တစ်ချိန်က အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့တဲ့ အားလုံးကချစ်စနိုးနဲ့ မဇာကြီးလို့ ခေါ်တဲ့ မင်းသမီးကြီးမေသဉ္ဇာဦးရဲ့ တူမလေးမေသက်ခိုင်ကို ယခုတစ်ပတ်ရဲ့ မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ မေသက်ခိုင်ရဲ့ရုပ်လေးက ချစ်စရာကောင်းပြီး သရုပ်ဆောင်ရာမှာလည်း အဒေါ်ခြေရာနင်းသူလေးပါ။
မေသက်ခိုင်ဟာ မကြာခင်ရက်ပိုင်းကပဲ ခုတလော မြန်မာလူထုကြားမှာ အဖြစ်များနေတဲ့ ချီကန် ဂန်ညာခေါ် ဆင်တုပ်ကွေးခံစားခဲ့ရသူပါ။ သူမရဲ့ဆင်တုပ်ကွေး ခံစားခဲ့ရပုံပြောပြတာကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ဆင်တုပ်ကွေးစတင်ဖြစ်ပွားခဲ့ပုံက
“အိမ်မှာ ပထမဆုံးမေကြီး စဖြစ်တာ။ မေကြီးက ၅ ကြိမ်လောက်မူးလဲလို့ ဘာဖြစ်မှန်းမသိ ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံ ၅ ရက်လောက် တက်ရပြီး နည်းနည်း သက်သာလာတော့ဆေးရုံကဆင်းတယ်။ မေကြီး ဆေးရုံကဆင်းပြီး ၃ ရက်ကြာတော့ ကိုယ်စဖြစ်တာပါပဲ” လို့ပြောပါတယ်။

ဆင်တုပ်ကွေးစဖြစ်တဲ့ ပထမနေ့မှာတော့
“ပထမတစ်ရက်မှာ ညနေပိုင်းလောက်ကစပြီးလက်တွေ ကိုက်တယ်။ ရင်ဘတ်ရိုး က တအားအောင့်တယ်။ ခေါင်းလည်း ဘယ်နဲ့ညာလှည့်မရဘူး။ ဘာဖြစ်မှန်း လည်းမသိဘူး။ နေလို့မကောင်းတာတော့သေချာတယ်။ ဆေးသောက်ပြီး စောစောအိပ်မယ်ဆိုပြီးအိပ်တာလည်း လုံးဝအိပ်မပျော်ဘူး။ မနက် ၃နာရီခွဲ လောက်မှာ လုံးဝကိုမခံနိုင်အောင် ကိုက်ခဲလာတယ်။ အမှတ်မထင် လက်ကိုကြည့်လိုက်တော့ လက်မှာအနီစက်တွေပေါ်နေပြီ။ အိပ်ရာထဲကထဖို့အရေး ရင် ဘတ်ရိုးက နာတော့တည့်တည့်ထလို့မရဘူး။ ဘေးလေးကိုစောင်း လက်ကောက် ဝတ်ကနာတော့ ဖြည်းဖြည်းချင်း တစ်ဆင့်ချင်းထောက်ရတယ်။ လူကလဲမကျ အောင် နံရံတွေ၊ ဘီရိုတွေကိုပဲလက်နဲ့ထိန်းလျှောက်ပြီး မေကြီးအခန်းကိုသွားခဲ့ရတယ်” လို့ ပြောပါတယ်။

ဒုတိယနေ့မှာတော့…
“ဒုတိယနေ့ကျတော့ မေကြီးက သင်္ဘောရွက်ပြုတ်ပြီးတိုက်တယ်။ ခါးခါးနဲ့ ကျိတ်မှိတ်သောက်ရတယ်။ အုန်းစိမ်းရည်တွေလည်းတိုက်တယ်။ ဆေးသောက် လိုက် အိပ်ပျော်လိုက်နဲ့ပဲ ချာချာလည်နေတယ်” တဲ့။

တတိယမြောက်နေ့မှာတော့….
“သုံးရက်မြောက်နေ့ကျတော့ ခေါင်းမကိုက်တော့ဘူး။ ခေါင်း ဘယ်ညာလှည့် တာကလည်း အရင်နေ့တွေကထက် အဆင်နည်းနည်းပြေလာပြီ”။

စတုတ္ထမြောက်နေ့ရောက်တော့…
“၄ ရက်မြောက်နေ့ကျတော့ လှုပ်ကိုမလှုပ်နိုင်တော့တာ။ မတ်တတ်ရပ်ရင်
တောင် ခြေဖဝါးနဲ့ခြေချင်းဝတ်က တအားနာတယ်။ လက်တွေကလည်း
ဘာမှ မကိုင်နိုင်တော့ဘူး။ ရေသောက်မဲ့ရေခွက်တောင် လက်ကလေး
နှစ်ဖက်နဲ့ ရိုရိုသေသေ ဖြည်းဖြည်းလေးကိုင်ရတဲ့ ဘဝရောက်သွားတယ်။
လျှာတွေလည်းကွဲတယ်။ အစားလည်းမစားချင်ဘူး။ လှုပ်လည်းမလှုပ်
နိုင်တဲ့ အနေအထားပါ” တဲ့။

