ကမ္ဘာ့ကြီး၏လူဦးရေ


ကမ္ဘာ့လူဦးရေဟာ နှစ်စဉ်တိုးပွားလာလျက်ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့ လူဦးရေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ၁၉၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA = United Nations Population Fund) ကို စတင် တည်ထောင်ခဲ့သည်မှာ မိမိတို့ နေထိုင်လျက်ရှိတဲ့ ကမ္ဘာကြီးပေါ်မှာ လူဦးရေ ၂.၆ ဘီလီယံ ရှိခဲ့ရာက ယခု ၇.၇ ဘီလီယံအထိ တိုးပွားရောက်ရှိလာခဲ့ပါပြီ။ ယခုကဲ့သို့ နှစ်စဉ်လူဦးရေ တိုးပွားလာနေမှုကို သူ့ဘာသာသူ ဖြစ်ချင်သလို ဖြစ်ပါစေ ဆိုပြီး ပြစ်ထားလို့ မရပါဘူး။ လူဦးရေ တိုးပွားလာမှုကြောင့် သွယ်ဝိုက်သောအားဖြင့် ပတ်သက်ဂယက်ရိုက်ခတ်မှု တွေ များစွာရှိပါတယ်။ နမူနာအားဖြင့် သက်ဆိုင်ရာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ် အကိုင်ရရှိမှု၊ ဝင်ငွေပုံစံအမျိုးမျိုးနှင့် ရရှိမှု၊ ဆင်းရဲမွဲတေခြင်းနှင့် လူမှုရေးဆိုင်ရာ အကာ အကွယ်ရရှိမှု စသည်တို့ပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ ပညာရေး၊ နေထိုင်စရာ အဆောက်အဦ၊ ရေဆိုးရေညစ် ဖယ်ရှားသန့်ရှင်းရေးစနစ်များကို အကောင်းဆုံးပေးနိုင်အောင် ကြိုးစားဆောင်ရွက်နေမှုတွေ အပေါ်မှာလည်း ထိခိုက်စေလျက်ရှိပါတယ်။

ကမ္ဘာ့လူဦးရေနေ့
လူဦးရေဆိုင်ရာပြဿနာများကို အရေးကြီးကိစ္စနှင့် အမြန်ဆုံးဖြေရှင်းရန် လိုအပ်သော ကိစ္စများအဖြစ် ဦးစားပေးပြီး အာရုံစိုက်ဆောင်ရွက်ကြစေရန် ရည်ရွယ်ပြီးတော့ ကမ္ဘာပေါ်မှာ လူဦးရေ (၅) ဘီလီယံပြည့်သွားသော (၁၉၈၉) ခုနှစ်တွင် ကမ္ဘာ့လူဦးရေနေ့ဟူ၍ ကျင်းပရန် နေ့တစ်နေ့ကို သတ်မှတ်ခဲ့ကြပါတယ်။ ဒါနဲ့ပဲ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ (၁၁) ရက်နေ့မှာ ကမ္ဘာ့လူဦးရေနေ့ကို ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပါတယ်။ ယခု ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၁၁) ရက်နေ့မှာလည်း ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ကြပါတယ်။ ထုံးစံအတိုင်း ကမ္ဘာ့လူဦးရေနေ့ ကျင်းပတဲ့အခါ နှစ်စဉ် ဆောင်ပုဒ်များပေးပြီး ကျင်းပခဲ့ ကြရာမှာ ၂၀၂၀ ပြည့်နှစ်အတွက် ဆောင်ပုဒ်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ခါတော်မီ ကမ္ဘာ့ ကျန်းမာရေးပြဿနာနှင့် နှီးနွှယ်ပြီး “ကိုဗစ်-၁၉ ကာလ အမျိုးသမီးများနှင့် မိန်းကလေးများ၏ ကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ဘေးကင်းစိတ်ချရမှု”ဟူ၍ အမည်ပေးထားပါတယ်။ အမျိုးသမီးများနှင့် မိန်းကလေးများ၏ ကျန်းမာရေးဆိုင်ရာနှင့် အခွင့်အရေးဆိုင်ရာ ပြဿနာများဖြစ်တဲ့ မျိုးဆက်ပွားကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး၊ လိင်မှုကိစ္စ ဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် အာရှပစိဖိတ် ဒေသတွင်း ၂နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသော ကွန်ဖရင့် တစ်ခုရှိပါတယ်။ အဲဒါကတော့ APCRSHR ဖြစ်ပါတယ်။

