လူတိုင်း စိတ်ပူပန်၊ စိတ်ဖိစီးမှုတွေ ခံစားရဖူးပါတယ်။ တချို့က အလုပ်ဒဏ်ပိပြီး စိတ်ခံစားမှုမမှန်ကာ စိတ်ဖိစီးမှုတွေ ရှိလာသော်လည်း မိမိဘာသာမိမိ ဂရုမပြုမိပဲ ရှိတတ်ပါတယ်။ ဘေးလူကသတိပေးပြောဆိုရင်တောင် လက်မခံတတ်ကြပါဘူး။ ဒါကြောင့် လူတစ်ယောက်မှာ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ ဘာတွေပြောင်းလဲ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
- အလုပ်လုပ်ဖို့ အချိန်မလုံမလောက်ဖြစ်နေပြီဟု စိုးရိမ်နေခြင်း
- ထိခိုက်ဒဏ်ရာရမှုမရှိဘဲ တစ်ကိုယ်လုံး ဟိုနေရာ၊ ဒီနေရာနာကျင်ကိုက်ခဲခြင်း (ဥပမာ-ခေါင်းကိုက်၊ ခါးနာ၊ အဆစ်နာခြင်း)
- သတိမေ့လွယ်တတ်ခြင်းနှင့် အာရုံစူးစိုက်မရခြင်း
- စိတ်တိုလွယ်ခြင်း၊ ပြဿနာသေးသေးလေးကိုပင် သည်းမခံနိုင်ဘဲ စိတ်တို၊ ဒေါသထွက်လွယ်ခြင်း
- ညဘက်ကောင်းစွာအိပ်မပျော်ခြင်း (သို့) သာမန်ထက်ပိုအိပ်ခြင်း
- အရာရာကို အလိုမပြည့်ဖြစ်ခြင်း၊ နားလည်ခွင့်လွှတ်နိုင်မှု မရှိခြင်း
- အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စွမ်း ခက်ခဲလာခြင်း
- ယခင်လုပ်နေကျ ပျော်ရွှင်စရာကိစ္စများအပေါ်တွင် ပျော်ရွှင်နှစ်သက်ခံစားမှု မရတော့ခြင်း
- အစားအသောက်ပျက်ခြင်းနှင့် အစာအာဟာရ မမှန်ဖြစ်လာခြင်း
- မိသားစုအတွင်း မကြာခဏ ပြဿနာတက်ခြင်း၊ စကားများရန်ဖြစ်လာခြင်း
- နဂိုလုပ်နေကျ စိတ်ဖိစီးမှုကို ပျောက်နိုင်သော အနားယူခြင်းနှင့် ပျော်စရာရွှင်စရာကိစ္စများဖြင့် စိတ်လက် အပန်းဖြေမရနိုင်တော့ခြင်း………
စတာတွေထဲက တချို့ (သို့) တစ်ချက်တည်းကအလွန် ဆိုးဝါးစွာရှိနေပြီဆိုရင်တော့ သင်စိတ်ဖိစီးမှုခံစားနေရပြီဖြစ်ပါတယ်။