• လူပျို၊ အပျို ဖြစ်ခါစဆယ်ကျော်သက်တွေမှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း အတွေ့ အကြုံ ဗဟုသုတ နည်းတာကတစ်ကြောင်း၊ အဆိုပါ ကာလသား ရောဂါခေါ် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ အများစုဟာ ဖြစ်ခါစအချိန်မှာ ဘာရောဂါလက္ခဏာကိုမှ မပြသတတ်တာက တစ်ကြောင်းတို့ကြောင့် လူပျို၊ အပျိုတွေအဖို့ ကိုယ့်မှာ ကာလသားရောဂါတွေ ရလို့ရမှန်း စောစောစီးစီး မသိကြဘဲ၊ ရောဂါ ပမာဏကြီးတဲ့အခါမှ သိကြရတော့ ရောဂါရဲ့ဒဏ်ကို ပိုခံစားရတတ်ပါတယ်။
  • ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက် (အပျော်အဖော်နဲ့ပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ပဲ ဖြစ်ဖြစ်) အောက်ဖော်ပြပါလက္ခဏာ တစ်ခုခုခံစားရပါက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ထံ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပြသ ကုသမှုခံယူဖို့လိုပါတယ်။
    (၁) ဆီးသွားရာ၌ နာကျင်ခြင်း၊ ဆီးပူခြင်း၊ ဝမ်းသွားရာ၌ နာကျင်ခြင်း။
    (၂) ပုံမှန်ဆင်းနေကျအဖြူထက် ပမာဏများတဲ့အပြင် အနံ့ဆိုး၊ ခပ်ညစ်ညစ်အဖြူများ ဆင်းခြင်း။
    (၃) ယားယံနာကျင်သော အရေပြားအကွက်များထပြီး မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အဖြူ၊ အရိအရွဲများ ဆင်း
    ခြင်း။
    (၄) ခါးကိုက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ တင်ပါးဆုံရိုးတွင်း ကိုက်ခဲခြင်း။
    (၅) ဆက်ဆံချိန်၌ အလွန်အမင်း နာကျင်ခြင်း။
    (၆) လိင်အင်္ဂါတစ်ဝိုက် (စအိုပတ်ဝန်းကျင် အပါအဝင်)၌ နာကျင်သော အလုံးအဖု၊ အနာစက်များဖြစ်လာခြင်း။
    (၇) အထက်ဖော်ပြပါ လက္ခဏာများနှင့်တွဲလျက် အဖျားဝင်လာခြင်း။
    (၈) ပါးစပ်နှင့် လိင်ဆက်ဆံမှုပြုပါက ပါးစပ်နှင့် ခံတွင်းအတွင်း ရောဂါလက္ခဏာများ ဖြစ်လာခြင်း
    (ဥပမာ-လည်ပင်းနာခြင်း)။
    (၉) စအိုတွင်းသို့ လိင်ဆက်ဆံပါက စအိုတစ်ဝိုက် ရောဂါလက္ခဏာများတွေ့ရှိရခြင်း။

မိမိမှာ ရောဂါရှိတယ်လို့ သံသယရှိခဲ့ရင် …

  • ဆယ်ကျော်သက်တွေ အများစုဟာ လိင်မှတစ်ဆင့် ကူးစက်တတ်သော ကာလသားရောဂါများနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတ မများသေးတာ ကတစ်ကြောင်း၊ အသက်အရွယ် ငယ်ရွယ်သူတွေ ဖြစ်တာကတစ်ကြောင်း အဆိုပါ ရောဂါလက္ခဏာတွေ မိမိမှာရှိပြီလို့သံသယ ဖြစ်မိတဲ့အခါ အလွန်ပဲ စိတ်လှုပ်ရှားပြီး ခြေမကိုင် မိ လက်မကိုင်မိဖြစ်ကာ စိုးရိမ်ထိတ်လန့်သွားကြပါတယ်။ တချို့ကလည်း အားကိုးလောက်မယ်ထင်ပြီး နီးစပ်ရာ(ကိုယ့်ထက်ကြီးတဲ့ အဖော်တွေထံမှရသော) ဆေးမြီးတိုတွေနဲ့ ကြိတ်ကုသကြပါတယ်။
  • ဒီလိုကြိတ်ကုသရင်းနဲ့ ပဲ မဖြစ်သင့်တာတွေ၊ မဆိုးဝါးသင့်တာတွေ ပိုဆိုးကုန်ပြီး ဒုက္ခရောက်ကြရတဲ့သူတွေမနည်းလှပါ။ ဒါကြောင့် မိမိမှာ ကာလသားရောဂါနဲ့ ပတ်သက်ပြီး ဝေဒနာလက္ခဏာ တစ်ခုခုရှိပြီလို့ သံသယရှိပြီဆိုရင် ရှက်ကြောက်ပြီး မိမိသဘောနဲ့ မိမိ ဆေးမြီးတိုတွေနဲ့ကုသမည့်အစား နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေကိုပဲ အားကိုးပါလို့ အကြံပြုပါရစေ။