APCRSHR – 1O


10th Asia Pacific Conference on Reproductive and Sexual Health and Rights မြန်မာလို “အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်မှုကိစ္စအခွင့်အရေးဆိုင်ရာ ညီလာခံ”ကို ၂၀၀၁ ခုနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ရာ ယခု နှစ် (၂၀၂၀) မှာတော့ ၁ဝကြိမ်မြောက် ကွန်ဖရင့်ကို အွန်လိုင်းမှာ ကျင်းပလျက်ရှိပါတယ်။ အွန်လိုင်းဆွေးနွေး ထုတ်လွှင့်မှုများဖြင့် ကျင်းပနေတဲ့ ကွန်ဖရင့်မှာ ပထမအကြိမ် ဆွေးနွေးထုတ်လွှင့်မှုကို ၂၉-၆-၂၀၂၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ဆွေးနွေးထုတ်လွှင့်မှုကို ၉-၇-၂၀၂၀ ရက်နေ့က ပြုလုပ်ခဲ့ရာမှာတော့ ကမ္ဘာ့လူဦးရေနေ့နှင့် နီးကပ်နေတာမို့ ခေါင်းစဉ်ကိုလည်း “Accelerating Rights and Choices for All in a Post-COVID Pacific” “ကိုဗစ်အလွန်ကာလ အာရှပစိဖိတ်ဒေသတွင်း အားလုံးအတွက် အခွင့်အရေးများနှင့် ရွေးချယ် စရာများကို အရှိန်မြှင့်တင်ခြင်း” ဟူ၍ ပေးခဲ့ပါတယ်။ ၂၀၂၀ လူဦးရေ အစီရင်ခံစာမှာ ဖော်ပြချက်အရ ကမ္ဘာပေါ်၌ ထောင်သောင်းများစွာသော မိန်းကလေးတွေ၊ အမျိုးသမီးတွေက နေ့စဉ်နှင့်အမျှ မိသားစုဝင်များကသော်လည်း ကောင်း၊ သူငယ်ချင်းများကသော်လည်းကောင်း၊ ပတ်ဝန်းကျင်လူ့အဖွဲ့အသိုင်းအဝိုင်းကသော် လည်းကောင်း သိသိကြီးနဲ့ အဲဒီမိန်းကလေးများ၊ အမျိုးသမီးများအား ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာပေါ်မှာပါ ထိခိုက်စေမှုတွေပြုလုပ်နေကြကြောင်း တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။ အဲဒီလို နဂိုကတည်းကမှ ထိခိုက်ခံစားရမှုတွေ ရှိနေကြရတဲ့အထဲမှာ ကိုဗစ်-၁၉ ကာလ မှာတော့ ပိုပြီး ခံစားကြရတာ ဖြစ်ပါတယ်။

