အဏုမြူဗုံးကြဲ ချရန်ရည်ရွယ်သတ်မှတ်ထားသည့် ပစ်မှတ်ကိုပါဖုံးကွယ်လျက်ရှိသည်။ သို့ဖြစ်ရာ ဗုံးကြဲချမည့်မြင်ကွင်းကို မမြင်နိုင်ဘဲ ဖြစ်နေသည်။ ထိုစဉ် မြေပြင်မှ ဂျပန်လေယာဉ်ပစ် အမြှောက်များရှိရာနှင့် ပို၍ နီးကပ်လာသည်။ ကိုကူရာမြို့ပေါ် တွင် သုံးကြိမ်မြောက် လှည့်လည်ပျံသန်းပြီးတော့ လေယာဉ်လောင် စာဆီ နည်းပါးလာခဲ့သည်။ ထို့ကြောင့် ဒုတိယပစ်မှတ်အဖြစ် ရည်ရွယ်ထားသော နာဂါဆာကီမြို့သို့ အဏုမြူဗုံးကြဲ လေယာဉ်ကြီး ကို ဦးတည်လိုက်ရသည်ဟု ဆိုသည်။ ထိုနေ့ နံနက် ၁၁ နာရီ ၁ မိနစ်တွင် ဘောစကာ အဏုမြူဗုံးကြဲ လေယာဉ်ကြီးသည် တိမ်ထုများကို ထိုးဖောက်ကာ ပေါ်ထွက်လာသည်။ နာဂါဆာကီမြို့အား ကောင်းစွာ တွေ့မြင်နိုင်ခဲ့သည်။ ပလူတိုနီယမ်သတ္တုဒြပ်စင်ဖြင့် ပြုလုပ်ထားသော လူဝကြီးအမည်ရှိ အဏုမြူဗုံးသည် နာဂါဆာကီမြို့ စက်မှုဇုန်ပေါ်သို့ ကျရောက်ကာ တင်းနစ်ကွင်းတစ်ခု၏အပေါ်၌ ပေါက်ကွဲခဲ့သည်။ နာဂါဆာကီ စက်မှုဇုန်မှာ တောင်ကြားချိုင့်ဝှမ်းကြားတွင်ရှိသည်ဖြစ်ရာ မြို့တော် ၏ အဓိက အစိတ်အပိုင်းများမှာ တောင်တန်းများဖြင့် ကာကွယ်ပေး ထားသည်။ နာဂါဆာကီတွင် ကြဲချသော အဏုမြူဗုံးသည် ဟီရိုရှီးမား မြို့တွင် ကြဲချသည့် အဏုမြူဗုံးထက် ပိုမိုအားပြင်းသော်လည်း တောင်ကြားချိုင့်ဝှမ်းတွင် ပေါက် ကွဲခဲ့သည်ဖြစ်သဖြင့် အသက်ဆုံးရှုံး ရသော လူဦးရေ ၃၉၀ဝ၀ မှ ၇၀ဝဝဝ ကြားရှိခဲ့သည်။ ထိခိုက် ဒဏ်ရာရသူအရေအတွက်ကတော့ ၇၅၀ဝဝခန့်ရှိခဲ့သည်ဟုဆိုပါသည်။

 

နာဂါဆာကီတွင် ဟီရိုရှိးမား မြို့နှင့် မတူသည်မှာ အဆောက် အအုံများက ဂျပန်ရှေးဟောင်း လက်ရာများ ဖြစ်ပြီး သစ်များဖြင့် တည်ဆောက်ထားမှု အများစုဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၉ ရက်နေ့အထိ ဂျပန်စစ်ကောင်စီသည် လက်နက် ချရေးကိစ္စနှင့် ပတ်သက်၍ အချက် ၄ ချက်ကို မရမက ထပ်တလဲလဲ တောင်းဆိုနေဆဲဖြစ်သည်။ ဂျပန် အစိုးရအဖွဲ့အစည်းအဝေးကို ထို နေ့ နေ့လယ်တွင် ကျင်းပရာ လက် နက်ချရေးနှင့်ပတ်သက်၍ ငြင်းခုံ ဆွေးနွေးရင်း အချိန်ကုန်သွားခဲ့ သည်ဟုဆိုသည်။ ဂျပန်တို့ စစ်ပွဲ အောင်နိုင်ရန် မဖြစ်နိုင်တော့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် စစ်ကို ဆက်တိုက်နေဦးမည်ဟု စောဒက တက်နေကြဆဲဖြစ်၏။ ဂျပန်ဘုရင် မင်းမြတ်ကတော့ လက်နက်ချရန်လိုလားသည်။ ထိုနေ့ညတွင်ဒုတိယ အကြိမ် ဂျပန်အစိုးရအစည်းအဝေးလုပ်သောအခါတွင်လည်း ဆုံးဖြတ် ချက်မချနိုင်ခဲ့ပါ။ ဩဂုတ်လ ၁၀ ရက်နေ့လယ် ၂ နာရီတွင် ဂျပန် ဘုရင် ကိုယ်တိုင်ပါဝင်သော အစည်းအဝေး၌ ဂျပန်ဘုရင်က လက်နက်ချရေး ဆုံးဖြတ်ချက်ပေးခဲ့သည်။ ဩဂုတ်လ ၁၅ ရက်နေ့ တွင် ဂျပန်ဘုရင် ဟီရိုရှီတိုက လက်နက်ချကြောင်း တရားဝင် ကြေညာလိုက်ပါသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)