၆ ရက်မြောက်နေ့မှာတော့…
“အဲဒီလိုနဲ့ ၆ ရက်မြောက်တဲ့နေ့မှာ အနီစက်တွေရော အနီအကွက်တွေရောမြင်မကောင်းအောင်ထွက်လာပါတော့တယ်။ အသားအရောင်ကအစမဲသွားပြီ။ နာတဲ့ကိုက်တဲ့နေရာတိုင်း အနီအကွက်တွေလိုဖြစ်တယ်။ ဘဝမှာ တစ်ခါတော့ အသားမဲဖူးသွားသလိုကို အရောင်ပြောင်းတာပါ”။

၇ ရက်မြောက်နေ့ရောက်တော့ …
“၇ ရက်မြောက်နေ့မှာ ပိုဆိုးလာပါတယ်။ ဒူးဆစ်တွေနာတယ်။ ခြေဖဝါးတွေဖောရောင်တာက အဆိုးဆုံးအခြေအနေပါပဲ”။

ခံစားရတာတွေ သက်သာလာချိန်ကတော့…
“၈ ရက်မြောက်နေ့မှာတော့ အနီစက်တွေက ဖြည်းဖြည်းချင်း ပျောက်သွားပါ တယ်။ ဒါပေမဲ့ အဲဒီနေ့ကစလို့ ၁၈ ရက်မြောက်တဲ့နေ့အထိ မနက်နိုးတဲ့အချိန် ဆို ခြေဆစ်လက်ဆစ်တွေနာပါတယ်။ နေ့ခင်းဘက်ကျအကောင်းပါ။ ညနေ ၆ နာရီကျော်ရင် ကိုယ်ပူပြီး ခြေတွေ လက်တွေအသားကုန်ကိုက်ပါတော့တယ်။ ဒါကြောင့် အရိုး၊ အကြော၊ အဆစ်ဆရာဝန်နဲ့ပြရတယ်” လို့ ဆိုပါတယ်။

ဆင်တုပ်ကွေးနဲ့ ပတ်သက်ပြီး မေသက်ခိုင် အကြံပြုပြောကြားသွားတာကတော့…
“ဆင်တုပ်ကွေးဆိုတာ မသေနိုင်တဲ့ရောဂါပါ။ ကာကွယ်ဆေး မရှိတဲ့ရောဂါပါ။ ဒါပေမဲ့ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေဆိုရင် အဲဒီဒဏ်တွေဘယ်လိုမှ မခံနိုင်မှာ သေချာပါတယ် “လို့ ပြောပြသွားခဲ့ပါတယ်။

ပထမဦးစွာ ဆင်တုပ်ကွေးဟူသောဝေါဟာရနဲ့ ပတ်သက်လို့ ရှင်းလင်းလိုပါ တယ်။ ယခု မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုများနေသော ဆင်တုပ်ကွေးဆိုတဲ့ရောဂါက ဆေးသိပ္ပံဝေါဟာရအရဆိုလျှင် ချီကန်ဂန်ညား (Chikungunya) ဖြစ်ပါတယ်။ ရောဂါပိုး သယ်ဆောင်ထားသော အေးဒီးစ်ခြင်ကိုက်ခံရလျှင် ကူးစက်ခံရနိုင်ပါ တယ်။ ဒန်ဂီး (Dengue) တုပ်ကွေးနှင့် ဆင်တူပါတယ်။ ချီကန်ဂန်ညာ တုပ်ကွေး၏ အသိသာဆုံးအချက်ကတော့ အဆစ်များရောင်ရမ်းပြီး အလွန်အမင်းနာကျင် ကိုက်ခဲခြင်းဖြစ်ပါတယ်။ ခြေ၊ လက်၊ ဒူး၊ အဆစ်များ၊ နာကျင်ကိုက်ခဲ ရောင်ရမ်းလွန်းသောကြောင့် အဲဒီလူနာဟာ ပုံပန်းသဏ္ဌာန်ပျက်ယွင်း Contorted ဖြစ်ပွားခြင်းကို အာဖရိကတိုက်က ဘာသာစကားတစ်မျိုးနဲ့ ချီကန်ဂန်ညားလို့ ခေါ်ရာမှစ၍ အမည်တွင်သွားခြင်းဖြစ်ပါတယ်။ မြန်မာတွေမှာတော့ မည်သူကစ၍ ဆင်တုပ်ကွေးဟု အမည်ပေးလိုက်မှန်းတော့ မသိပါ။ ဒူးဆစ်တွေ၊ လက်ဆစ်တွေ နာကျင်ကိုက်ခဲရောင်ရမ်းနေခြင်းကြောင့် ဆင်တစ်ကောင်လို ပုံသဏ္ဌာန်ဖြစ်သွားသလား၊ ဒါမှမဟုတ် နာကျင်ကိုက်ခဲမှုများက သိပ်ကို ဆိုးရွားလွန်းသောကြောင့် ဆင်လိုကြီးမားတဲ့သတ္တဝါတောင် ခံနိုင်မယ်မထင်ဘူးဟု တင်စားခြင်းလားမသိပါ။ တကယ်တော့ အင်္ဂလိပ်ဘာသာဖြင့် Elephant Flu ဆိုတဲ့ တုပ်ကွေးရောဂါ တစ်မျိုးရှိပါတယ်။ အဲဒီရောဂါကို မြန်မာလို ဆင်တုပ်ကွေးလို့ပဲ ဘာသာပြန်ရင် ရောထွေးသွားနိုင်စရာရှိပါတယ်။

 

Photo : may thet khine instagram