ကြုံတွေ့ရသော စိန်ခေါ်မှုများ


ကိုဗစ်-၁၉ ကို ထိရောက်စွာထိန်းချုပ်ရာမှာ ကိုဗစ်လူနာဟု သံသယရှိသူများကို ထိတွေ့ဆက်ဆံခြင်းများ၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရပါတယ်။ အဲဒီသံသယလူနာသည် အမည်းစက်ထင်နေသူဖြစ်လျှင် နှိမ့်ချခွဲခြားဆက်ဆံခံရခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ သူစိမ်းဖြစ်နေ၍ စစ်ဆေးသူများက ကြောက်ရွံ့ခြင်းကို ခံရခြင်း စတဲ့ ပြဿနာများ ကြုံတွေ့ ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဘယ်လိုအကျိုးဆက်တွေဖြစ်လာလဲဆိုရင် ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးစောင့် ရှောက်မှု ကောင်းစွာမရတော့ဘူး။ သားဆက်ခြားခြင်း မလုပ်နိုင်တော့ဘူး။ ကျား/မ အခြေခံ အကြမ်းဖက်ခံရမှုတွေ များလာတယ်။ လိင်ကိစ္စဆိုင်ရာ အခွင့်အရေးနှင့် လိင်ကျန်းမာရေး စတဲ့ အခွင့်အရေးတွေ ကောင်းစွာမရတော့ဘူး။ အဲဒီလို နှီးနွှွယ်နေသောစိန်ခေါ်မှုများကို အာရှ ပစိဖိတ်ဒေသအတွင်းမှာ သိသာစွာ ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးဆိုင်ရာ အသိခံယူချက်တွေလည်း ပြောင်းလဲသွားခဲ့ကြရတယ်။ နမူနာအား ဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပုံမှန်အားဖြင့် သူ့ကိုယ်ဝန်ကို လာပြချင်သော်လည်း ပြရကောင်းမှန်သိသော်လည်း ဆေးရုံဆေးခန်းကိုလာရင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ထားသော လူနာတွေနှင့် ထိတွေ့ဆက်ဆံရမှာကြောက်လို့ မလာရဲခြင်း၊ လာရမှာကြောက်ရွံ့ခြင်း ဖြစ်သွား တယ်။ အဲဒီကနေ တစ်ဆက်တည်း စဉ်းစားကြည့်ရင် ကိုယ်ဝန်စောင့်ရှောက်မှုကောင်းစွာ မရ တဲ့အတွက် မိခင်သေဆုံးနှုန်းများလာနိုင်တယ်။ တချို့သောနိုင်ငံတွေမှာဆိုရင် သန္ဓေတားဆေး တွေ ပြတ်လပ်သွားတာမျိုး ဖြစ်နိုင်တယ်။ အဲဒီကတစ်ဆင့် မလိုချင်ဘဲ ယူလိုက်ရတဲ့ ကိုယ်ဝန် ဆောင်မှုတွေ ပိုများလာမယ်။ အိမ်ပြင်မထွက်ရ Lock down ကာလအတွင်း အိမ်ထဲမှာပဲ ရှိနေစဉ် အကြမ်းဖက်တတ်လေ့ရှိတဲ့ လင်ယောက်ျားရဲ့ အနိုင်ကျင့်ခံရမှုတွေ ပိုများလာပါတယ်။ ဒီလို ထိခိုက်စေမှုတွေက ကိုဗစ်-၁၉ ကာလလွန်မြောက်သွားရင်တောင်မှ နောက်ထပ် ဆယ်စုနှစ်တွေအတွင်း အကျိုးဆက်တွေ ဆက်လက်ခံစားနေရဖွယ် အလားအလာရှိပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ခုလုံးကို စိန်ခေါ်တဲ့ ကပ်ရောဂါလိုဟာမျိုးကို တုံ့ပြန်ထိန်းချုပ်ရာမှာ ဘက်ပေါင်းစုံမှ စဉ်းစားချဉ်းကပ်ခြင်းသာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြဆိုနေပါတယ်။ APCRSHR-1O ရဲ့ ဒုတိယအကြိမ် ဆွေးနွေးထုတ်လွှင့်မှုမှာ UNFPA ရဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အင်ဒါဆင်က ကိုဗစ်-၁၉ တုံ့ပြန်ထိန်းချုပ်ရေးကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ လိင်ကိစ္စအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေး စသည်တို့နှင့် ပတ်သက်လာလျှင် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးနဲ့ ရွေးချယ်ခွင့်များအကြောင်းကို ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပခဲ့သော ညီလာခံတစ်ခုအကြောင်း သိမှ ဖြစ်ပါတယ်။ ICPD လို့ ခေါ်ပါတယ်။

ICPD-1994


လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာညီလာခံ (International Conference on Population and Development = I C P D – 1994) ညီလာခံကို ၁၉၉၄ ခုနှစ်၌ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံပေါင်း (၁၇၉) မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အစီအစဉ်တစ်ခု အကောင်အထည်ဖော် လှုပ်ရှားဆောင်ရွက်ရန် သဘော တူခဲ့ရာ အဲဒီအစီအစဉ်တွေကတော့ ကျား/မတန်းတူအခွင့်အရေး၊ လူ့အခွင့်အရေးတို့ အပေါ်တွင် အခြေခံသော မူဝါဒများနှင့် အစီအစဉ်များ ချမှတ်ခဲ့ကြပါတယ်။ ဘယ်အချိန် ဘယ် အသက်အရွယ်မှာ ဘယ်သူ့ကို လက်ထပ်ရန် ရွေးချယ်နိုင်သော အခွင့်အရေး၊ ဘယ်အချိန်တွင် ကလေးယူမလဲ၊ ဘယ်နှစ်ယောက်ယူမလဲ၊ ဘယ်သူနဲ့ ယူမလဲ ရွေးချယ်ခွင့်တွေလည်း ပါဝင်ပါတယ်။ အဆိုပါ ညီလာခံပြီးတဲ့နောက် (၂၅) နှစ်အကြာမှာ အာရှပစိဖိတ်ဒေသအတွင်း သိသာ သော တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ အဆိုပါတိုးတက်မှုများကို နိုင်ရူဘီတွင် ၂၀၁၉ ခုနှစ်က ပြန်လည်သုံးသပ်ခဲ့ရာ မိခင်သေဆုံးနှုန်းများ ကျဆင်းလာတယ်။ သားဆက်ခြားခြင်းအတွက် လိုအပ်သော နည်းလမ်းများနှင့် ဆေးဝါးများ ပိုမိုရရှိလာတယ်။ ကျား/မ အခြေခံ အကြမ်း ဖက်ခံရမှုနှင့် မိန်းကလေးများနှင့် အမျိုးသမီးများအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော အပြုအမူတွေ နည်းလာတယ်။ သို့သော်လည်း သိသာထူးခြားသော ကွာဟမှု တွေကရှိနေဆဲပါပဲ။ ရောဂါထိန်းချုပ်ရေးကာလအတွင်းမှာတော့ အဲဒီကွက်လပ်ကို ဖြည့်စွက် ရာမှာ စိန်ခေါ်မှုတွေ ပိုများလာပါတယ်။ စိန်ခေါ်မှုများကို ဖြေရှင်းရာမှာ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာအစိုးရများအနေနဲ့ ICPD အစီအစဉ်များဆောင် ရွက်ရန် ကတိကဝတ်ပြုထားမှုများကို တာဝန်ယူကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စဉ်ဆက်မပြတ် ထိန်းသိမ်းရမည့် ပန်းတိုင်များ (SDGs) ရရှိအောင်လည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့မှသာလျှင် ကိုဗစ်-၁၉ အလွန်ကာလ အာရှပစိဖိတ်ဒေသကို ပိုမိုကောင်းမွန်စွာ တည် ဆောက်နိုင်မှာ ဖြစ်ပါတယ်။

SHR – Sexual Health and Rights


ဆွေးနွေးထုတ်လွှင့်မှုမှာ ထည့်သွင်းခဲ့တဲ့ အရေးကြီးအကြောင်းအရာတစ်ခုကတော့ SHR –Sexual Health and Rights လို့ခေါ်တဲ့ မျိုးဆက် ပွားကျန်းမာရေးနှင့် လိင်ကိစ္စဆိုင်ရာ အခွင့်အရေးများဖြစ်ပါတယ်။
အွန်လိုင်းဆွေးနွေးထုတ်လုပ်မှု အစီအစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံမှ ဘလော့ဂါ အမျိုး သမီးတစ်ဦးက လိင်ကျန်းမာရေးပညာပေးခြင်းနှင့် ပတ်သက်ပြီး ရှေးရိုးဆန်မှုများရှိနေသော လူ့ အဖွဲ့အစည်းတစ်ခုအတွင်း YouTube ချန်နယ်မှတစ်ဆင့် ဆွေးနွေးထုတ်လွှင့်ပေးနေမှုနှင့် ပတ် သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။ နားလည်တတ်ကျွမ်းသူများက မှန်ကန်တိကျသော လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို လူငယ်များနားလည်လွယ် အောင် လုပ်ပေးဖို့လိုကြောင်း သို့မဟုတ်ပါက လူငယ်များအနေနဲ့ ညစ်ညမ်းလိင်ကိစ္စရေးသား ထားသော စာပေများ၊ ညစ်ညမ်းဗီဒီယိုများကိုသာ ကြည့်ရှုရုံနှင့်သာ ကျေနပ်နေကြကြောင်း ဆွေးနွေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်မှာတင်နေကြရသောကာလ၌ အင်တာ နက်ဆက်သွယ်ရေးအရေးကြီးပုံနှင့် လက်လှမ်းမီနိုင်ရေးကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ တရုတ် နိုင်ငံမှ အသက် (၁၀)နှစ်အရွယ်ကလေးဘဝကတည်းက မျက်စိ ၂ဖက်စလုံး ကွယ်ခဲ့ရသော ယခုအသက် (၃၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မျက်မမြင်တစ်ဦးကလည်း မသန်စွမ်းသူများနှင့် လိင်မှုကိစ္စအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်ပြီး အခွင့်အရေးများ ထိခိုက်နေ မှုအကြောင်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအခြေအနေ


မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၅၄.၄ သန်းရှိနေပါပြီ။ လူဦးရေ တိုးနှုန်းက တစ်နှစ်လျှင် ပျမ်းမျှ ၀.၆ ရာခိုင်နှုန်း ရှိပါတယ်။ မိခင်သေဆုံးနှုန်းက အရှင်မွေး တစ်သိန်းလျှင် (အရှင်မွေးနိုင်ခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်သိန်းလျှင်) သေဆုံးနှုန်း က အနိမ့်ဆုံး ၁၈၂ နဲ့ အမြင့်ဆုံး ၃၅၁ ကြားမှာရှိမယ်လို့ ၂၀၁၇ စာရင်းအရ ခန့်မှန်းထားပါ တယ်။ (SDGs တွင် ကိုယ်ဝန်တစ်သိန်းလျှင် မိခင်သေဆုံးနှုန်း ၇၀ အောက် ရောက်ရမယ်လို့ သတ်မှတ်ထားပါတယ်။) သားဆက်ခြားခြင်းပြုလုပ်နိုင်တဲ့နှုန်းက (မျိုးပွားအရွယ်အမျိုးသမီး များရဲ့) ၃၃ ရာခိုင်နှုန်းသာလျှင်ရှိပြီး ကိုယ်ဝန်မလိုချင်သော်လည်း သန္ဓေတားရန် နည်းလမ်း မသိလို့သော်လည်းကောင်း၊ သန္ဓေတားဆေးလက်လှမ်းမမှီလို့သော်လည်းကောင်း ကိုယ်ဝန်မရှိ အောင် မတားနိုင်တဲ့ အမျိုးသမီးက ၈ ရာခိုင်နှုန်း ရှိနေပါတယ်။ မြန်မာနိုင်ငံတွင် လိင်ကျန်းမာရေးပညာပေးခြင်းကိစ္စ ပိုမိုပီပြင်အောင် ဆောင်ရွက် ပေးရန်၊ လူတစ်ဦးချင်းအနေနဲ့ မိမိကိုယ်ကို ကျား/မ လား၊ လိင်တူဆက်ဆံသူလား၊ လိင်ပြောင်း လဲခွဲစိတ်ခံယူထားသူလား၊ မွေးကတည်းက လိင်မကွဲပြားသူလား စသဖြင့် လိင်အမျိုးအစားကို မိမိစိတ်ကြိုက်ရွေးချယ်ခွင့်နဲ့ ပတ်သက်လို့လည်း နိုင်ငံသားတိုင်း၌ အခွင့်အရေးတွေ ရှိနေ တယ်ဆိုတာ အသိပေးဖို့လိုနေပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်။

ဒေါက်ထွေး (ဆေး/မန်း)

Photo Credit : UNFPA, mdn.gov.mm